သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာသတင်းထောက်နှစ်ဦး အမှန်တရား ကာကွယ်စောင့်ရှောက်မှု အတွက် Time ဂုဏ်ပြု


Time မျက်နှာဖုံးမှာ ဖေါ်ပြထားတဲ့ ဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ဓါတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ဇနီးတွေဖြစ်တဲ့ မပန်းအိမွန်နဲ့ မချစ်စုဝင်းတို့ရဲ့ ပုံ

အင်းစိန်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမှန်တရားကို ကာကွယ်စောင့်ရှောက်သူများအဖြစ် အထင်ကရ Time မဂ္ဂဇင်းကြီးက " 2018 person of the year"၂၀၁၈ခုနှစ် အထူးခြားဆုံးပုဂ္ဂိုလ် စာရင်းမှာ ထည့်သွင်းဂုဏ်ပြုခဲ့ပါတယ်။

အလားတူ ဗြိတိန်အခြေစိုက် PressGazette သတင်းလွပ်လပ်ခွင့်ဆိုင်ရာ အဖွဲ့ကြီးကလည်း ဂုဏ်သိက္ခာကြီးမားတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ သတင်းပညာဆုကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တနင်္လာနေ့က ချီးမြှင့်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

Time မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုများ ဓါတ်ပုံ (Time Magazine)
Time မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုများ ဓါတ်ပုံ (Time Magazine)

"Guardians and the war on truth" အမှန်တရားကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ဂုဏ်ပြုခံရတဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို Time မဂ္ဂဇင်းရဲ့ ၂၀၁၈ အထူးခြားဆုံး ပုဂ္ဂိုလ်တွေစာရင်းထဲထည့်သွင်းရာမှာ သူတို့ရဲ့ ဇနီးတွေဖြစ်တဲ့ မပန်းအိမွန်နဲ့ မချစ်စုဝင်းတို့ရဲ့ပုံကို မဂ္ဂဇင်းမျက်နှာဖုံးမှာ ဂုဏ်ပြုထုတ်ဝေခဲ့တာပါ။

အရင်က နိုင်ငံခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ အများအကျိုးအတွက် ဆောင်ရွက်နေသူတွေ စတာတွေကို Time မဂ္ဂဇင်းက နှစ်စဉ် အခုလို နှစ်ကုန်ခါနီးအချိန်ရောက်တိုင်း ရွေးချယ်ချီးမြှင့်နေတာဖြစ်ပါတယ်။ ဒီနှစ်အတွက် ထူးခြားချက်အဖြစ် ထင်ရှားတဲ့ သတင်းသမားလေးဦးနဲ့ သတင်းစာကြီး တစောင်ကို ရွေးချယ်ပြီး ၂၀၁၈ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်များအဖြစ် ဖေါ်ပြခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာ ဖိနှိပ်မှုတွေခံနေရတဲ့ သတင်းသမားတွေဟာ အမှန်တရားအတွက် နောက်မဆုတ်ပဲ ကာကွယ် တိုက်ပွဲဝင်နေကြတာကို မီးမှောင်ထိုးပြနိုင်အောင် သူတို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ Time မဂ္ဂဇင်းရဲ့ အမှုဆောင် အယ်ဒီတာ Sam Jacobs က အခုလိုပြောပါတယ်။

"သတင်းလွတ်လပ်ခွင့်ရဲ့ အရေးပါမှုနဲ့ ဒီကနေ့ခေတ် ဖိအားပေးမှုတွေခံနေရတဲ့ သတင်းသမားတွေအနေနဲ့ အကျပ်အတည်းတွေကြားက အလုပ်လုပ်နေကြတာကို လူအများ အလေးထား၊ ဂရုပြုလာစေဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို တတ်နိုင်တဲ့ဘက်က ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင် ကျနော်တို့ ကြိုးစားတာပါ။"

အမှန်တရားကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် Time မဂ္ဂဇင်းကြီးက ရွေးချယ်ခဲ့သူတွေနဲ့ပတ်သက်လို့ Sam Jacobs က အခုလိုရှင်းပြပါတယ်။

"အထူးသဖြင့် Istanbul မြို့ ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ အသတ်ခံခဲ့ရတဲ့ ဆော်ဒီသတင်းသမား Jamal Khashoggi ဖြစ်ရပ်၊ နောက်ပြီး မနက်ဖြန်ဆိုရင် ထောင်ထဲမှာ အကျဉ်းကျခံနေရတာ တနှစ်ပြည့်တော့မယ့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖြစ်ရပ်တွေဟာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ဖိနှိပ်ခံနေရသလဲဆို တကယ်ပဲ ထင်ရှားတဲ့ သာဓကတွေပါ။ နောက်ပြီး ဖိလစ်ပိုင်နိုင်ငံက အင်တာနက်ဝက်ဘ်ဆိုဒ်တခုရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Rappler Maria Ressa နဲ့ the Capital Gazette သတင်းစာရဲ့ သတင်းထောက်တွေကို ကျနော်တို့ရွေးချယ်ခဲ့တာဟာ ဒီနှစ်အတွင်း သတင်းလောက ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို အကောင်းဆုံး မီးမှောင်ထိုးပြနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလို့ ကျနော်တို့ မြင်ပါတယ်။"

ပြီးခဲ့တဲ့ ဇွန်လက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မြို့တော် Annapolis အခြေစိုက် the Capital Gazette သတင်းစာတိုက်ကို မကျေမနပ်ဖြစ်နေသူတဦးက ၀င်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ရာမှာ လူငါးဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် လူအများ တုန်လှုပ်ခဲ့ကြတာပါ။

အခုလို Time မဂ္ဂဇင်းကြီးက ရွေးချယ်ဂုဏ်ပြုလိုက်တဲ့ သတင်းသမားတွေဟာ လွတ်မြောက်ရေး၊ ဒီမိုကရေစီ၊ လွတ်လပ်မှု တို့ကို ကာကွယ်ပေးနေသူတွေဖြစ်ပြီး မှန်ကန်တဲ့ အချက်အလက်တွေကို ရှာဖွေခဲ့ကြသူတွေဖြစ်တယ်လို့ Sam Jacobs ကပြောပါတယ်။ ဒါအပြင် ၂၀၁၈ခုနှစ်အတွင်း ဖြစ်ရပ်တွေကိုကြည့်မယ်ဆိုရင် တဖက်မှာ အမှန်တရားနဲ့ အခြားတဖက်မှာတော့ တဟုတ်ထိုးမြင့်မားလာတဲ့ သတင်းအမှား ကိစ္စရပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူမှုအသိုင်းအ၀ိုင်းတွေကြား မတူညီတဲ့သဘောထားတွေရှိနေသူတွေ စိတ်ထားပြည့်ဝစွာနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်ရေးအတွက် အချက်အလက်တွေကို ထောက်ပြတဲ့ သတင်းသမားတွေရဲ့ အခန်းကဏ္ဍကို Time မဂ္ဂဇင်းအနေနဲ့ မီးမှောင်ထိုးပြသချင်တဲ့အတွက် အခုလို ၂၀၁၈ခုနှစ် အထူးခြားဆုံးပုဂ္ဂိုလ်တွေစာရင်းမှာ ထင်ရှားတဲ့ သတင်းသမားတွေကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ Sam Jacobs ကဆိုပါတယ်။

အလားတူ ဗြိတိန်နိုင်ငံမှာ Pulitzer ဆုနဲ့အညီသတ်မှတ်ခံထားရတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ သတင်းပညာဆုရဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းစုံစမ်းရေးသားမှု ၂၀၁၈အတွက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က လန်ဒန်မြို့တော်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုဆု ပေးအပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကိုခံရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်း သတင်းရေးသားဖေါ်ပြခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့လုပ်ဆောင်မှုကြောင့် နိုင်ငံတကာရဲ့အယူအဆကို ကြီးကြီးမားမား ထိရောက်စေခဲ့သလို ကမ္ဘာမှာလည်း သတင်းစာပညာနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆုရွေးချယ်ရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သူတို့နှစ်ဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း အမေရိကန်အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာအစိုးရကို ဖိအားပေးနေတာပါ။ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် (၇)နှစ်စီချမှတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးရဲ့ အယူခံကိုတော့ ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ ရန်ကုန်တိုင်းတရားရုံးချုပ်မှာ ကြားနာစစ်ဆေးမှာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်ကပြောပါတယ်။ သူတို့နှစ်ဦးကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့က ရဲအာဏာပိုင်တွေကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG