အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့ဟာ တရုတ်နိုင်ငံကူမင်းမြို့ တွေ့ဆုံပွဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့သလို မြောက်ပိုင်း အဖွဲ့တွေဘက်ကတော့ Bilateral ခေါ် နှစ်ဘက်သဘောတူစာချုပ်ကို စုပေါင်းရေးထိုးဖို့ လိုလားကြောင်း ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ အလွတ်သဘောဆွေးနွေးပွဲမှာတော့ တိကျတဲ့ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘဲ နှစ်ဘက်လုံးက အထက်ကို ပြန်လည်တင်ပြပြီး ထပ်မံ ဆွေးနွေးဖို့ ညှိနှိုင်းခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီလ ၂၅ရက်နေ့က တွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံပွဲမှာ NRPC ဘက်က အဓိက ဆွေးနွေးတဲ့အချက်တွေကို အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။
“ ကျနော်တို့ အစိုးရဘက်ကတော့ လက်ရှိဆောင်ရွက်နေတာတွေကို ရှင်းပြတယ်။ NCA လက်မှတ် အမြန်ဆုံးရေးထိုးနိုင်ဖို့ အတွက် လိုအပ်ချက်တွေနဲ့ ဆောင်ရွက်နိုင်တဲ့ ဟာတွေကို ကျနော်တို့ဘက်ကတော့ ရှင်းပြပြီးတော့ တိုက်တွန်းခဲ့တယ်ပေါ့လေ။ ကျနော်တို့ ဘက်က ဆောင်ရွက်တာတော့ အဲလောက်ပါပဲ။ သူတို့အဖွဲ့ ၄ဖွဲ့ဘက်က ပြန်လှန်ပြီးတော့ ဆွေးနွေးတာရှိတယ်။ ကျနော်တို့ရဲ့ ဦးတည်ချက်ကတော့ NCA လက်မှတ် အမြန်ဆုံးရေးထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို ရှင်းပြရတာပဲ အဓိက ရှိပါတယ်။”
မြောက်ပိုင်း ၄ဖွဲ့တွေ့ဆုံဖို့ကို ဇန်န၀ါရီလအတွင်းက ကျင်းပတဲ့ NRPC နဲ့ KIA ရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ KIA ဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကို UWSA (၀) ၊ NDAA မိုင်းလား၊ SSPP ၀မ်ဟိုင်းအဖွဲ့ သုံးဖွဲ့ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
မြောက်ပိုင်း ၄ဖွဲ့ဘက် မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ Bilateral ခေါ် နှစ်ဘက်သဘောတူစာချုပ်ကိုရ အရင် လက်မှတ်ရေးထိုးဖို့ လိုလားကြောင်း ဆွေးနွေးခဲ့တယ်လို့ TNLA တအန်း(ပလောင်) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။
“ ကျနော်တို့ဘက်ကမှာ ကျနော်တို့ အဆိုက ကျနော်တို့ ဒီ Bilateral ကိစ္စကို သွားမယ်ဆိုရင်တော့ ၄ဖွဲ့လုံးအတူတူထိုးမယ်။ တစ်နေရာတည်း တစ်ပြိုင်တည်း ထိုးမယ်ပေါ့။ ဒီဟာကလည်း သူတို့ ဘာမှတော့ အဖြေမပေးနိုင်ဘူး။ သူတို့ အထက်ကို ပြန်တင်ပြ၊ အကြောင်းပြန်မယ်တော့ ပြောပါတယ်။”
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထားကို အခုလို ဆက်ပြောပါတယ်။
“ အခု ကျနော်တို့ ၄ဖွဲ့နဲ့တွေ့တာက ကျနော်တို့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့ဖြစ်တာပေါ့နော်။ ဒီဟာက ၄ဖွဲ့နဲ့တွေ့ဆုံတာဖြစ်တယ်။ တစ်ကယ့်နိုင်ငံရေးဆွေးနွေးပွဲဆိုရင်တော့ ကျနော်တို့က ၇ဖွဲ့ပါမှပဲ အဆင်ပြေမယ်။ ကျနော်တို့ ရပ်တည်ချက်လည်း အဲလိုမျိုးရှိတယ်။ အဲဒါကြောင့် NCA ဖြစ်ဖြစ် ဘာလမ်းကြောင်းပဲဖြစ်ဖြစ် အစိုးရနဲ့ FPNCC နဲ့ တွေ့ဖို့တော့ လိုတယ်။ ကျနော်တို့ အဲလိုမျိုးသူတို့ကို ပြောထားတာတော့ ရှိတယ်။ သူတို့လည်း အထက်ကို ပြန်တင်ပြမယ်လို့တော့ ပြောတာပေါ့နော်။”
FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ UWSA(၀) ၊ NDAA မိုင်းလားနဲ့ SSPP ၀မ်ဟိုင်းအဖွဲ့တွေပါဝင်တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေအပြင် စစ်ရပ်စဲထားတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ထိုးစစ်တွေရှိတာကြောင့် တိုက်ပွဲဖြစ်နိုင်တဲ့အလားအလာတွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက လက်ရှိ NRPC နဲ့ မြောက်ပိုင်း ၄ဖွဲ့ ဆွေးနွေးတဲ့ အခြေအနေအပေါ်မှာ အခုလို သုံးသပ်ပါတယ်။
“ လောလောဆည် NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တင်တဲ့လမ်းကတော့ အခု ၄ဖွဲ့ကို Deed of commitment DOC ထိုးပြီး သတ်မှတ်ချိန်ကာလအတွင်းမှာ NCA ထိုးဖို့ပဲ။ ဆိုလိုတာက သဘောတူညီချက်ရပြီး မကြာခင် NCA ထိုးမယ်ဆို လက်ခံမယ်ဆိုတဲ့ဟာပဲ။ အမြန်ဆုံး NCA ထိုးစေချင်တယ်။ ဟိုဘက်က ၄ဖွဲ့ကတော့ လောလောဆည် အပစ်အခတ်ရပ်စဲရေး ကျန်တဲ့ ၃ဖွဲ့လိုပဲ Bilateral အရင်ထိုးမယ်။ ထိုးပြီးရင် NCA ထိုးဖို့အတွက် ဆွေးနွေးမယ်။ NCA က ထိုးမယ်ဆို ၇ဖွဲ့လုံးအတူတူ ထိုးမှာကိုး။ ဒါအပြင် NCA နဲ့ ပတ်သက်ပြီး တချို့အချက်တွေနဲ့ပတ်သက်ပြီး သူတို့မှာ ပြောစရာရှိတယ်ဆိုတဲ့အမြင်မျိုးရှိတယ်။ ပြင်ဖို့လိုအပ်တာ၊ ဒါမှမဟုတ် ဖြည့်စွက်ဖို့ လိုအပ်တာ အစရှိသည်ဖြင့်ပေါ့နော်။ အဲလို အမြင်မျိုးရှိတယ်။ အဲဒီအဟလေးကို ညှိလို့ မရသေးတာလို့ မြင်တယ်။ ”
၂၀၁၅ခုနှစ် အောက်တိုဘာလမှ NCA လက်မှတ်ရေးထိုးစဉ်က TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးဖို့ကို တပ်မတော်ဘက်က လက်မခံခဲ့သလို အားလုံးမပါဝင်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက ပါဝင် လက်မှတ်မရေးထိုးခဲ့ပါဘူး။
အဲဒီနောက်ပိုင်းမှာတော့ တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်၇ဖွဲ့ FPNCC ကို ဖွဲ့စည်းပြီး NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
တနင်္လာနေ့က ကျင်းပတဲ့ အစည်းအဝေးမှာတော့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်က ဦးဆောင်တက်ရောက်ပြီး လတ်တလော အစိုးရတပ်မတော်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ AA ခေါ် ရက္ခိုင်တပ်မတော်ကတော့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ပါဝင် တက်ရောက်ခဲ့ပါတယ်။