သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ခါးပတ်လမ်း စီမံကိန်း G-7 စိုးရိမ်


G-7 အဖွဲ့ဝင် ခေါင်းဆောင်များ
G-7 အဖွဲ့ဝင် ခေါင်းဆောင်များ

တရုတ်နိုင်ငံက ဖေါ်ဆောင်နေတဲ့ OBOR ခါးပတ်လမ်း စီမံကိန်းနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ သဘောထားပါ ကြေညာချက် တစောင်ကို ပြင်သစ်နိုင်ငံ Dinardမြို့မှာကျင်းပနေတဲ့ G7 စက်မှုထိပ်သီး(၇)နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ထုတ်ပြန်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေက Dinardမြို့မှာ G7 နိုင်ငံခြားရေးဝန်ကြီးတွေ ၂ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ အဲဒီပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကိုယ်စား တက်ရောက်တဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး John Sullivan နဲ့ G7 နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၆ ဦးတို့ ပူးတွဲကြေညာချက် တစောင်ကို စနေနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်ထဲမှာတော့ တရုတ်နိုင်ငံရဲ့ စိတ်မချရတဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ်ရေးကိစ္စကိုရော၊ မျှတမှု မရှိတဲ့ တရုတ်ရဲ့ကုန်သွယ်ရေး လုပ်ဆောင်ချက်အပေါ်မှာပါ စိုးရိမ်မကင်းဖြစ်ရကြောင်း သဘောထား ဖလှယ်ခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်အနေနဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာ စံသတ်မှတ်ချက် ဥပဒေကို လိုက်နာလုပ်ဆောင်ဖို့ တိုက်တွန်းကြပါတယ်။

အိမ်နီးချင်းတွေနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ အရှေ့နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်က ပိုင်နက်ချဲ့ထွင်နေတဲ့ ကြိုးပမ်းမှုတွေကိုလည်း အလွန်ပဲ စိုးရိမ်မိကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ တရားဥပဒေစိုးမိုးမှုရှိပြီး လွတ်လပ်ပွင့်လင်းမှုကို ထိန်းသိမ်း ရေးဟာ အရေးကြီးကြောင်း ကြေညာချက်မှာ မီးမောင်းထိုးပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်လို့တော့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ဆက်လက်ဆွေးနွေးဖို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းကြပြီး၊ အစုအပြုလိုက် သေစေနိုင်တဲ့ မြောက်ကိုရီးယားလက်နက် အစီအစဉ်တွေကို အပြီးတိုင် ဖယ်ရှားရေးနဲ့ နောက်ထပ် ပြန်မထုတ်ဘူးဆိုတဲ့ ခိုင်လုံတဲ့ စစ်ဆေးခံမှုတွေ ပြီးပြည့်စုအောင် လုပ်ပြမယ်ဆိုတဲ့ ကတိမျိုးကို မြောက်ကိုရီးယား ဘက်က ခုထိ မပေးသေးကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ပြန်ပေးဆွဲ ခံထားရသူတွေအရေးကို အမြန်ဖြေရှင်းပေးဖို့ မြောက်ကိုရီးယားကို တောင်းဆို ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG