သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးစွပ်စွဲချက် အထောက်အထားပြဖို့ မြန်မာအစိုးရ တုံ့ပြန်


ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးအောင် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အခြေစိုက် အဖွဲ့ကြီး ၂ ခုရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တိတိကျကျ အထောက်အထားတွေနဲ့ ပြသဖို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ Holocaust မှတ်တမ်းပြတိုက်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးခဲ့တဲ့ နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ (PILPG) တို့က မနေ့တုန်းကပဲ တွေ့ရှိချက်တွေကို ပြောဆိုလိုက်ပြီးနောက် မြန်မာအစိုးရက တုံ့ပြန်လိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ရာရောက်ကြောင်း အမေရိကန် အခြေစိုက် Holocaust မှတ်တမ်းပြတိုက်နဲ့ နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ (PILPG) တို့က ပြောဆိုလိုက်ပြီးနောက်မှာပဲ အထောက်အထားနဲ့တကွ ပြသဖို့ မြန်မာအစိုးရဖက်က တုံ့ပြန်လိုက်တာပါ။ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးအဖြစ် သတ်မှတ်နိုင်လောက်တဲ့ လက္ခဏာတွေတွေ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ကလည်း ပြောဆိုထားဖူးပါတယ်။ နိုင်ငံတကာရဲ့ စွပ်စွဲချက်ကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရကတော့ ဇူလိုင်လထဲမှာပဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ထပ်မံဖွဲ့စည်းခဲ့တာပါ။ အခုနောက်ဆုံး အမေရိကန် အခြေစိုက် အဖွဲ့အစည်းတွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း အထောက်အထား ပြသနိုင်မယ်ဆိုရင် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

"ကျနော်တို့ ဒါကာမှာ တဖက်အဖွဲ့အစည်းကလူတွေနဲ့ တွေ့တယ်။ နောက်ပြီးတော့ ကော့ဘဇားမှာရှိတဲ့ လူတွေဆီကနေ information collect လုပ်ပြီးတော့ evidance base အထောက်အထားမဟုတ်ပါဘူး Hearing ပြောတဲ့စကားတွေကိုအခြေခံပြီးတော့ သူတို့ အစီရင်ခံစာစွဲထားတာပါ။ ကျနော်တို့ FMM report လည်း ကျနော်တို့ လက်မခံပါဘူး။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ တာဝန်ရှိတဲ့အတွက် ICOE ကို FMM reportထဲ သူတို့ Study လုပ်လို့ရအောင် share လုပ်ထားပါတယ်။ ဒါကတော့ ကျနော်တို့အပိုင်းက ရပ်တည်ချက်ပါ။ အဲဒီတော့ သူတို့ဘက်က evidance base အထောက်အထားနဲ့ ပြနိုင်မယ် ၊ လုံလုံလောက်လောက်အထောက်အထားရှိတယ်ဆိုရင် ကျနော်တို့ ICOE ကို စိစစ်ခိုင်းမှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ခုနလိုအဖွဲ့အစည်းတခုကနေ ထပြီးတော့ပြောလိုက် အဲလိုပြောတာတွေကို ကျနော်တို့ ယုံကြည်ဖို့ခက်ပါတယ်။"

အခုလို အမေရိကန်အဖွဲ့အစည်းတွေက အမေရိကန်အစိုးရကို တွန်းအားပေးမှုတွေ ရှိလာတာကြောင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲ။ မြန်မာနိုင်ငံက မဟာဗျူဟာနဲ့ လေ့လာရေးဌာန မူဝါဒရေး ဒါရိုက်တာဖြစ်တဲ့ ဦးအောင်သူငြိမ်း ကတော့ ခုလိုသုံးသပ်ပါတယ်။

"ဘာပဲဖြစ်ဖြစ် ဒါက မြန်မာပြည်ကို တိုးလာနေတဲ့ ဖိအားတွေရဲ့ တစိတ်တပိုင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ချက်ချင်းကြီးတော့ ဖြစ်လာမှာတော့မဟုတ်ဘူး တဖြေးဖြေးနဲ့ တိုးလာပြီးတော့ တချိန်ကျရင် ဖိအားအကောင်အထည်အကြီးကြီး ဖြစ်သွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ပြဿနာတခုကတော့ မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ဆိုတဲ့ အခြေအနေမရတဲ့အခါကျတော့ အခုလို ပြင်ပကနေပြီးတော့ ဖိအားပေးတဲ့ကိစ္စမျိုးတွေ ဆက်ဖြစ်နေမယ်လို့ထင်ပါတယ်။ တချို့ကတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုပြီးတော့ တခုထုတ်ထားပါတယ်။ ဒီကော်မရှင်အစီရင်ခံစာက ဘာပဲထွက်လာထွက်လာပေါ့ ၊ အဲဒီအနေအထားမှာတော့ ကျနော်ထင်တယ် ဒီထက် ပွင့်လင်းမြင်သာမှုပေါ့နော် သံတမန်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန် အပါဝင် နိုင်ငံတကာက စွပ်စွဲထားပြီး၊ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့လည်း တိုက်တွန်းနေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျုးလွန်သူ တချို့ကို အရေးယူခဲ့တာရှိသလို၊ နိုင်ငံတကာက စွပ်စွဲနေတဲ့အထိ မဟုတ်ကြောင်းလည်း ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG