သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်Bashair ကို ဆူဒန်စစ်တပ်ဖမ်းဆီးအာဏာသိမ်း


ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ ၄ လနီးပါးကြာ ကြုံခဲ့ရပြီးနောက် သမ္မတ Omar al-Bashir ကို စစ်တပ်က ဖယ်ရှားလိုက်ပါတယ်။

သမ္မတကို လုံခြုံတဲ့နေရာတခုမှာ ထိန်းသိမ်းထားကြောင်းလည်း ကာကွယ်ရေးဝန်ကြီး Awad Mohamed Ahmed Ibn Auf က ဒီကနေ့ ရုပ်မြင်သံကြားကနေ ကြေညာရာမှာ ပြောဆိုလိုက်တာပါ။ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ တိုင်းပြည်ကို ၂ နှစ်ကြာ အုပ်ချုပ်မယ့် ကောင်စီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ပြည်နယ်နဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေ အားလုံးကို ဖျက်သိမ်းလိုက်ကြောင်းလည်း ကြေညာခဲ့တာပါ။ သမ္မတ ရာထူးက ဖယ်ရှားခံလိုက်ရတဲ့အတွက် ထောင်နဲ့ချီတဲ့လူတွေဟာလည်း Khartoum မြို့လမ်းတွေပေါ် ထွက်လာခဲ့ကြပြီး၊ ကကြခုန်ကြ al-Bashir ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။

ဆူဒန်နိုင်ငံမှာ သြဇာအရှိန်အဝါကြီးတဲ့ အမျိုးသားလုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာနကတော့ နိုင်ငံတဝန်းမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ့်အကြောင်း နိုင်ငံပိုင် သတင်းဌာနကနေ အစောပိုင်းမှာ ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးလို့ဆိုပြီး နိုင်ငံအရှေ့ပိုင်းက Port Sudan နဲ့ Kasala မြို့တွေက ထောက်လှမ်းရေးဌာန အဆောက်အဦးတွေကို ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့ကြောင်းလည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

သမ္မတ al-Bashir အစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေကြောင့် ကုန်ဈေးနှုန်းတွေနဲ့ လောင်စာဆီဈေးတွေ တဟုန်ထိုး မြင့်တက်ခဲ့သလို၊ နိုင်ငံခြားငွေ ပြတ်လပ်မှု ကြုံရတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၉ ရက်နေ့ကစ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာ အာဏာသိမ်းပြီး တက်လာတဲ့ သမ္မတ al-Bashir အစိုးရကတော့ ဆန္ဒပြပွဲတွေကို အစောပိုင်း နှိမ်နင်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာပဲ တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG