သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး ထိန်းသိမ်းခံရမှု တနှစ်ပြည့် ဆန္ဒပြပွဲ


ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးအကျဉ်းချခံရတာ ဒီကနေ့ဆိုရင် တနှစ် တင်းတင်းပြည့်သွားပါပြီ။ သူတို့နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက အပြင်းအထန် တောင်းဆိုတာတွေ ဆက်တိုက် ထွက်ပေါ်နေသလို သူတို့ကို ဆက်ပြီး အကျဉ်းချထားတာကြောင့် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့အပေါ် အစိုးရရဲ့သဘောထားကို မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်း ထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်းတောမြို့နယ်၊ အင်းဒင် ကျေးရွာအနီးမှာ မွတ်ဆလင် ၁၀ ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတချို့က အစုအဝေးလိုက်သတ်ပစ်ပြီး မြေမြှုပ်ထားခဲ့ တဲ့ဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ပြီး သတင်းရယူနေချိန်အတွင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဖမ်းခံခဲ့ကြရပြီးတော့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ တရားရုံးတင် စစ်ဆေးပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံ ထားရတာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့ ကျူးလွန်ခြင်းမရှိတဲ့ ပြစ်မှုအတွက် ဆက်ပြီး အကျဉ်းချခံထားရတဲ့အချက်က ဒီမိုကရေစီ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေးတို့အပေါ် မြန်မာနိုင်ငံရဲ့ သန္နိဋ္ဌာန်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနရဲ့အယ်ဒီတာချုပ် Stephen J. Adler က ပြောပါတယ်။

“သူတို့ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေတဲ့ နေ့တိုင်းနေ့တိုင်းဟာ တရားမျှတမှုအတွက် ရပ်တည်ဖို့ မြန်မာနိုင်ငံအတွက် အခွင့်အလန်းတခု လက်လွတ်ဆုံးရှုံးနေတာပဲဖြစ်ပါတယ်။ မြန်မာလူထုအနေနဲ့ သူတို့ကို ကတိပေးထားတာ ကြာလှပြီဖြစ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရရှိခံစားထိုက်ပါတယ်။ ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာလည်း သူတို့မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်း တွေနဲ့ အတူပြန်နေခွင့် အမြန်ဆုံးရသင့်ပါတယ်။”

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ ဥပဒေအကြံပေးတဦးအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့် အရေးရှေ့နေတဦးဖြစ်သူ Amal Clooney ကလည်း သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ သမ္မတဦးဝင်းမြင့် ပြောထားတာကို ပြန်ထောက်ပြ ထားပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ကကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သမ္မတဦးဝင်းမြင့်က “တရားဥပဒေ စိုးမိုးရေးမရှိလျှင်လည်း ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေး ဆုံးရှုံးစေပါသည်” ဆိုပြီး ထည့်ပြောထားတာပါ။

Amal Clooney က “ဒီအချက်ကို သူ့အနေနဲ့ လုံးဝသဘောတူကြောင်း၊ ဒီသတင်းထောက်တွေဟာ လူစုလူဝေးလိုက် သတ်ဖြတ်ခံ ရတာကို ဖော်ထုတ်ခဲ့ကြပြီး သူတို့ရဲ့ အများအကျိုးဆောင်ရွက်မှုအတွက် ထောင်ချခံရမယ့်အစား ချီးကျူးဂုဏ်ပြုခံရသင့်ကြောင်း၊ သူတို့ရဲ့အနာဂတ်ဟာ အစိုးရလက်ထဲမှာရှိနေပြီး ကမ္ဘာက စောင့်ကြည့်နေကြောင်း” ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့ တနှစ်ပြည့်အထိမ်းအမှတ် စုဝေးပွဲတခုကို ရန်ကုန်မြို့၊ ဆူးလေပန်းခြံမှာ ဒီကနေ့ လုပ်ကြပြီး သတင်းမီဒီယာသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အားပေးဝန်းရံသူတွေ စုစုပေါင်း လူ ၁၀၀ လောက် တက်ရောက် ပါတယ်။

စုဝေးပွဲကို ဦးဆောင်စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ အသံအဖွဲ့ရဲ့ဦးဆောင်သူ မောင်ဆောင်းခ က သူတို့ စုဝေးပွဲလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ တောင်းဆိုချက်ကို ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့အဓိကထားပြောချင်တာကတော့ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွှတ်တဲ့နေရာမှာလည်း ကျနော်တို့က ဘာကို ပိုတောင်ကြိုက်သလဲဆိုတော့ သမ္မတကနေပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်တယ်ဆိုတာထက် တရားရုံးကနေ တိုက်ရိုက်ကိုပဲ လွှတ်တာကိုပဲ ကျနော်တို့လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကနေပြီးတော့ လွှတ်တယ်ဆိုရင် ဒါ အပြစ်ရှိတာကို သမ္မတက လွှတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုတဲ့အမြင်ပဲဖြစ်မှာ အဲလိုမဟုတ်ပဲနဲ့ ဒီ တရားရုံးကနေ တိုက်ရိုက်လွှတ်တယ်ဆိုရင် သူတို့ဟာ သတင်းစာကျင့်ဝတ်နဲ့အညီ ရေးသားခဲ့တဲ့ လုပ်ရက်ဟာ လုံးဝ ပြစ်မှုမမြောက်ဘူး ၊ လုံး၀ အပြစ်မရှိဘူးဆိုတာကို ပိုပြီးတော့ ပေါ်လွင်စေမှာဖြစ်ပါတယ်။"

အမေရိကန်အောက်လွှတ်တော်က အင်္ဂါနေ့မှာချမှတ်တဲ့ ဆုံးဖြတ်ချက်အမှတ် ၁၀၉၁ ထဲမှာလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့အချက် ပါဝင်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေတွေက အယူခံလွှာ တင်သွင်းထားပြီးဖြစ်ပါတယ်။ အဲဒီအယူခံအမှုကို ရန်ကုန်တိုင်းတရားရုံးမှာ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့နှစ်ဘက် စတင်ကြားနာဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
ရိုက်တာသတင်းထောက် ၂ ယောက် အဖမ်းခံရမှု တစ်နှစ်ပြည့်
please wait

No media source currently available

0:00 0:03:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG