သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်Bashir ကို ဆူဒန်စစ်တပ်ဖမ်းဆီးဟုသတင်းထွက်


Sudanese demonstrators wave their national flag as they arrive for a protest rally demanding Sudanese President Omar Al-Bashir to step down outside the Defense Ministry in Khartoum, Sudan, April 11, 2019.
Sudanese demonstrators wave their national flag as they arrive for a protest rally demanding Sudanese President Omar Al-Bashir to step down outside the Defense Ministry in Khartoum, Sudan, April 11, 2019.

ဧပြီ ၁၁၊ ၂၀၁၉။ ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ ၄ လနီးပါးကြာ ကြုံခဲ့ရပြီးနောက် သမ္မတ Omar al-Bashir ရာထူးက နှုတ်ထွက်သွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၇၅ နှစ်ရှိပြီးဖြစ်တဲ့ သမ္မတ ရာထူးက ဆင်းပေးပြီး၊ အသွင်ကူးပြောင်းရေးကောင်စီတရပ် ဖွဲ့စည်းဖို့ ဆွေးနွေးနေကြောင်း အစိုးရထဲက နီးစပ်သူတွေကို ကိုးကားပြီး AP နဲ့ Reuters သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

စစ်တပ်က အရေးကြီးတဲ့ ကြေညာချက်တရပ် ဒီနေ့ကြေညာမှာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ သမ္မတ ရာထူးကထွက်မယ့်သတင်းတွေ ထွက်ပေါ်လာတာပါ။ စစ်တပ်က ကြေညာမယ့် ကိစ္စကိုတော့ နိုင်ငံပိုင်သတင်းဌာနက အသေးစိတ် မပြောပါဘူး။ ထောင်နဲ့ချီတဲ့ Khartoum မြို့ခံတွေကတော့ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ထိုင်သပိတ်မှောက်နေကြတဲ့ စစ်ရုံးချုပ်ရှေ့ကို ချီတက်ခဲ့ကြပါတယ်။

ဒီရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ရာက သေဆုံးသူ ၂၂ ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ စစ်ရုံးချုပ်ရှိရာ နယ်မြေက သမ္မတ အိမ်တော်ကို စစ်သားတွေ လိုက်ပါလာတဲ့ ကားတွေ ဝန်းရံထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သမ္မတရဲ့ အာဏာရပါတီ ရုံးချုပ်ကို စစ်တပ်က စီးနင်းရှာဖွေတာတွေ လုပ်ခဲ့ကြောင်းလည်း Reuters နဲ့ AFP သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

သမ္မတ al-Bashir အစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေကြောင့် ကုန်ဈေးနှုန်းတွေနဲ့ လောင်စာဆီဈေးတွေ တဟုန်ထိုးမြင့်တက်ပြီး၊ နိုင်ငံခြားငွေ ပြတ်လပ်မှု ကြုံရတယ်ဆိုပြီး ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၉ ရက်နေ့ကစ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာ အာဏာသိမ်းပြီး တက်လာတဲ့ သမ္မတ al-Bashir အစိုးရကတော့ ဆန္ဒပြပွဲတွေကို အစောပိုင်း နှိမ်နင်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာပဲ တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ လူပေါင်း ၃၁ ယောက် သေဆုံးခဲ့ကြောင်း အစိုးရက လွန်ခဲ့တဲ့ သီတင်းပတ်တွေက ကြေညာထားပေမဲ့ လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) ကတော့ လူပေါင်း ၆၀ ထက်မနည်း သေဆုံးတယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG