သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှု လူမျိုးုတုန်းသတ်ဖြတ်မှုအဖြစ် ကန်အောက်လွှတ်တော် ဆုံးဖြတ်ဖွယ်ရှိ


ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးလာစဉ်
ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးလာစဉ်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ သတ်မှတ်ကြေညာဖို့ အမေရိကန်အောက်လွှတ်တော်မှာ ဒီကနေ့ဆုံးဖြတ်ချက်ချဖို့ရှိပါတယ်။

Trump အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့အခြေအနေဟာ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားတဲ့အဆင့်လို့သာ သတ်မှတ်ပြောနေချိန်မှာ လွှတ်တော်က လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ရက်စက်တဲ့လုပ်ရပ်တွေအတွက် အရေးယူသင့်တယ်ဆိုတာ အိမ်ဖြူတော်ကို အချက်ပြချင်တဲ့သဘောဖြစ်တယ်လို့ လွှတ်တော်အသိုင်းအဝိုင်းကိုကိုးကားပြီး ABC သတင်းမှာဖော်ပြထားပါတယ်။ ဒီကနေ့အတည်ပြုဖို့ရှိတဲ့ ဆုံးဖြတ်ချက်မှာ ထောင်ဒဏ် ၇ နှစ်စီချခံထားရတဲ့ Reuters သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကိစ္စကိုလည်း ထည့်သွင်း အပြစ်တင်ထားတယ်လို့ ABC သတင်းကပြောပါတယ်။

ရိုဟင်ဂျာသိန်းနဲ့ချီ နိုင်ငံထဲကထွက်သွားရလောက်အောင် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့အတွက် Republican နဲ့ Democrat ထိပ်တန်းလွှတ်တော်အမတ်တွေရဲ့ထောက်ခံမှုနဲ့ Ohio ပြည်နယ်က Republican အောက်လွှတ်တော်အမတ် Steve Chabot က ဒီကနေ့ ချမှတ်ဖို့ရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့မြန်မာအစိုးရကတော့ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေအတွက် အခိုင်အမာသက်သေပြနိုင်ရင် တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG