သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦးအမှု မြန်မာမီဒီယာအဖွဲ့တွေရဲ့ သုံးသပ်ချက် သမ္မတထံတင်ပြ


အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးကို အရေးယူခဲ့တာဟာ ဥပဒေအရ မှားယွင်းမှုဖြစ်တယ်လို့ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်း (၈)ဖွဲ့က သုံးသပ်လိုက်ပါတယ်။

ဒီသုံးသပ်ချက်အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် လက်ခံယူခဲ့ပြီး၊ ဒါကို ဖတ်ရှုမှာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့တယ်လို့ MJN မြန်မာဂျာနယ်လစ်ကွန်ယက်က ဗွီအိုအေကိုပြောပါတယ်။ နိုဝင်ဘာလ (၂၃) ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ တွေ့ဆုံပွဲမှာ အဲဒီအစီရင်ခံစာကို သမ္မတကို တိုက်ရိုက် ပေးအပ်ခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုစီရင်ချက်ချခဲ့တာနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ သုံးသပ်ချက် သဘောထားကို ပထမဦးဆုံးအကြိမ် သမ္မတ ဦးဝင်းမြင့်ဆီကို တိုက်ရိုက်တင်ပြခဲ့တာဖြစ်တယ်လို့ ပြောရမှာပါ။

MJN မြန်မာဂျာနယ်လစ်ကွန်ရက် အပါအဝင် မြန်မာသတင်းမီဒီယာအဖွဲ့အစည်း စုစုပေါင်း (၈) ဖွဲ့ကနေ သုံးသပ်ရေးသားထားတဲ့ အစီရင်ခံစာကို သောကြာနေ့ကသမ္မတ ဦးဝင်းမြင့်လက်ထဲ ပေးအပ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာကောင်စီ အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး (၁) လည်းဖြစ်၊ MJN ကို စတင်တည်ထောင်သူတဦးလည်းဖြစ်တဲ့ဦးမြင့်ကျော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"သမ္မတကို ပေးတယ် သူကတော့ ဖတ်ကြည့်မယ်ပေါ့နော်။ သူ့မိသားစုဘက်ကပေးတာတွေလည်းပါတယ်။ အကြောင်းအရာ အတိအကျတော့ ဘယ်လိုရေးထားတယ်ဆိုတာတော့ မသိဘူးလေ။ ကျနော်တို့ လဘက်ရည်သောက်ကြတဲ့အခါမှာ ပြောလိုက်တာပေါ့နော်။ သူကတော့ ဖတ်ပါမယ်ဆိုတဲ့သဘောမျိုးပြောဆိုတယ်ပေါ့လေ။"

ရိုက်တာသတင်းထောက်တွေအနေနဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်ခြင်း မရှိခဲ့သလို၊ သတင်းမီဒီယာကျင့်ဝတ်အရလည်း အမှား ကျူးလွန်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာမှာ သုံးသပ်ရေးသားထားတာကို ဦးမြင့်ကျော်က အခုလို ရှင်းပြပါတယ်။

"လျှို့ဝှက်ချက်အက် ဥပဒေကို ဘာမှ ကျူးလွန်ချိုးဖောက်တာမရှိဘူး။ သူတို့ကတကယ်တော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ အဖြစ်အပျက်ကို တင်ပြဖို့ သတင်းရေးဖို့ ကျိုးစားတာပဲ ဖြစ်တယ်။ နောက်တခုကတော့ ဥပဒေကြောင်းအရ ဒီအမှုအသွားအလာကို ကြည့်တယ်ဆိုရင် စပြီးတော့ ဖမ်းစဉ်က စွဲဆိုတဲ့ စွတ်စွဲချက်က တခြား တကယ်အမိန့်ချတဲ့အခါမှာ လုံးဝကိုလွဲသွားပြီးတော့ တခြားဟာနဲ့ စာအုပ်ထဲက ဖုန်းနံပတ်တို့လို တခြားသောဟာနဲ့ စီရင်ချက်ထဲမှာ ဒါကြောင့်အပြစ်ရှိတယ်ဆိုပြီးချတယ်။ ဒီဟာကလည်း ရှေ့နဲ့ နောက်နဲ့ လုံးဝမညီတဲ့ဟာ ဒါ သာမန်လူတယောက်တောင်သိနိုင်တဲ့ကိစ္စ ဒါပေမယ့် ဒါကိုလည်း ဥပဒေရှု့ထောင့်ကပြောထားတယ်ပေါ့နော်။"

သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်လည်း သမ္မတရာထူးတာဝန်ကို စတင်ထမ်းဆောင်ချိန် နိုင်ငံတော်ကို ပြောခဲ့တဲ့ မိန့်ခွန်းမှာလည်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိရေး ကိစ္စကို အဓိက ဆောင်ရွက်မှာဖြစ်တယ်လို့ ကတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(က) ပြဌာန်းချက်အရ ရိုက်တာသတင်းထောက်နှစ်ဦးလုံးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ချက်ချင်းလွှတ်ပေးဖို့အခွင့်အာဏာရှိနေကြောင်း အကျိုးဆောင်ရှေ့နေအဖွဲ့ကလည်း ထောက်ပြထားပါတယ်။

တဖက်မှာလည်း ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုနေတာပါ။ ဒါပေမယ့်လည်း သောကြာနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရိုက်တာသတင်းထောက်နှစ်ဦး အနေနဲ့ အယူခံ တင်ထားပြီဖြစ်တဲ့အတွက် တရားရေးကိစ္စမှာ အုပ်ချုပ်ရေးဘက်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း သမ္မတရုံးပြောခွင့်ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသွားပါတယ်။

ဘယ်လို အကြောင်းကြောင်းတွေကြောင့် သမ္မတဘက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကြန့်ကြာ နေရသလဲဆိုတာ အတိအကျမပြောသွားပေမဲ့ အချိန်အတိုင်းအတာတခု ရောက်လာရင် အရပ်သား သမ္မတ တဦးအနေနဲ့ ဆောင် ရွက်ပေးနိုင်မယ် လို့ မျှော်လင့်ကြောင်း ဦးမြင့်ကျော်က သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

"ချက်ချင်းလုပ်မယ်တော့ ကျနော်တို့ မမျှော်လင့်ထားဘူး။ သို့သော်လည်း ဒီဘက်က သတင်းထောက်တွေအနေနဲ့ အပြစ်မရှိဘူး ဆိုတာကို ထည့်သွင်းစဉ်းစားပြီးတော့ မဖြစ်သင့်တဲ့ ပြစ်ဒဏ်ကို ပြန်ပြီးသုံးသပ်ဖို့ပေါ့နော်။ ချက်ချင်းလွတ်ဖို့ဆိုတာကတော့ လက်တွေ့မှာ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတာလည်း အကြောင်းကြောင်းကြောင့်ပေါ့နော် ကျနော်တို့ သဘောပေါက်တယ်။ သို့သော် ဒီကိစ္စမှာ သတင်းထောက်တွေကို ဒီလိုပြစ်ဒဏ်နဲ့ အကျခံနေစရာအကြောင်းမရှိဘူး။ သူတို့သတင်းလုပ်ခြင်းသာဖြစ်တယ်ဆိုတာကို ကျနော်တို့တင်ပြတာပေါ့နော်။"

နိုဝင်ဘာလ (၂၃ )ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ဆီကို တင်ပြခဲ့တဲ့ သုံးသပ်ချက်မှာတော့- ဥပဒေရှုထောင့်နဲ့ မီဒီယာ ရှုထောင့်ဆိုပြီး နှစ်ပိုင်းခွဲပြီး ဖေါ်ပြထားပါတယ်။ အမှုမှာ အရေးကြီးဆုံး သက်သေဖြစ်ခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်တွေကို တရားရုံးတော်ကနေ လက်ခံ သုံးသပ်ခြင်း မရှိခဲ့သလို၊ တရားလို ရဲတပ်ဖွဲ့ဘက်က ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီ မှန်ကန်မှု မရှိတဲ့အပြင် ရိုက်တာသတင်းထောက် နှစ်ဦးကို ဖမ်းဆီးစဉ် ရခိုင်ပြည်နယ် မြောက်ပိုင်း သတင်းကိစ္စဖြစ်ပေမယ့် တကယ်တမ်း ထောင်ဒဏ် အမိန့်ချမှတ်တဲ့ အခါမှာ အဲဒီစွဲချက် ပါဝင်ခြင်း မရှိတဲ့အပြင် အခြားမဆိုင်တဲ့ အချက်အလက်တွေနဲ့ လိုရာဆွဲပြီး အပြစ်ပေး အရေးယူခဲ့တာ ထင်ရှားကြောင်း ဖေါ်ပြထားပါတယ်။

မီဒီယာရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပရော်ဖက်ရှင်နယ် မီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးသား ဖေါ်ပြခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာ သတင်းမီဒီယာ အဖွဲ့အစည်းတွေက သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG