သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်နှစ်ဦး အမှု အယူခံတရားရုံး လက်ခံ


ရိုက်တာသတင်းထောက် ကိုဝလုံး တရားရုံးက ထွက်လာစဉ်
ရိုက်တာသတင်းထောက် ကိုဝလုံး တရားရုံးက ထွက်လာစဉ်

ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာအစိုးရကို ဖိအားပေးနေချိန်မှာ သူတို့နှစ်ဦး အယူခံတင်ထားတာကို ရန်ကုန်တိုင်းတရားရုံးချုပ်က လက်ခံလိုက်ပြီဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေက အင်္ဂါနေ့က ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦး သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိနေသလို သူတို့ရဲ့ အယူခံလျှောက်ထားချက် ရှေ့ဆက်တိုးတက်မှုတွေရှိလာတဲ့အတွက် ကျေနပ်မိကြောင်း CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အစိုးရလျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကနေ သူတို့မှာ အပြစ်မရှိကြောင်းနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ အယူခံလျောက်ထားချက်ကို ရန်ကုန်တိုင်းတရားရုံးချုပ်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ L. Khun Ring Pan က မနေ့က ပြောပါတယ်။ တိုင်းတရားရုံးအနေနဲ့ သူတို့နှစ်ဦးအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးနိုင်ပြီး သူတို့မှာ အပြစ်မရှိကြောင်းဆုံးဖြတ်ချက် ပေးလိမ့်မယ့်လို့လည်း မျှော်လင့်ကြောင်း ရှေ့နေ L. Khun Ring Pan က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦး ရှေ့နေတွေဖြစ်တဲ့ ဦးသန်းဇော်အောင် (ဝဲ)နဲ့ L.Khun Ring Pan (ယာ)
ရိုက်တာသတင်းထောက်နှစ်ဦး ရှေ့နေတွေဖြစ်တဲ့ ဦးသန်းဇော်အောင် (ဝဲ)နဲ့ L.Khun Ring Pan (ယာ)

အခုလို ရိုက်တာသတင်းထောက်နှစ်ဦး အယူခံလျှောက်ထားချက် ရှေ့ဆက်တိုးတက်မှုတွေရှိနေတဲ့အတွက် သူတို့နှစ်ဦး အမြန်ဆုံးလွတ်မြောက်မယ်လို့ မျှော်လင့်ကြောင်း နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ဗွီအိုအေကိုပြောပါတယ်။

"သတင်းထောက်နှစ်ဦးရဲ့ အမှု အယူခံတင်ထားတာကို လက်ခံလိုက်တဲ့အတွက် ကျနော်တို့ ကျေနပ်ပါတယ်။ ဒီအမှုဟာ အချိန်ကြာနေပါပြီ။ အယူခံတင်ထားတဲ့ကိစ္စ အမြန်ဆုံးပြီးဆုံးပြီးတော့ သူတို့နှစ်ဦး အမြန်ဆုံးလွှတ်မြောက်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

ပြီးခဲ့တဲ့သတင်းပတ်အတွင်း စင်္ကာပူမှာ အမေရိကန်ဒုသမ္မတ Mike Pence က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ သူရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အာဏာကို အသုံးပြုပြီး အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးလွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့တာပါ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ မျှော်လင့်ထားသလို၊ အရေးပါလှတဲ့ နိုင်ငံတကာခေါင်းဆောင်တဦးအနေနဲ့ ဒီကိစ္စကို အလေးပေးပြောဆိုခဲ့တဲ့အတွက် အထူးကျေးဇူးတင်မိကြောင်း Steve Butler က အခုလိုပြောပါတယ်။

"အမေရိကန်ဒုသမ္မတအနေနဲ့ သူတို့နှစ်ဦးလွတ်မြောက်ရေး အလေးပေးပြောကြားခဲ့တာကို မြင်တွေ့ရတာ ကျနော်တို့ အလွန်ပဲ ကျေနပ်မိပါတယ်။ အခုလို အမေရိကန်အစိုးရအဖွဲ့မှာ အဆင့်မြင့်ခေါင်းဆောင်တဦးရဲ့ ပြောဆိုချက်ဟာ အရေးပါလှပါတယ်။ ဒီအတွက်လည်း သူ့ကို ကျနော်တို့ သိပ်ကို ကျေးဇူးတင်မိပါတယ်။"

အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒုသမ္မတ Mike Pence ကိုပြန်လည် တုန့်ပြန်ရာမှာ သူတို့နှစ်ဦးအပေါ် စွဲချက်တင်ခံရတဲ့ကိစ္စက ရှုပ်ထွေးတဲ့ အခြေအနေရှိနေပြီး လောလောဆယ် အယူခံတင်ထားတဲ့ အခြေအနေမှာရှိနေကြောင်း ပြောဆိုခဲ့တာပါ။

အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ ဇနီး ပန်းအိမွန်နဲ့ သမီးဖြစ်သူ သက်ထား အိန်ဂျယ်လ်
အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ ဇနီး ပန်းအိမွန်နဲ့ သမီးဖြစ်သူ သက်ထား အိန်ဂျယ်လ်

အခုလို ရန်ကုန်တိုင်းတရားရုံးချုပ်က ရိုက်တာသတင်းထောက်နှစ်ဦး အယူခံလျှောက်ထားချက်ကို လက်ခံလိုက်ပြီးနောက် အပြီးသတ် စီရင်ချက်မချခင် အစိုးရဘက်ကတရားလိုရှေ့နေတွေနဲ့ သတင်းထောက်တွေဘက်က အကျိုးဆောင်ရှေ့နေတွေရဲ့ နှစ်ဘက်အပြန်အလှန်လျှောက်ထားချက်တွေကို ကြားနာရအုံးမှာဖြစ်တယ်လို့ မြန်မာ့ဥပဒေရေးရာ သုံးသပ်နေသူ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဗွီအိုအေကိုပြောပါတယ်။

"လက်ခံလိုက်ပြီ ဆိုကတည်းကိုက အပြီးသတ်လျောက်လွဲချက်ပေးဖို့အတွက် ရုံးချိန်း၁ ချိန်း ကျနော်တို့ စောင့်ရဦးမှာဖြစ်ပါတယ်။ အဲဒီတော့ အဲဒီရုံးချိန်းက ၂ ပတ်ကြာမလား ၁ လကြာမလား အဲဒါကတော့ ကျနော်တို့ မသိဘူးလေ။ ဒါက တရားရုံးချိန်း အမှုတွေပေါ်မှာ မူတည်ပြီးမှ ကြားနာတဲ့ရက်ကို သိမှာကို ။ အဲဒါ ပြီးပြီဆိုရင် တခါအမိန့်ချမယ် အမိန့်ချတဲ့ အခါဆိုရင် ၇ နှစ်ကနေပြီးတော့ ၃ နှစ်ဖြစ်မလား ဒါမှမဟုတ် အပြီးအပြတ်လွှတ်လိုက်မလား ၊ အဲဒါကတော့ တိုင်းတရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့လွတ်လပ်စွာ တွေးတောဆောင်ရွက်ချက် ဆင်ခြင်တုံတရားပေါ်မှာ အများကြီးမူတည်ပါတယ်။

မေး။ ။ လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ သူတို့ နှစ်ဦးဟာ အယူခံမှာလွတ်မြောက်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒီအပေါ်မှာ ဦးမင်းလွင်ဦး ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ ရန်ကုန်တိုင်းတရားသူကြီးကိုယ်တိုင်က လွတ်လွတ်လပ်လပ်နဲ့ စစ်ဆေးစီရင်ရဲတဲ့ သတ္တိရှိရင်တော့ ကိုဝလုံးတို့ ကိုကျော်စိုးဦးတို့က ရန်ကုန်တိုင်းတရားရုံးချုပ်အဆင့်မှာပဲ လွတ်သွားနိုင်တဲ့ အခြေအနေမျိုးရှိပါတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ၃ နှစ်လျော့ချပေးလိုက်ရင်တော့ တခါ တရားရုံးချုပ်ကို နောက်ဆုံးအယူခံ ဒုတိယအယူခံပေါ့နော်၊ တက်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဖို့ အခွင့်အလမ်း ရှိပါတယ်။'

ကိုဝလုံးနဲ့ ကိုကျော်စိုးတို့နှစ်ဦးရဲ့ အယူခံကို နိုဝင်ဘာလ ပထမပတ်က ရန်ကုန်တိုင်းတရားရုံးချုပ်မှာ လျှောက်ထားခဲ့တာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင် (၁၀)ဦးကို မြန်မာလုံခြုံရေးတပ်တွေက အစုလိုက်အပြုံလိုက် ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ စုံစမ်းဖေါ်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး (၃၂နှစ်)နဲ့ ကိုကျော်စိုးဦး (၂၈နှစ်) တို့ကို ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးက အစိုးရ လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ ၂၀၁၈ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့က ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အပါအဝင် လုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို သမ္မတအမိန့်နဲ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ Marzuki Darusman တို့နှစ်ဦးလုံးက တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG