သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ ပြည်နယ် နှစ် ၃၀ ပြည့်ပွဲတော် နိုင်ငံတော်အတိုင်ပင်ခံ သဝဏ်လွှာ ပေးပို့


ဝ ပြည်နယ် နှစ် ၃၀ ပြည့်ပွဲတော် အတွက် လေ့ကျင့်နေစဉ်
ဝ ပြည်နယ် နှစ် ၃၀ ပြည့်ပွဲတော် အတွက် လေ့ကျင့်နေစဉ်

ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၀ အထူးဒေသ ၂ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ပေမယ့် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်နေပါတယ်။

မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးနောက် နှစ် ၃၀ အတွင်း တိုက်ပွဲတွေ မဖြစ်ခဲ့ဘဲ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တဲ့ ၀ အဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အသိအမှတ်ပြုကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့လည်း ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဌက ဖိတ်ခေါ်ခဲ့တယ်လို့ ပြောခွင့်ရ ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ယက် Facebook မှာ ရေးသားထားပါတယ်။

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော် ပန်ဆန်းမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုပါ ဖိတ်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကိုတော့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီက ခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ နှစ် ၃၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ UWSA ဝတပ်ဖွဲ့က လက်နက် အင်အား အတောင့်တင်းဆုံး ဖြစ်ပြီး ငြိမ်းချမ်းရေး ဆယ်စုနှစ် ၃ ခုကြာ ငြိမ်းချမ်းရေး ကာလ အတွင်း တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG