သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်တွေ ဥပဒေချိုးဖောက်လို့ အရေးယူတာဖြစ်ဟု အတိုင်ပင်ခံ ဆို


ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးအရေးယူတာဟာ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ ချိုးဖေါက်တဲ့အတွက် အရေးယူတာသာဖြစ်ပြီး သတင်းထောက်တွေဖြစ်တဲ့အတွက် အဖမ်းခံရတာမဟုတ်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲမှာ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေကတော့ ဒီပြောဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်ကပြောဆိုခဲ့ဘူးတဲ့ ရပ်တည်ချက်တွေနဲ့ ကွဲလွဲနေပြီဆိုပြီး ဝေဖန်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခ က စုစည်း တင်ပြပေးထား ပါတယ်။

နိုင်ငံတေ်ာလျို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်န နှစ်ယောက်ကို ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရအပေါ် ပြည်တွင်းပြည်ပက ဝေဖန်ပြောဆိုချက်တွေ ထွက်ပေါ်လာချိန်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာပါ။

ဒီကနေ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က

"တရားရေးစနစ် ရဲ့ မတော်မတရားလုပ်တာကို ခံရတယ်ဆိုပြီး သူတို့တကယ်ပဲ မြင်နေသလား ကျမ သိချင်ပါတယ်။ အမှုကို အများပြည်သူရှေ့မှောက် ကြားနာခဲ့တာပါ။ ကြားနားပွဲတိုင်းမှာ လာရောက်နားထောင်ချင်တဲ့ သူတိုင်းကို နားထောင်ခွင့်ပေးခဲ့ပါတယ်။ ဒီတရားစီရင်ရေးဟာ မှားယွင်းတယ်၊ မတရားဘူးလို့ မြင်တဲ့သူတိုင်း ဒီကိစ္စကို ထောက်ပြပါလို့ ကျမ ပြောဆိုချင်ပါတယ်။ တရားရုံးရဲ့ စီရင်ချက်အကျဉ်းချုပ်ကို လူတော်တော်များများ တကယ်တမ်း ဖတ်ရဲ့လားလို့ သိချင်ပါတယ်။"လို့ သူက မေးခွန်းထုတ်သွားတာပါ။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က

"သူတို့ဟာ သတင်းထောက်တွေဖြစ်လို့ အဖမ်းခံရတာ မဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေကို ချိုးဖေါက်တဲ့အတွက်ဆိုပြီး တရားရုံးက စီချင်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ကျမတို့က တရားဥပဒေ စိုးမိုးရေးကို ယုံပါတယ်။ သူတို့ဘက်က အယူခံဝင်ခွင့် ရှိပါတယ်။ ဒီတရားစီရင်ရေးဟာ ဘာကြောင့်မှားတယ်ဆိုတာကို ပြောပြနိုင်တယ်။ မှားတယ်လို့မြင်ရင် ထောက်ပြနိုင်ပါတယ်။"

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆိုသူတွေကတော့ ဒီသတင်းထောက်တွေကို အခုလိုအကျဉ်းချလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ကန့်သတ်တဲ့လုပ်ရပ် ဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နဲ့ ပတ်သက်ပြီး သတင်းယူနေတဲ့ တခြားသတင်းထောက်တွေကိုပါ ခြိမ်းခြောက်လိုက်တာလို့ ဝေဖန်ကြပါတယ်။

ရိုက်တာသတင်းသမားတွေရဲ့ ရှေ့နေဦးခင်မောင်ဇော် က ဒေါ်အောင်ဆန်းစုကြည် အခုလိုတုံပြန်မှုအပေါ် အံ့အားသင့်မိတယ်လို့ VOA ကို ပြောပါတယ်။

"ကျနော့် နိုင်ငံခေါင်းဆောင်ကိုလည်း ဝေဖန်တိုက်ခိုက်တာ မလုပ်ချင်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် က ယူနတီဂျာနယ် ဒီပုဒ်မ၊ ဒီဥပဒေနဲ့ပဲ ယူနတီသတင်းထောက်တွေ ကို အပြစ်ပေးလိုက်တဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက အခုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ အဲတော့ ၂၀၁၅ က သူ လွန်ခဲ့တဲ့ (၃) နှစ်က တနည်းပြောရရင် အစိုးရမဖြစ်ခင် သူပြောခဲ့တဲ့ စကားက ပိုပြီးတော့ လွတ်လပ်ပြီး ပိုပြီးတော့ အနှောင် အဖွဲ့ကင်းတယ်။ အဲစကားကိုပဲ ကျနော်တို့က အခုထက်ထိ မြတ်နိုးနေပါတယ်။ အမှတ်ရနေတယ်လို့ပဲ ပြောချင်ပါတယ်"

သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်ကလည်း နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောဆိုမှု အပေါ် အခုလိုတုံ့ပြန်ပါတယ်။

"မျှမျှတတ စဉ်းစားတတ်တဲ့ ပြည်သူတယောက်တောင် နားလည်တယ်။ တရားစီရင်ရေး ဘယ်လိုသွားလဲဆိုတာ တကယ်တမ်းကြတော့ နိုင်ငံရေးရည်ရွယ်ချက်တွေ နိုင်ငံရေး ဆုံးဖြတ်ချက်တွေနဲ့ပဲ အမိန့်ချတာလို့ပဲ ကျနော် နားလည်တယ်။ ဒါပေမယ့် အဲဒါကို နိုင်ငံရေးအကျိုးစီးပွားတခုကြောင့် တရားစီရင်ရေးသက်သက်သာလို့ ပြောရင်တော့ ကျနော်တို့က လက်မခံနိုင်ဘူး။ ဒီကိစ္စမှာ ဘယ်သူလုပ်ချင်လဲဆိုတာ ကျနော်တို့လည်း သိတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိမယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဒီလောက်ထိ ရပ်တည်စရာမလိုဘူး။ အမှန်တရားက ဘာလဲဆိုတာမျိုးကို ဒီထပ်တိုက်ရိုက်ကြီး မဟုတ်တာတောင်မှ မှားနေတဲ့ဟာကြီးကို မှန်တယ်လို့ ထောက်ခံပေးရမယ့် အကျပ်အတည်း မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ မီဒီယာကို မျက်မုန်းကျိုးရင်တော့ မသိဘူး။ မီဒီယာက အမြဲတမ်းဝေဖန်လို့ မျက်မုန်းကျိုးပြီး လုပ်သလားလို့တောင် ထင်မိတယ်"

နိုင်ငံတော်အတိုင်ပင်ခံဟာ ပြီးခဲ့တဲ့ NHK သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာလည်း အခုလိုပြောဆိုခဲ့ဖူးပြီး ဒီအပေါ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ (၂) ဦးကို ပြစ်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်တဲ့အပေါ် သတင်းထောက်တွေ အခွင့်အရေးကို ကာကွယ်ပေးနေတဲ့ RSF နဲ့ CPJ လို အဖွဲ့အစည်းကြီးတွေအပြင် World Association for News Papers and News Publishers (Wan-Infra) လို့ခေါ်တဲ့ ကမ္ဘာ့သတင်းစာများအဖွဲ့နဲ့ သတင်းစာထုတ်ဝေသူများအဖွဲ့ World Editors’ Forum လို့ခေါ်တဲ့ ကမ္ဘာ့အယ်ဒီတာများအဖွဲ့၊ Journalists Union ကမ္ဘာ့သတင်းထောက်များသမဂ္ဂတို့ အပြင် Al-Jazeera သတင်းဌာနတို့ကလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတော်တော်များများက ဒီသတင်းထောက် နှစ်ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဗုဒ္ဓဟူးနေ့ကပဲ ရိုက်တာသတင်းထောက် နှစ်ယောက် လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံသုံး လုပ်ဆောင်ပေးဖို့ အမေရိကန်အထက်လွှတ်တော်အမတ် (၁၁) ယောက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဆီ စာရေးပန်ကြားခဲ့ပါတယ်။ ဒီသတင်းသမား နှစ်ယောက်ကို ထောင်ဒဏ် (၇) နှစ်စီ အပြစ်ပေးခဲ့တဲ့ တရားရုံးစီရင်ချက်ကို ပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း တိုက်တွန်းပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG