သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Amal Clooney ကို သတင်းလွတ်လပ်ခွင့် အထူးသံအဖြစ် ဗြိတိန်ခန့်အပ်


လူ့အခွင့်အရေးရှေ့နေ Amal Clooney (ဧပြီ၊ ၀၅၊ ၂၀၁၉)
လူ့အခွင့်အရေးရှေ့နေ Amal Clooney (ဧပြီ၊ ၀၅၊ ၂၀၁၉)

လူ့အခွင့်အရေးရှေ့နေ Amal Clooney ကို သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဗြိတိန်အစိုးရရဲ့ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးရုံးက ကြေညာလိုက်ပါတယ်။ သတင်းထောက်တွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နိုင်မှုကို ဟန့်တားတဲ့ ပြင်းထန်တဲ့ ဥပဒေတွေကို တန်ပြန်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt နဲ့ အတူ Amal Clooney က လုပ်ဆောင်သွားမယ့်အကြောင်း နိုင်ငံခြားရေးရုံးက ပြောပါတယ်။

သတင်းထောက်တွေအပေါ် အကြမ်းဖက်မှုက ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပြီလို့ Mr. Hunt က ပြောပါတယ်။ ဒီရာထူးကို ရတဲ့အတွက် အင်မတန် ဂုဏ်ယူမိကြောင်း Amal Clooney က ပြောပြီး ဒီရာထူးအတွက် လခယူသွားမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Amal Clooney ဟာ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် ၂ ယောက် ဖမ်းဆီးထောင်ချခံနေရတဲ့အမှုကို ဥပဒေ အကြံပေးတယောက်အနေနဲ့ ပြီးခဲ့တဲ့နှစ်က စပြီး လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ သတင်းထောက်များအသင်းက Amal Clooney ကို ၂၀၁၈ ခုနှစ်ရဲ့ ဂုဏ်ထူးဆောင် ကမ္ဘာ့နိုင်ငံသားဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်တွေအပေါ်မှာ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ဗြိတိန်အစိုးရရဲ့ ကြိုးပမ်းမှာ ပါဝင်ဖို့အတွက် ဒီရာထူးကို ပေးရတဲ့အကြောင်းအရင်းက ရှေ့နေ Amal Clooney ရဲ့ အတွေ့အကြုံတွေကြောင့်ပဲ ဖြစ်တယ်လို့ Mr. Hunt က ပြောပါတယ်။

ကမ္ဘာတဝှမ်းက ဥပဒေရေးရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး သတင်းမီဒီယာတွေအပေါ် တိုက်ခိုက်မှုတွေကို တားမြစ်နိုင်မယ့် တရားရေးစနစ်ကို မြှင့်တင်ရေး ရှေ့နေ Clooney က သူ့အတွေ့အကြုံတွေနဲ့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရှေ့နေ Amal Clooney ဟာ နာမည်ကျော် ဟောလိဝုဒ် မင်းသား George Clooney ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG