သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်၂ ဦး လွှတ်ပေးဖို့ ဥရောပသမဂ္ဂတောင်းဆို


နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ခြွင်းချက် မရှိ လွှတ်ပေးဖို့ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဥရောပ သမဂ္ဂနဲ့ မြန်မာကြား လက်ရှိ စီးပွားရေး အစီအစဉ်တွေကို ဆက်ပြီး ထားရှိနိုင်ဖို့ အတွက် မြန်မာနိုင်ငံဘက်က အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သတင်းထောက်တွေ ကိုယ့်အလုပ်ကိုယ် အနှောင့်အယှက်ကင်းကင်း လုပ်နိုင်တဲ့၊ နိုင်ငံသား အားလုံး တန်းတူခွင့်ရတဲ့ နိုင်ငံမျိုးကို မြန်မာ ပြည်သူတွေ ရသင့်တယ်လို့ ဥရောပ သမဂ္ဂ EU ရဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဥရောပ ပါလီမန်မှာ EU ရဲ့ နိုင်ငံခြားရေး မူဝါဒ ရေးရာ အကြီးအကဲ Federica Mogherini က အခုလို ပြောဆိုလိုက်တာပါ။

"ဒီမိုကရေစီ နိုင်ငံ ဒီမိုကရေစီ စနစ်ကို ဦးတည် ပြောင်းလဲဖို့ မြန်မာ ပြည်သူတွေက တောင်းဆိုခဲ့ကြတာပါ။ ပြည်သူတွေက ဒီထက် ပိုပြီး ထိုက်တန်ပါတယ်။ အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ လုပ်ရပ် အပေါ် တာဝန်ခံစေရေးနဲ့ သတင်းထောက်တွေ သူ့အလုပ်သူ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ နိုင်ငံမျိုးကို မြန်မာ ပြည်သူတွေ ရသင့်ပါတယ်။ ကိုးကွယ်ယုံကြည်မှု နောက်ခံ အကြောင်းရင်းတွေ ဘာဘဲ ဖြစ်ပါစေ နိုင်ငံသား အားလုံး တန်းတူခွင့်ရတဲ့ နိုင်ငံတခုမျိုးကို မြန်မာ ပြည်သူတွေ ရထိုက်ပါတယ်။"

ဥရောပ သမဂ္ဂ လွှတ်တော် အမတ်တွေကြား မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ် ချမှတ်ဖို့လည်း ရှိနေတာပါ။ မြန်မာ့ အရေး ဆုံးဖြတ်ချက်ထဲမှာတော့ ရိုက်တာ သတင်းထောက် နှစ်ဦးတို့ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အပေါ် စွဲချက်တွေကို ရုပ်သိမ်းပြီး သူတို့ကို ခြွင်းချက် မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ဥရောပ လွှတ်တော် အမတ်တွေက တောင်းဆိုထားပါတယ်။ ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကတော့ နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ကျခံနေကြရတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနဲ့ ဥရောပ သမဂ္ဂ EU ကြား ကုန်သွယ်ရေး အစီအစဉ်တွေကို ထိန်းသိမ်း ထားဖို့ အတွက် မြန်မာဘက်က အခြေအနေတွေ တိုးတက်လာအောင် ခိုင်ခိုင်မာမာ ကြိုးပမ်းဖို့ လိုတယ်လို့လည်း EU ရဲ့ နိုင်ငံခြားရေး မူဝါဒ ရေးရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

"ဥရောပ သမဂ္ဂနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေတွေနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို မြန်မာအာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကုန်သွယ်ရေး အစီအစဉ်တွေကို ထိန်းသိမ်းထားနိုင်ဖို့ အတွက် အခြေအနေတွေ တိုးတက်လာရေး ခိုင်မာပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ မြင်ရဖို့ လိုပါတယ်။ တချိန်တည်းမှာဘဲ ကိုဖီအာနန် အစီရင်ခံချက် အတိုင်း ပဋိပက္ခရဲ့ အရင်းခံ အကြောင်းရင်းတွေကို ဖြေရှင်းနိုင်ရေး မြန်မာ အရပ်သား အစိုးရနဲ့လည်း အနီးကပ် ဆောင်ရွက်နေပါတယ်။"

ရိုက်တာ သတင်းထောက် နှစ်ဦး အပေါ် စီရင်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တုံ့ပြန်ပါတယ်။ ဒီ သတင်းထောက် နှစ်ယောက် အပေါ် စီရင်ချက်ကို လူတွေ သိပ်ပြီး မဖတ်ကြဘူးလို့ ထင်မြင်ကြောင်း ပြောဆိုသွားတာပါ။ သတင်းထောက် ၂ ဦး အပေါ် တရားရေး စီရင်ချက် အရ ဆိုရင်တော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ဘာမှ မဆိုင်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ သာ ဆိုင်နေတာ တွေ့ရတယ်လို့လည်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG