သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြလူငယ်တွေနဲ့ ကယားပြည်နယ်အစိုးရ တွေ့ဆုံညှိနှိုင်း


ဆန္ဒပြလူငယ်များ (Union of Karenni State Youth - UKSY)
ဆန္ဒပြလူငယ်များ (Union of Karenni State Youth - UKSY)

ကယားပြည်နယ် လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခဲ့တာနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာမှာ ဒီကနေ့မှာတော့ ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကို ရာဘာကျည်တွေသုံး လူစုခွဲနှိမ်နင်းခဲ့တဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပြီး၊ ဒဏ်ရာ ရသူတချို့လည်း ရှိခဲ့ပါတယ်။ ကယားပြည်နယ် အစိုးရက ၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကန္ဒာဟေဝန်ပန်းခြံမှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ဒီအကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ခဲ့တာပါ။ အဲဒီနောက် ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူတွေကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့မှာပဲ တွေ့ဆုံပြီး စေ့စပ်ညှိနှိုင်းတာတွေ လုပ်ခဲ့ပြီး သဘောတူညီချက်တချို့ ရရှိခဲ့တယ်လို့ ညှိနှိုင်းပွဲမှာပါဝင်တဲ့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီဒူး က ပြောပါတယ်။ မမေခက ဆက်သွယ် မေးမြန်းထားပါတယ်။

မမေခ။ ။ ဒီနေ့ ဆွေးနွေးမှုရလဒ်ပေါ့နော်၊ အစိုးရနဲ့ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမှုရလဒ် အခြေအနေက ဘယ်လိုများရှိပါသလဲရှင့်

ခွန်ဘီဒူး။ ။ အခြေခံအားဖြင့်တော့ သဘောတူညီမှုတခုရသွားတာပေါ့လေ။ သဘောတူညီမှုအကြမ်း၂ ခုပေါ့နော် ။ နံပတ်၁ကတော့ ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့မှ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီရယ် သပိတ်ကော်မတီရယ် ညှိကြမယ်ပေါ့နော် အစိုးရကတော့ ဝင်မပါဘူး၊ အစကတည်းကလည်း မပါထားတဲ့အတွက် အစိုးရ ဝင်မပါတဲ့ ညှိနှိုင်းမှုတွေလုပ်သွားမယ်ပေါ့နော်။ အဲဒီညှိနှိုင်းမှုတွေမှာ ကြေးရုပ်ကို ဆက်ထားမထား ၊ မထားဘူးဆိုလည်း ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေ အသေးစိတ်ရလဒ်ကတော့ ကျနော်တို့မသိသေးဘူး ဒါပေမယ့် အရပ်သားကော်မတီတွေ သီးခြားညှိနှိုင်းကြမယ်ဆိုတဲ့ သဘောတူညီချက်တခုပါ။ နောက်တခုက တက်ရောက်ကန့်ကွက်တဲ့လူတွေကို တရားစွဲထားတာတွေရှိတယ်။ လူ ၆၀ ဝန်းကျင်လောက်အထိရှိတယ်။ အဲဒီလူတွေအားလုံးကို အမှုကနေ ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားတာ ရှိပါတယ်ခင်ဗျ။ နံပတ် ၃ ကတော့ ကြားကာလလေးမှာ ၁ လလောက်အချိန်ယူပြီးမှ ကြေးရုပ်ကို ဘာထောက်ခံပွဲတွေ၊ ကန့်ကွက်ပွဲတွေ မလုပ်ဖို့အတွက် အခြေခံ ၃ ချက်နဲ့ သဘောတူညီမှုတွေရသွားတယ်ပေါ့နော်။

မမေခ။ ။ဒီကြားထဲမှာပဲ အကိုတို့က တဖက်နဲ့တဖက် အသေးစိတ်ဆွေးနွေးကြရမယ်ဆိုတဲ့သဘောဆိုတော့ ဘယ်နေ့လောက်များစပြီးဆွေးနွေးမယ်လို့ ပြောဆိုထားတာတွေ ရှိပါသလဲ။

ခွန်ဘီဒူး။ ။ညှိနှိုင်းရေးကော်မတီကတော့ ၂ ဖက်ကော်မတီပဲ ခင်ဗျ။ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတခုရှိတယ်၊ ဒီဘက်ကတော့ ကန့်ကွက်ရေးကော်မတီတွေရှိတယ်။ ဒီကော်မတီတွေက သီးခြားပေါ့နော် ချိန်းပြီးမှ တွေ့သင့်တဲ့ကော်မတီတွေဖြစ်တယ်။ ဒီနေ့ကနေ စမယ်ခင်ဗျ။ ဒီနေ့ကနေ တလအတွင်းပေါ့နော် အသီးသီးညှိနှိုင်းဖို့ဖြစ်တယ်။ အဲဒီအပေါ်မှာ ညှိနှိုင်းမှုတွေရမယ်လို့ ယူဆထားတယ် အဲဒီအပေါ်မှာမူတည်ပြီးတော့ ဘယ်သူမဆို အစိုးရဘက်ကလည်း ချွင်းချက်မရှိ လိုက်လျောရမယ်ပေါေ့နာ် အဲဒါတွေအားလုံးပါတယ်ခင်ဗျ။

မမေခ။ ။ဒီနေ့ဆန္ဒပြပွဲအတွင်း အစိုးရဘက်က နှိမ်နင်းတာမှာ အယောက် ၂၀ လောက်တော့ ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ ဒါကလည်း နည်းနည်းများတဲ့ ပမာဏဖြစ်နေတော့ ဒီအပေါ်မှာ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကနေ တစုံတခုပြန်လုပ်ပေးမယ် ဆိုတဲ့ ကတိကဝတ်မျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ်အစိုးရအနေနဲ့ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် တစုံတခုပြောလာတာမျိုးများရှိခဲ့ပါသလား။

ခွန်ဘီဒူး။ ။လောလောဆည်တော့ ထိခိုက်ဒဏ်ရာရတဲ့လူတွေနဲ့ ပတ်သက်ပြီးမှ တခုမှ ပြောထားခြင်းမရှိဘူးခင်ဗျ။ ကျနော်တို့ ကော်မတီဘက်ကပဲ လောလောဆည်တာဝန်ယူရမယ့် အနေအထားဖြစ်တယ်။ ဒဏ်ရာရတဲ့လူတွေလည်း လုံး၀ နလံမထူနိုင်တဲ့ဒဏ်ရာမျိုးတွေမဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဒဏ်ရာရတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ သဘောတူညီမှုတစုံတရာရရှိထားတာမရှိဘူးခင်ဗျ။

မမေခ။ ။အခုကတော့ ဆွေးနွေးညှိနှိုင်းမှုပြီးသွားပြီပေ့ါနော်။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာထက် ညှိနှိုင်းမှုတခုကတော့ လုပ်ပြီးသွားပြီဆိုတဲ့သဘောပေါ့နော်။ အဲဒီတော့ အခုလက်ရှိပေ့ါနော်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရကိုင်တွယ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အကို့အနေနဲ့ ဘာများပြောနိုင်ပါသလဲ။

ခွန်ဘီဒူး။ ။နံပတ် ၁ ကတော့ ကြေးရုပ်ဖြစ်မြောက်ရေးကို အတင်အဓမ္မလုပ်ခဲ့တာကတော့ အစိုးရကြောင့်ပဲ ။ ကြေးရုပ်ကို မဖြစ်မနေ တင်တယ်။ ကြေးရုပ်ကို ထားမယ်ဆိုတာ အားလုံးက သူတို့ပ။ဲ နောက်သူတို့မလုပ်သင့်ဘူးလို့ ပြောလာတဲ့အခါမှာ ကော်မတီကို အတင်းဖွဲ့ခိုင်းပြီး လက်လွဲလုပ်ခဲ့တာလည်း အစိုးရပဲပေါ့နော်။ နောက်ပြီး ဖမ်းဆီးတာတွေ ထောင်ချခိုင်းတာတွေ အားလုံးကလည်း အစိုးရလုပ်ရက်တွေပေ့ါနော် ဆိုတော့ တလျောက်လုံးက အစိုးရက ဒီအပေါ်မှာ မှားယွင်းခဲ့တယ်လို့ ကျနော်တို့ ပြောချင်တယ်ပေါ့နော်။ ဒီနေ့ ဆန္ဒပြပွဲမှာဖြစ်ခဲ့တာက ပြည်ထောင်စုနေ့မှာ ပြည်ထောင်စုကို တော်တော်ရုပ်ဆိုးစေတဲ့ အရာမျိုးဖြစ်တယ်။ ဒီနောက်ကွယ်မှာတော့ ဆန္ဒပြတဲ့လူတွေကတော့ မရရင် နောက်ထက် ဆိုးဝါးတဲ့ ဆန္ဒပြမှုတွေ လုပ်ဖို့ရှိတယ်ခင်ဗျ ဆိုတော့ နောက်ဆုံး ပြည်ထောင်စုအစိုးရကနေ မဖြစ်မနေ ညှိနှိုင်းမှုတွေ လုပ်ပေးလိုက်တာဖြစ်တယ်။ ပြည်ထောင်စုအစိုးရကတကယ်တမ်း ဝင်ပါသင့်တာကြာပြီပေါ့နော်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတည်းက ပြည်ထောင်စုအစိုးရက ဝင်ပါသင့်တယ်။ အဲဒါတွေအားလုံးကို ပြည်ထောင်စုအစိုးရကလည်း ပျက်ကွက်ခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒီလိုအဖြစ်အပျက်မျိုးတွေ သင်ခန်းစာယူသင့်တယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အနစ်သာရတွေ ၊ တိုင်းရင်းသားတွေ ခံယူချက်ထဲမှာ မဖြစ်မနေ ရပ်တည်ရတာမျိုးတွေရှိတယ်။ အဲဒါကို နားလည်ဖို့လိုတယ်။ အစိုးရကလည်း ဒါကိုကိုင်တွယ်တတ်ဖို့ အင်မတန်လိုအပ်တယ် ဒီအပေါ်မှာ အစိုးရအတွက် သင်ခန်းစာဖြစ်မယ်။ အစိုးရက အမှားတွေများစွာပေါ်မှာ သင်ခန်းစာယူသင့်တယ်လို့ ပြောချင်ပါတယ်ခင်ဗျ။

ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီဒူး ကို မမေခက ဆက်သွယ် မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG