သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ တရုတ်စီးပွါးရေးပေါ်လစီ ဝန်ကြီးချုပ် Li Keqiang ချပြ


တရုတ်ဝန်ကြီးချုပ် Li Keqiang က ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး စီးပွားရေးမှာ ဒီနှစ်ကစလို့ ခက်ခက်ခဲခဲ ရုန်းကန်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးက နှေးကွေးနေပြီး အမေရိကန် ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေ ဆက်ဖြစ်နေတာနဲ့ အတူ ကြီးမားတဲ့ အခက်အခဲတွေ၊ စွန့်စားရမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဗွီအိုအေ သတင်းထောက် Bill Ide ဘေဂျင်းမြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။

တရုတ်နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ရေး အခွန်ဖြတ်တောက်ဖို့နဲ့ တီထွင်ဖန်တီးမှုတွေကို ဦးစားပေး ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း တရုတ် ဝန်ကြီးချုပ် Li Keqiang က တရုတ်ပြည်သူ့ ကွန်ဂရက်စ်ကို တင်သွင်းတဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီနှစ်မှာ တရုတ်ရဲ့ ဖွံ့ဖြိုးမှု ၆ ရာခိုင်နှုန်းကနေ ၆ ဒသမ ၅ ရာခိုင်နှုန်းကြား ရှိလာစေဖို့ ရည်မှန်းချက် ချထားကြောင်းလည်း တရုတ် ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ဝန်ကြီးချုပ် Li ရဲ့ မိန့်ခွန်းက တည်ကြည်လေးနက်ပြီး တည်ငြိမ်ရေး ၊ တည်ငြိမ်မှု ဆိုတာကို အကြိမ် ၇၀ ကျော် ထည့်သွင်း ပြောဆိုသွားပါတယ်။ စတော့ဈေးကွက်၊ ဘဏ္ဍာရေး ကဏ္ဍ၊ အလုပ်လက်မဲ့၊ မျှော်လင့်ချက်တွေ နောက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တည်ငြိမ်ဖို့ လိုအပ်တယ်ဆိုတာ အပြင် အမေရိကန် ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး မပြေလည်မှုတွေကိုလည်း ထည့်သွင်း ပြောပါတယ်။

"ဒီနှစ်မှာ ဖွံ့ဖြိုးရေးအတွက် အာရုံစိုက် လုပ်ဆောင်ဖို့ ရှိနေတာနဲ့ အတူ လုပ်ရကိုင်ရတဲ့ ဝန်းကျင်က ပိုပြီး ရှုပ်ထွေး ကျယ်ပြန့်မှာပါ။ စွန့်စားရမှုတွေ အခက်အခဲတွေကလည်း အရေအတွက်ရော အရွယ်အစားရော များပြား ကြီးထွားမှာပါ။ ခက်ခက်ခဲခဲ ရုန်းကန်ဖို့ အပြည့်အ၀ ပြင်ဆင်ကြရပါမယ်။"

တရုတ် အစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက် အခက်အခဲတွေထဲမှာ ကုန်သွယ်ရေး တင်းမာမှုတွေနဲ့ သွင်းကုန်ခွန် အရေးလည်း ပါဝင်နေပါတယ်။ တရုတ် နည်းပညာလုပ်ငန်းကြီး Huawei ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲကို လွှဲပြောင်းပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားပါတယ်။ ဒါ့အပြင် Huawei ကုမ္ပဏီကြီးနဲ့ တရုတ် အစိုးရကြား ပတ်သက်ဆက်နွယ်မှုတွေ အားလုံက ရှုပ်ထွေးတဲ့ အခြေအနေမျိုး ဖြစ်လာမယ့် အပေါ်မှာလည်း အမေရိကန်ဘက်က စိုးရိမ်နေတာပါ။ ဒါပေမယ့်လည်း အမေရိကန်နဲ့ တရုတ် တာဝန်ရှိသူတွေ ကြားမှာတော့ သဘောတူညီချက် တခု ရနိုင်တယ်လို့ အကောင်းမြင်ထားကြဆဲ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကတော့ ရှေ့လာမယ့် သတင်းပတ်တွေ အတွင်း ထူးခြားတဲ့ ကြေညာချက် တခုရှိလာနိုင်တယ်လို့ မျှော်လင့်တဲ့ အကြောင်း တနလာၤနေ့က ပြောပါတယ်။ တရုတ် အစိုးရရဲ့ နှစ်ပတ်လည် နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ ပြင်ပမှာ တရုတ် ကုန်သွယ်ရေး ဝန်ကြီး Zhong Shan က နှစ်နိုင်ငံကြား သဘောတူညီချက် တချို့ရဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

"လက်ရှိမှာတော့ လုပ်စရာတွေကလည်း အများကြီး ရှိနေပြီး အလုပ်သဘောအရ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်နေဆဲပါ။ တရုတ်နဲ့ အမေရိကန်တို့ အနေနဲ့ တချို့ ကိစ္စတွေမှာ သဘောတူပြီး အတူတွဲ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။"

ဒီနှစ် ပြည်သူ့ကွန်ဂရက် အစည်းအဝေး အတွင်းမှာတော့ တရုတ်အနေနဲ့ ပထမဆုံးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ စီးပွားရေးနှေးကွေးနေတဲ့ အချိန် ပြည်တွင်း ကုမ္ပဏီတွေကို ပံ့ပိုးနိုင်ရေး အတွက် ကုမ္ပဏီ အခွန်တွေနဲ့ လူမှုထောက်ပံ့ရေး အခွန်အခတွေကို ဒေါ်လာ ၃၀၀ ဘီလီယံ နီးပါး ဖြတ်တောက်မယ်လို့ ဝန်ကြီးချုပ် Li က ပြောပါတယ်။ အစိုးရဘက်က အသုံးစာရိတ်ကို မြှင့်တင်ပြီး ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကိုလည်း ပိုပြီး သက်ဝင်လာအောင်လုပ်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ တရုတ်အစိုးရက စစ်ရေး အသုံးစရိတ်ကိုလည်း ၇ ဒသမ ၅ ရာခိုင်နှုန်း ဒေါ်လာ ၁၇၇ ဘီလီယံ နီးပါး တိုးမြှင့်သွားမှာပါ။ တကယ့် အသုံးစာရိတ်က ဒီထက်ပိုများမယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် တရုတ် အစိုးရက ပြောထားတဲ့ အသုံးစာရိတ်က အိန္ဒိယရဲ့ အသုံးစာရိတ်ထက် သုံးဆ ပိုများနေပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်က ကာကွယ်ရေး အသုံးစာရိတ် ဒေါ်လာ ဘီလီယံ ၇၀၀ ရှိခဲ့တဲ့ အမေရိကန်ရဲ့ အသုံးစာရိတ်နဲ့ ယှဉ်ရင်တော့ အတော်လေး နည်းနေပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG