သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ် တရုတ်ခရီးစဉ်အပေါ်သုံးသပ်ချက်


မြန်မာတပ်ချုပ်တရုတ်ခရီးစဉ်
မြန်မာတပ်ချုပ်တရုတ်ခရီးစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တရုတ် အစိုးရ ဖိတ်ကြားချက်အရ တနလာၤနေ့က တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ တရုတ်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မသွားရောက်မီ သီတင်း ၂ ပတ် အလိုမှာ အခုလို သွားရောက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တက်မယ့် BRI တရုတ်ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဖိုရမ်မတိုင်ခင်ဖြစ်လာတဲ့ ဒီ ခရီးစဉ်ကနေ မြန်မာနိုင်ငံအပေါ် ဘယ်လို သက်ရောက်မူ ရှိလာနိုင်ပါလဲဆိုတာကို ကိုဝင်းမင်းက တရုတ်အရေးကျွမ်းကျင်သူ Yun Sun ကို မေးမြန်းထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဖိတ်ကြားခဲ့တဲ့တရုတ် နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇူချီလောင်းနဲ့ တနင်္လာနေ့က တွေ့ခဲ့ပြီး နောက်တနေ့ အင်္ဂါနေ့မှာလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ ဆုံထောင်း နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မတိုင်မီ ဘာကြောင့် တရုတ်အစိုးရဘက်က အခုလို ဖိတ်ရတာကတော့ စိတ်ဝင်စားဖို့ကောင်းပေမယ့် တရုတ်အစိုးရဘက်က အဓိက ရည်ရွယ်တာကို အမေရိကန်အခြေစိုက် Stimson အဖွဲ့က တရုတ်ဌာန ညွှန်ကြားရေးမှူး Yun Sun က အခုလိုဆိုပါတယ်။

“တရုတ်အနေနဲ့ မြန်မာအစိုးရဖက်ကရော၊ တပ်မတော်ဖက်ကပါ နှစ်ဖက်လုံးက သဘောတူ ထောက်ခံပေးစေချင်တဲ့ ကိစ္စရပ်တွေ (၂) ခု (၃) ခု လောက်ရှိထားတယ်လို့ ထင်ပါတယ်။ ပထမဆုံး တစ်ခုကတော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းကိုပါ ဖြတ်သွားရမယ့် BRI (ခေါ်) တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက်ပေါ့နော်။ ဒီအတွက်လည်း သဘောတူထားပြီးသား စီမံချက်တွေ တစုံတရာရှိထားပြီးပေမဲ့၊ အခု ထပ်ပြီး ပိုသေချာအောင်လုပ်တဲ့သဘောမျိုးပေါ့နော်။”

Stimson မူဝါဒရေးရာသုတေသန သုံးသပ်မှုအဖွဲ့မှာ အရှေ့အာရှဌာန ပူးတွဲ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Yun Sun က အခုလို မြန်မာ့အရေးမှာ အရပ်သားအစိုးရအပြင် တပ်မတော်ဘက်ကပါ သဘောတူညီမှုရဖို့က အရေးကြီးတယ် ဘာဖြစ်လို့လဲဆိုတော့ တပ်ဘက်က မထောက်ခံရင်တောင်မှ မကန့်ကွက်ဖို့ လိုတာကြောင့်ဖြစ်တယ်၊ အလားတူ ငြိမ်းချမ်းရေး ကိစ္စအတွက်လည်း တပ်ပါဖို့က အရေးပါတယ်ဆိုပြီး အခုလိုဆက်ပြောပြပါတယ်။

“တကယ်တော့ ဝပြည်သွေးစည်းညီညွတ်ရေး လက်နက်ကိုင်တပ် (UWSA) အနေနဲ့ ရှေ့အပတ်ထဲမှာ ငြိမ်းချမ်းရေး နှစ် (၃၀) တောင် ပြည့်လာတဲ့ အခမ်းအနားကြီးကို အကြီးအကျယ် လုပ်ပြီး စစ်ရေး ပြပွဲတွေပါ ထဲဖို့ ရှိနေတယ်လေ။ ဒါကြောင့် ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်တိုးနိုင်ဖို့ တရုတ်ရဲ့ အလေးထားမူနဲ့ အပြုသဘောပါဝင်မှုက စေတနာမှန်ပြီး အကျိုးလည်းဖြစ်စေပါတယ်။”

Yun Sun က ဆက်ပြီး တရုတ်နိုင်ငံအတွက် မြန်မာနဲ့ နယ်စပ်လုံခြုံရေးက အဓိကအကျဆုံး ဖြစ်တာမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် စစ်ဦးစီးချုပ် ဆွေးနွေးပွဲမှာ ဒီကိစ္စကို အလေးအနက်ဆွေးနွေးခဲ့မှာ သေချာတယ်လို့ ဆိုပါတယ်။ အခုလို စစ်ရေး လုံခြုံရေးကိစ္စ ဆွေးနွေးခဲ့တာအပြင် နိုင်ငံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာလည်း ပိုကျယ်ပြန့်တဲ့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဆွေးနွေးနိုင်တယ်လို့ Yun Sun က ထောက်ပြပါတယ်။

“သူ့အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေး အကြီးအကဲ ဆုံထောင်း နဲ့လည်းတွေ့ခဲ့ပါသေးတယ်။ ဆုံထောင်း က တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကိစ္စတွေမှာ အဓိက လုပ်ဆောင်နေသူပါ။”

ဒါပေမယ့် အခုတွေ့ခဲ့တဲ့ တရုတ်အရာရှိ ၂ ဦးလုံးက တရုတ်မှာ သြဇာအကြီးဆုံးဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်တွေမဟုတ်ဘူး ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နောက်ထပ် ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ မသိရသေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်လာရင်တော့ ဒီ ပေါလစ်ဗျူရိုအဆင့်မြင့် အရာရှိလည်းဖြစ် နိုင်ငံခေါင်းဆောင်လည်းဖြစ်တဲ့ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဖို့ သေချာတယ်လို့ ဆက်ပြောပါတယ်။ အဲဒီတော့ အခုခရီးစဉ်ထဲမှာ မြန်မာနိုင်ငံမှာ ပိုပြင်းထန်လာနေတဲ့ ရခိုင်ပဋိပက္ခအပေါ် အလေးအနက်ဆွေးနွေးနိုင်ပါ့မလားလို့ မေးရာမှာ Yun Sun က

“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ ပိုတင်းမာလာတာကို စိုးရိမ်ပါတယ်။ ဒါပေမဲ့ ရခိုင်မှာစဖြစ်နေတာက တရုတ်နယ်စပ်အပေါ်မှာ တိုက်ရိုက်ခြိမ်းခြောက်မူ မရှိသေးတာမျိုးဆိုတော့၊ ဒီ AA ရခိုင်လက်နက်ကိုင်တပ်အပေါ် ထားတဲ့သဘောက ကချင်တပ်တို့ ဝတပ်တို့လောက် အဓိကဦးစားပေးထား စဉ်းစားတဲ့သဘောမရှိပါဘူး။”

နောက်ရခိုင်က ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေ ပြန်လာရေး တရုတ်ဘက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ ကြိုးပမ်းနေတဲ့အပေါ် Yun Sun က ဒါက ၂၀၁၇ နှောင်းပိုင်း ကတည်းကစပြီး လုပ်လာတာဖြစ်ပြီး အခုလည်း စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ BRI တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဆွေးနွေးပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ခေါင်းဆောင်တွေအကြား ကြီးမားတဲ့ သဘောတူညီချက်တွေ လက်မှတ်ထိုးဖို့ ရှိနိုင်ပါသလားလို့ မေးရာမှာ Yun Sun က မထင်ဘူးလို့ ဆိုပါတယ်။

“ဒီ တရုတ်-မြန်မာ စင်္ကြန်လမ်းနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေက အရင်ပြောခဲ့သလိုပဲ အခု ဒုတိယအကြိမ် BRI တရုတ်ခေတ်သစ် ပိုးလမ်းမစီမံကိန်း ဖိုရမ်ဆွေးနွေးပွဲကြီး မတိုင်ခင်ကတည်းက သဘောတူထားပြီးသားပါ။ နောက် အခု ဒီ ဖိုရမ်ကလည်း နှစ်နိုင်ငံ ဆွေးနွေးတာမျိုးမဟုတ်ဘဲ၊ နိုင်ငံများစွာပါတဲ့ ဆွေးနွေးပွဲမျိုးလေ၊ တရုတ်က ဒီ ပိုးလမ်းမ စီမံကိန်းတလျှောက်ပါတဲ့ နိုင်ငံတွေအားလုံးကို ဖိတ်ထားတာပါ၊ အဲ့ဒီတော့ ဒီ နှစ်နိုင်ငံအကြား ကြီးမားတဲ့ လုပ်ငန်းတွေ ထွက်ပေါ်လာမယ်လို့ မထင်ပါဘူး။”

ပထမအကြိမ် BRI တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဖိုရမ်ဆွေးနွေးပွဲကြီးကို ၂၀၁၇ မှာကျင်းပခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG