သုံးရလွယ်ကူစေသည့် Link များ

Trump - Kim ဒုကြိမ်ဆွေးနွေးပွဲ သမ္မတ Trump အကောင်းမြင်


မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှု အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထိပ်သီးဆွေးနွေးပွဲကို အကောင်းမြင်ကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုပါတယ်။

နျူးကလီးယား ကင်းစင်ရေး ပထမ အကြိမ် စကာၤပူ ထိပ်သီးဆွေးနွေးပွဲမှာ ရရှိထားတဲ့ တိုးတက်မှုတွေ ဆက်လက် ဖြစ်ထွန်းဖို့ နှစ်ဘက်စလုံးက မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတက တွစ်တာ လူမှုကွန်ယက်မှာ တနင်္ဂနွေနေ့က ရေးသားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ပထမဆုံး အကြိမ် ထိပ်သီးဆွေးနွေးအပြီး ဝါရှင်တန်ကို ပြန်လာတဲ့ သမ္မတ Trump က မြောက်ကိုရီးယားရဲ့ နျူးကလီးယား ခြိမ်းခြောက်မှု မရှိတော့ပါဘူး။

သူတာဝန် စယူတဲ့ နေ့ကထက် အခုအချိန်မှာ ပိုပြီး ဘေးကင်းလုံခြုံမှု ရှိတယ်လို့ ခံစားနိုင်ပါပြီလို့ ပြောခဲ့တာပါ။ ဒါပေမယ့်လည်း လာမယ့် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တို့မှာ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တော်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ အချိန်မှာတော့ မြောက်ကိုရီးယားတို့ဘက်က ကတိပြုထားတဲ့ နျူးကလီးယား ကင်းစင်ရေး အတွက် အသေးစိတ် သတ်မှတ်ဆောင်ရွက်မှုတွေမှာတော့ သိသာတဲ့ တိုးတက်မှုတွေ မရှိသလောက် ဖြစ်နေပါတယ်။

မြောက်ကိုရီးယားဘက်က နျူးကလီးယား အပြည့်အ၀ ကင်းစင်ပါပြီဆိုတာကို အတည်မပြုနိုင် မချင်း မြောက်ကိုရီးယား အပေါ် အမေရိကန်ရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပြောင်းအလဲ မရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က CNN ရုပ်သံကို တနင်္ဂနွေနေ့မှာ ပြောဆိုထားပါတယ်။ တောင်ကိုရီးယားနိုင်ငံလို စီးပွားရေး အင်အားကြီး နိုင်ငံ တခုဖြစ်လာရေး၊ မြောက်ကိုရီးယား နိုင်ငံကို လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ် ရပ်တည်နိုင်ရေး အတွက် အမေရိကန်ဘက်က လုံခြုံရေး အာမခံချက် ပေးလိုကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယား လက်နက်တွေကို ဘယ်အချိန်မှာ ဘယ်လို ပုံစံ ဖျက်သိမ်းမလဲ ဆိုတဲ့ အပေါ် သဘောတူညီချက်ရဖို့တော့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG