သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဆူပူမှုများ သွေးထိုးလှုံ့ဆော်မှုရှိဟု သမ္မတရုံး ထုတ်ပြန်


သမ္မတရုံးထုတ်ပြန်ချက်
သမ္မတရုံးထုတ်ပြန်ချက်

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တချို့မှာ ဒီရက်ပိုင်းအတွင်း ဆူပူမှုတွေ ဖြစ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးသွားမယ့်အကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အကျဉ်းသား ၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ထောင်ဆူပူမှုတွေ ဒုတိယနေ့အဖြစ် ကြုံခဲ့ရပြီး ဒီနေ့မှာပဲ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မနေ့တုန်းက ကလေးနဲ့ ဘားအံ အကျဉ်းထောင်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်၊ နောက်ဆက်တွဲအဖြစ် ဒီနေ့မှာလည်း ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနဲ့ ပုသိမ်ထောင်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ အခင်းဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေဟာ တူညီနေပြီး၊ အကျဉ်းသား တချို့က ဖြစ်စဉ်ကို လက်ကိုင်ဖုန်းကနေ လူမှုကွန်ရက်တွေပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်တာတွေကို စိစစ်တွေ့ရှိခဲ့တဲ့အတွက် ချိတ်ဆက်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ ရှိခဲ့တယ်လို့ သုံးသပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတွက်လည်း ဆူပူမှုတွေ ဖြစ်ရတဲ့အကြောင်းရင်းကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာ့ရိုးရာသင်္ကြန် နှစ်သစ်ကူးကာလနောက်ပိုင်း သမ္မတဦးဝင်းမြင့် အမိန့်နဲ့ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပြီး နောက်မှာပဲ နောက်ဆက်တွဲ ဆူပူမှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ အစီအစဉ်အပေါ် မကျေနပ်ချက်တွေကြောင့် ကန့်ကွက်တောင်းဆိုရင်း ဆူပူမှုတွေ ဖြစ်ခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်မှာ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ကျန်းမာရေး ပြဿနာရှိနေသူတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေ၊ မသန်စွမ်းသူတွေလို ဦးစားပေးရမယ့်သူတွေကို စိစစ်ရွေးချယ်ပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG