သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးဖို့ ကန်လွှတ်တော်အမတ် ၈၀ ကော်ျ တောင်းဆို


၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီး ကျင်းပဖို့ နီးလာချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ Reuters သတင်းထောက် ၂ ယောက်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် အမေရိကန်အောက်လွှတ်တော်အမတ် ၈၀ ကျော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို စာရေးသားတောင်းဆိုလိုက်ပါတယ်။

CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကလည်း ဒီသတင်းထောက် ၂ ယောက် လွတ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

Reuters သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖေါက်မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၇ နှစ်စီချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို Reuters သတင်းထောက် ၂ ဦးကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်တာအတွက် သိပ်စိုးရိမ်ကြောင်းနဲ့ သူတို့ အမြန်ဆုံး ပြန်လည်လွှတ်မြောက်ရေးအတွက် လုပ်ဆောင်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို အောက်လွှတ်တော် အမတ်တွေဖြစ်တဲ့ Ohio ပြည်နယ် ရီပတ်ဘလစ်ကင် အမတ် Steve Chabot ၊ Illinois ပြည်နယ်ဒီမိုကရက်အမတ် Jan Schakowsky နဲ့ နယူးရောက်ပြည်နယ် ဒီမိုကရက်အမတ် Eliot Engel တို့က ဦးဆောင်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီတောင်းဆိုမှုကို အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကင်အမတ် Ed Royce ၊ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီဥက္ကဌဖြစ်တဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကင်အမတ် Ted Yoho ၊ အာရှပစိဖိတ်ဆပ်ကော်မတီက ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်အမတ် Brad Sherman နဲ့ ဒီမိုကရက်တစ်ပါတီ ကော့ကပ် ဥက္ကဌ ဖြစ်တဲ့ နယူးရောက်ပြည်နယ်အမတ် Joe Crowley အပါအဝင် အောက်လွှတ်အမတ် ၈၀ ကျော်ပါ ပါဝင်ပြီး လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီး Pompeo အနေနဲ့ သြဂုတ်လထဲ စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေ အတွင်း မြန်မာဝန်ကြီး ဦးကျော်တင်နဲ့ သီးခြားတွေ့ဆုံရာမှာ ဒီသတင်းထောက် ၂ ယောက်အရေး ပြောဆိုခဲ့တာအတွက် ကျေးဇူးတင်သလို အခုအချိန်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ပြောဆိုဖို့ပါ စာထဲမှာ ထည့်သွင်းတောင်းဆိုထားတာပါ။ ဒီသတင်းထောက် ၂ ယောက်အပြင် အကျဉ်းကျနေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး မြန်မာအစိုးရကို လူသိရှင်ကြား ပြောကြားဖို့ပါ တိုက်တွန်းထားပါတယ်။

မြန်မာ သတင်းသမားတွေဟာ အရင်စစ်အစိုးရ လက်ထက်ကတည်းက နှစ်ပေါင်းများစွာ ဖမ်းဆီး၊ နှိပ်စက် အကျဉ်းချတာနဲ့ ဖိနှိပ်မှု အမျိုးမျိုးကို ခံခဲ့ရတာ ဖြစ်ပြီး အခု ဒီမိုကရေစီလမ်းလျှောက်လှမ်းနေတဲ့ အစိုးရသစ်လက်ထက်မှာ ဒါမျိုးမဖြစ်သင့်ကြောင်းနဲ့ ဒီလထဲကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သူတို့ ၂ ယောက်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေးကောင်စီက ခန့်အပ်ခဲ့တဲ့ မြန်မာအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ သြဂုတ်လ ၂၇ ရက်နေ့ အစီရင်ခံစာပါ အကြံပေးချက်အရ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးရေးကို အမေရိကန်က ထောက်ခံဖို့လည်း ပန်ကြားထားတာဖြစ်ပါတယ်။

အခု စက်တင်ဘာလဟာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌ အဖြစ် အမေရိကန်က တာဝန်ယူရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သတင်းသမားတွေ အနေနဲ့ သူတို့အလုပ် သူတို့လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အခုလိုထောင်ဒဏ်ပြစ်ဒဏ် ချမှတ်တာဟာ မြန်မာအစိုးရအတွက် ဆိုးဝါးတဲ့ အမဲစက်ထင်စေတာဖြစ်ပြီး သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အင်္ဂါနေ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Newart က မြန်မာနိုင်ငံရဲ့ တရားရေစနစ်အတွက် အမေရိကန်အစိုးရက စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ Reuters သတင်းထောက် ၂ ဦး အပေါ် စီရင်ချက် ချလိုက်တာကို ကြည့်ခြင်း အားဖြင့် မြန်မာ့တရားရေး စနစ်အပေါ် အမေရိကန်ပြည်ထောင်စုက သိပ်ကိုစိုရိမ်မကင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစမှာလည်း ဒါကို ထောက်ပြထားပါတယ်။"

သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ကတော့ ရိုက်တားစ် မြန်မာသတင်းထောက် ၂ ဦး အမြန်ဆုံး ပြန်လည်လွတ်မြောက် ရေးအတွက် အမေရိကန်အပါအဝင် နိုင်ငံတကာကပါ ပါဝင်ပြီး မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုလာဖို့ အစွမ်းကုန် လုပ်ဆောင်နေတယ် လို့ CPJ ရဲ့ အာရှရေးရာ ဒါရိုက်တာ Steve Butler ကပြောပါတယ်။

"သူတို့ ၂ ယောက်လွှတ်မြောက်ရေးအတွက် မြန်မာအစိုးရကို ဝိုင်းပြီး ဖိအားပေးကြဖို့ ရိုက်တားစ်သတင်းဌာန အပါအဝင် တခြားအဖွဲ့အစည်း တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အမေရိကန်ပြည်ထောင်စုက အထက်လွှတ်တော်အမတ် တွေနဲ့ အောက်လွှတ်တော်အမတ်တွေပါ ပါဝင်လာအောင် ကြိုးစားနေတာပါ။ ရှေ့သီတင်းပတ်ထဲမှာ ဆိုရင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ဒီသတင်းထောက် ၂ ယောက်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါ ကျွန်တော်တို့ CPJ ဒါရိုက်တာနဲ့ Reuters က ဒါရိုက်တာအပြင် ရိုက်တားစ် သတင်းထောက် ၂ ယောက်ရဲ့ ရှေ့နေဖြစ်တဲ့ Alma Clooney အပါအဝင် ထိပ်တန်း ပုဂ္ဂိုလ် တော်တော်များများ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားဖို့ ရှိပါတယ်။"

အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဝင်တွေ အပါဝင် အထက်လွှတ်တော်အမတ် ၁၁ ဦးက ရိုက်တားစ် သတင်းထောက် ၂ ဦးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရေး ကြိုးပမ်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo ကို ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆိုခဲ့သလို အခုလည်း အောက်လွှတ်တော်အမတ် ၈၀ ကျော်က တောင်းဆိုခဲ့တာပါ။

အထက်လွှတ်တော် အမတ်တွေကတော့ ဝန်ကြီး Pompeo အနေနဲ့ စက်တင်ဘာလကုန် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန် အဆင့်မြင့် တွေ့ဆုံပွဲတွေမှာ ဖိအားပေး ပြောကြားဖို့နဲ့ အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှု အပါအဝင် တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို သုံးပြီး သတင်းထောက် ၂ ယောက် အမြန်ဆုံးခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတောင်းဆိုဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ အခုလိုတောင်းဆိုမှုတွေ ထိရောက်မှုရှိရဲ့လားလို့ မေးတဲ့အခါမှာ မစ္စတာ Butler က

"ထိရောက်မှု အတိုင်းအတာကို မပြောနိုင်ပေမယ့် အခုလို မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုများများပေးလေလေ၊ အဖြေတစုံတရာ ထွက်လာဖို့ များလေလေမို့ ကျွန်တော်တို့က ဖိအား ဆက်ပေးနေမှာပါ။ တကယ်တော့ ဒီသတင်းထောက် ၂ ယောက်ဟာ အပြစ်မရှိပဲ အပြစ်ကျခံနေရတာမို့ သူတို့ တနည်းနည်းနဲ့ လွတ်မြောက်လာဖို့ လိုပါတယ်။"

ပြီးခဲ့တဲ့ သီတင်းပတ်က ဟနွိင်းမှာကျင်းပတဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရိုက်တားစ်သတင်းထောက် ၂ ဦးဟာ တရားရုံးက အပြစ်ရှိတယ်လို့ သတ်မှတ်တဲ့အတွက် ပြစ်ဒဏ်ကျခံရတာ ဖြစ်ပြီး သတင်းယူလို့ ပြစ်ဒဏ်ကျတာမဟုတ်ကြောင်း ပြောကြားခဲ့တာပါ။

Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့ချိန်မှာပဲ ဒီလိုအပြစ်ပေးခဲ့တဲ့ တရားရုံး စီရင်ချက်ကို ပြန်လည် ပြင်ဆင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း တိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် သူတို့ဟာ ထောင်ဒဏ် အပြစ်ပေးရမယ့်သူတွေ မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့သူတွေအဖြစ် ဂုဏ်ပြုထိုက်သူတွေဖြစ်ကြောင်းလည်း ပြောကြားခဲ့တာပါ။ ဘာသာရေးနဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်မှာ မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုခဲ့သလို၊ သတင်းထောက် ၂ ယောက်ကို ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းလည်း အမေရိကန်ဒုသမ္မတက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG