သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဖိအားကြောင့် ကန်-မြန်မာ ဆက်ဆံရေး မထိခိုက်


အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း
အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်တွေကိုနှိပ်ကွပ်ခဲ့မှုနဲ့ပတ်သက်ပြီး လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်တယ်၊ စစ် မက်ဆိုင်ရာပစ်မှုကျူးလွန်မှုတွေဖြစ်တယ်ဆိုပြီး အမေရိကန်အဖွဲ့အစည်းသုံးခုရဲ့ မကြာခင်က ထုတ်ပြန်ခဲ့အစီရင်ခံစာတွေ ဟာ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်အရေးကြိုးပမ်းနေမှုတွေအပေါ် အထောက်အကူမဖြစ်စေဘူးလို့ အမေရိကန်နိုင်ငံမှာရှိတဲ့မြန်မာသံရုံးကတုံ့ ပြန်လိုက်ပါတယ်။ ဒီအကြောင်း မြန်မာသံအမတ်ကြီးဦးအောင်လင်းနဲ့ ကိုကျော်အောင်လွင်ကဆက်သွယ်မေးမြန်းထား ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့နိုင်ငံတော်တော်များများက မြန်မာစစ်တပ်နဲ့အစိုးရအပေါ်မှာ ဖိအားတွေတောက်လျှောက်ပေးနေပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ လ၃ရက်နေ့တုန်းကလည်း အမေရိကန်က အဖွဲ့အစည်းသုံးခုဖြစ်တဲ့ United States Commission on Internaional Freedom , Holocaust Museum,နဲ့ Public International Law and Policy Group ဆိုတဲ့အဖွဲ့အစည်း သုံးခုက ရိုဟင်ဂျာတွေနှိပ်ကွပ်ခံရတာနဲ့ပတ်သက်လို့ အစီရင်ခံစာတွေထုတ်ပြန်ခဲ့ကြပါတယ်။ အစီရင်ခံစာတွေက မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လုပ်ရပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်ဆိုပြီးထောက်ပြနေကြတာပါ။

တကယ်တော့ဒီအဖွဲ့ အစည်းတွေက ဝါရှင်တန်ဒီစီမြို့တော်မှာအခြေစိုက်တဲ့အဖွဲ့အစည်းတွေဖြစ်ကြပေမဲ့ မြန်မာသံရုံးနဲ့အဆက်အသွယ်လုပ် တာက Holocaust ပြတိုက်တခုပဲရှိတယ်လို့ ဝါရှင်တန်ဒီစီမြန်မာသံရုံးက သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

"Holocaust Museum တခုပဲ ကျနော်တို့နဲ့ အဆက်အသွယ်ရှိပါတယ်။ သူတို့ Holocaust Museum က လူတွေကိုလည်း ကျနော်တို့ တွေ့ဖို့ရှိပါတယ်။တွေ့ပြီးတော့ သူတို့ပြောတာတွေကို နားထောင်တဲ့အပြင် ကျနော်တို့ ဘက်ကလည်း ကျနော်တို့ သဘောထားကို ပြောပြဖို့ ရှိပါမယ်။ ကျန်အဖွဲ့အစည်း ၂ ခုကတော့ သူတို့သွားတဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ဆက်သွယ်တာ မရှိပါဘူးခင်ဗျ။"

အမေရိကန်အရပ်ဖက်အဖွဲ့အစည်းတချို့နဲ့အမေရိကန်အစိုးရကပါ မြန်မာစစ်တပ်နဲ့မြန်မာအစိုးရရဲ့ရခိုင်ပြည်နယ် အရေးကိုင်တွယ်ပုံတွေအပေါ် ဝေဖန်မှုတွေဖိအားပေးမှုတွေရှိနေပေမဲ့လည်း မြန်မာနဲ့အမေရိကန်အစိုးရအကြားဆက်ဆံ ရေးကတော့ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးလို့လည်း သံအမတ်ကြီး ဦးအောင်လင်းကပြောပါတယ်။

"အမေရိကန်အစိုးရ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့မြန်မာသံရုံးက အမြဲတမ်းထိတွေ့မှုရှိပါတယ်။ ရှိပြီးတဲ့အပြင်ကို သူတို့ သိချင်နေတဲ့ကိစ္စ ကျနော်တို့က ပြောချင်တဲ့ကိစ္စတွေကိုလည်း ကျနော်တို့ထိတွေ့ပြီးတော့ နားထောင်ခြင်း ၊ ကျနော်တို့ဘက်ကနေပြီးတော့ ပြောဆိုချင်းများပြုလုပ်နေပါတယ်။ ကျနော်တို့ဘက်ကတော့ ၂ နိုင်ငံ ဆက်ဆံရေးကို အမြဲတမ်းကောင်းမွန်အောင် ကြိုးပမ်းနေပါတယ်ဆိုတာကို သူတို့ကို အမြဲအသိပေးနေပါတယ်။

မေး။ ။ အမေရိကန်အစိုးရဘက်က ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က မြန်မာသံရုံးကနေတဆင့် မြန်မာအစိုးရကို ဖိအားပေး တိုက်တွန်းတာတွေရှိနေသလားခင်ဗျ။

ဖြေ။ ။ အခုအချိန်အထိတော့ လောလောဆည် ခင်ဗျားပြောတဲ့အထိတော့မရှိပါဘူး။"

မြန်မာသံရုံးက ဒီဇင်ဘာလ၆ရက်နေ့စွဲနဲ့ မနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်ကပြဿနာတွေဟာ နေ့ချင်းညချင်းဖြေရှင်းလို့ရတဲ့ပြဿနာ တွေမဟုတ်တဲ့အပြင် ကိုင်တွယ်ဖြေရှင်းမှု မမှန်ရင် မြန်မာနိုင်ငံထဲက မတူညီတဲ့လူမှုအသိုင်းအဝိုင်းတွေအကြား အယူဝါဒ ကွဲပြားမှုတွေနဲ့ တင်းမာမှုတွေလည်းပိုပြီးဖြစ်လာစေလိမ့်မယ်လို့ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးလူ့အခွင့် အရေးချိုးဖေါက်ခံရမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အခြေအနေမှန်တွေသိနိုင်အောင် နိုင်ငံတကာပုဂ္ဂိုလ်တွေပါ တဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဇူလိုင်လကဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့ရဲ့အစီရင်ခံစာကိုလည်း တနှစ်အတွင်း ထုတ်ပြန်ဖို့ရှိတယ်လို့ဆိုပါတယ်။ ရိုဟင်ဂျာတွေအခွင့်အရေးချိုးဖေါက်ခံရတဲ့အကြောင်းသိချင်တဲ့အဖွဲ့အစည်းတွေအတွက် ဒီကော်မရှင်ကဖြေရှင်းပေးနိုင်လိမ်မယ်လို့လည်း သံအမတ်ကြီး ဦးအောင်လင်းက ယူဆပါတယ်။

"စုံစမ်းစစ်ဆေးရေးကော်မရှင်လုပ်ငန်းတွေက ပွင့်လင်းမြင်သာမှုရှိမယ်။ ထိတွေ့ဆက်ဆံသင့်တဲ့လူတွေအားလုံးကို ထိတွေ့ဆက်ဆံသွားမယ်လို့ သူတို့က ကြေညာထားပြီးဖြစ်ပါတယ်။ သူတို့က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တဲ့အတွက်ကြောင့် သူတို့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိချင်သူတွေအားလုံးကို သူတို့အနေနဲ့ ထိတွေ့ပြီးတော့ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

မေး။ ။ အစီရင်ခံစာထုတ်တဲ့အဖွဲ့အစည်းတွေအပေါ်မှာ အခုကြေညာချက်ထုတ်ပြီးတော့ ဒါတွေလုပ်နေတယ် အသိပေးထားတယ်ပေါ့လေ၊ ဒါကမြန်မာလိုကျနော်တို့တွေ့ရတာပါ၊ အင်္ဂလိပ်လို သူတို့ဆီတိုက်ရိုက်အသိပေးတာမျိုးတွေ ဒီအဖွဲ့တွေကိုလည်း မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းတာတွေကိုရော သံအမတ်ကြီးတို့လုပ်လားခင်ဗျ။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ သိချင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သိချင်တဲ့လူတွေအားလုံးကို ထိတွေ့ရှင်းပြဖို့ အမြဲတမ်းအဆင်သင့်ရှိပါတယ်။"

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးနိုင်ငံတကာမှာအမြင်အမျိုးမျိုးရှိနေပေမဲ့ တကယ့်အခြေအနေတွေကို မြန်မာနိုင်ငံကပိုပြီးသိတယ်လို့လည်း ဦးအောင်လင်းကဆိုပါတယ်။

"ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကနေ သူတို့အနေနဲ့ အမြင်အမျိုးမျိုးရှိကြပါတယ်။ စိုးရိမ်မှုတွေလည်း ရှိကြတယ်ဆိုတာ သိပါတယ်။ သူတို့စိုးရိမ်မှုတွေရှိပေမယ့်လည်း ကျနော်တို့နိုင်ငံအရေးကိစ္စကို ကျနော်တို့ကသာ အသိဆုံးဖြစ်ပါတယ်ဆိုတာလေးကို VOA မြန်မာပရိတ်သတ်တွေကို ကျနေ်ာ်ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့အကြောင်းကို ကျနော်တို့ နိုင်ငံကသာ သိသေးတဲ့အတွက်ကြောင့် ဒီရပ်တည်ချက်အပေါ်မူတည်ပြီးတော့ ကျနော်တို့နဲ့ ထိတွေ့တဲ့လူတွေကိုလည်း အသိပေးနေပါတယ်။"

မြန်မာအစိုးရနဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေအကြားမှာရောဘင်္ဂလားဒေ့ရှ်အစိုးရ အကြားမှာပါ နားလည်မှုစာချွန်လွှာတွေချုပ်ဆိုပြီးလုပ်ဆောင်မယ့်ကိစ္စတွေကို အမေရိကန်ပြည်သူတွေသိစေချင်တယ် လို့လည်း ဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးရဲ့ မနေ့ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG