သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုထောင်ဆူပူမှုနှိမ်နင်းရာမှာ အကျဉ်းသားလေးဦး သေဆုံး


ရွှေဘိုထောင်ဆူပူမှုနှိမ်နင်းခဲ့အပြီး
ရွှေဘိုထောင်ဆူပူမှုနှိမ်နင်းခဲ့အပြီး

၂ ရက်အတွင်း အကျဉ်းထောင် ၆ ထောင်ဆူပူတာကြောင့် အကျဉ်းသား ၄ ဦးသေဆုံးပြီး အချို့ဒဏ်ရာ ရရှိခဲ့ပါတယ်။ လူသေဆုံးမှုတွေရှိခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဟာ ခုတော့ အခြေအနေ တည်ငြိမ်သွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတရဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး နောက်တနေ့ကစလို့ ခုလို ဆူပူမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မနေ့က စစ်ကိုင်းတိုင်း ကလေးမော်လိုက် အကျဉ်းထောင်နဲ့ ဘားအံ့အကျဉ်းထောင်တို့မှာ ဆူပူမှုဖြစ်ပြီး ဒီနေ့မှာတော့ မြစ်ကြီးနား ပုသိမ် သာယာဝတီ ရွှေဘိုတို့မှာ ထောင်ဆူပူမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရွှေဘို အကျဉ်းထောင်ကတော့ မနေ့ညကတည်းက ဆူပူမှုဖြစ်ပြီး အာဏာပိုင်တွေဘက်က သေနတ်နဲ့ပစ်လို့ အကျဉ်းသား ၄ ယောက်သေဆုံးခဲ့ပြီး အကျဉ်းသား တချို့ ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ ရွှေဘိုထောင်ဆူပူမှုကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် လာရောက်ခဲ့ပြီး အကျဉ်းသားတွေ တောင်းဆိုတာကို တင်ပြပေးသွားမယ်လို့ မီဒီယာတွေမေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။

"တောင်းဆိုတာတွေက တန်းတူညီမျှအခွင့်အရေးပေါ့။ ဒါလည်းတို့အကုန်တင်ပေးမှာပဲလေ။ မင်းတို့ဟိုဟာ ၁၉ လား ၁၉ လည်းတို့တင်ပေးမှာပဲ။ သူတို့တောင်းဆိုချက်တွေအကုန်လုံးကိုရေးပါလို့ ငါပြောခဲ့ပြီးသားပဲ။ မင်းတို့ပြောပါ။ ဒီလိုမလုပ်ပါနဲ့ တို့ရည်ရွယ်ချက်တခုက ဘယ်လောက်ရည်ရွယ်ချက်ကောင်းကောင်း လုပ်နည်း လုပ်ဟန်မှားသွားတာနဲ့ အဲ့ရည်ရွယ်ချက်က အလသာဖြစ်သွားကော။ ငြိမ်းချမ်းချမ်းလေးနဲ့ သူတို့ လုပ်ကိုင် ပေးမယ်ဆိုရင် ဒါမို့လို့ သူတို့ကို တင်စရာရှိတာ တင်ပေးမှာပါ။ ဘယ်လိုမှ စိတ်ထဲမရှိပါဘူး။ ဒီနေ့ ဖြစ်တဲ့ထဲမှာ ဘာမှ ဒဏ်ရာရတာ မရှိဘူး။ အခုတော့ဆရာလည်း အဆောင်တွေ လှည့်ပတ် ကြည့်တယ်လေ။"

ရွှေဘိုအကျဉ်းထောင်ဆူတာ ဒါနဲ့ဆို ၂ ကြိမ်ရှိပါပြီ။ သမ္မတရဲ့ ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ကြေညာအပြီးမှာလည်း အလားတူ ဆူပူမှု ဖြစ်ခဲ့ပါသေးတယ်။ အခုတခေါက် ဆူပူမှုမှာ အာဏာပိုင်တွေဘက်က ပစ်ခတ် ထိန်းသိမ်းခဲ့လို့ သေဆုံးတာတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ရွှေဘိုအကျဉ်းထောင်ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ရွှေဘိုမြို့ ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။

မနေ့ညက သူတို့က တာဝန်ရှိသူတွေကို ပြန်လည်ပြီး ခုခံတဲ့အတွက် တုတ်တွေဘာတွေနဲ့ရိုက် ဂဲတွေဘာတွေနဲ့ ပစ်တဲ့အတွက် သူတို့က အတင်းဝင်စီးမလိုဖြစ်တဲ့အတွက် လှမ်းပစ်ရတဲ့အချိန်မှာ ထိတာပဲရှိတာပါ။ ကျန်တာမရှိ ပါဘူး။ မနက်က ကျွန်တော် ၃ လောင်းကောက်ပါတယ်။ ၃ လောင်းနဲ့ သာမာန်ဒဏ်ရာ တဦးပါခင်ဗျ။ မနေ့ကတော့ Dead Body တခုနဲ့ ပြင်းထန်ဒဏ်ရာ တယောက်နဲ့ သာမန်ဒဏ်ရာ တယောက်ပါခင်ဗျ။ အခုလည်း ဝန်ကြီးချုပ် ကိုယ်တိုင် ရှင်းတာကို လက်မခံတာပါ။ အကျဉ်းသားတွေက မင်းတို့ဖြစ်ချင်တာကို တင်ပြပေးဆိုတာကို လက်မခံတာပါ။ စစ်တပ်ကတော့ အထဲမှာ လုံခြုံရေးအရ သက်ဆိုင်ရာ ဒေသအာဏာပိုင် တွေအကုန်လုံး လုံခြုံရေးအရ စောင့်ကြည့်နေတာရှိတာပါ။ အထဲတော့ မဝင်ပါဘူး။ အကုန်ငြိမ်သွားပါပြီ။ သူ့ အခန်းနဲ့သူ။ သူတို့တောင်းဆိုတာက မနက်ကတုန်းက ဝန်ကြီးချုပ်နဲ့ညှိနှိုင်းတယ် သူတို့တင်ပြချက်တွေကို ဝန်ကြီးချုပ်ကလည်း မင်းတို့တင်ပြချက်တွေကို ငါဆက်ပြီးတင်ပြပေးမယ် ငါတဦးထဲမပြီးဘူး အကုန်မင်းတို့ တင်ပြပေး လိုအပ်တာကို ကူညီဆောင်ရွက်ပေးမယ်လို့ ပြောတာကို သူတို့က လက်မခံကြတာ။ အထဲမှာ အဆောင်တွေဖျက် သော့တွေဖျက် ရိုက်ချိုး အကုန်လျှောက်လုပ်ကြတာ။ အင်အားသုံးပြီးတော့ ထိန်းသိမ်း ရတဲ့ သဘောပါပဲခင်ဗျ။ မထိန်းသိမ်းလို့ရှိရင် ဒီထက်ထိ ဆိုးမယ့် အခြေအနေတွေ ဖြစ်ကုန်ပါမယ်။"

အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်ရေး ရရှိဖို့နဲ့ အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ အဓိကထား တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။

အခုလို ၂ ရက်အတွင်း ထောင် ၆ ခု ဆူပူမှုဖြစ်ပေါ်တာဟာ အကျဉ်းသားတွေကို လွှတ်ပေးရာမှာ ပွင့်လင်း မြင်သာမှုမရှိတာကြောင့်လို့ သုံးသပ်တာက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုဘိုကြည်ပါ။

"အဓိက အကြောင်းရင်း သူတို့လွတ်မြောက်ရေးဆိုပြီးပြောတယ်။ ပြောတယ်ဆိုတဲ့အခါမှာ အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခါမှာ စိစစ်မှုပုံစံက ရှင်းလင်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘယ်လိုစိစစ်တာလည်း ဘယ်သူတွေက စိစစ်တာလည်း ဘယ်လိုအကျဉ်းသားမျိုးကိုမှ ရွေးပြီး လွှတ်တာလည်းဆိုတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အပိုင်းကို သွားပြီးတွေ့ရတယ်။ ဆိုလိုတဲ့ဟာက အစိုးရက စိစစ်ရေးလုပ်မယ်ဆိုရင် ဖြစ်နိုင်ရင် အကျဉ်းသား စိစစ်ရေး ကော်မတီလို ဖွဲ့ပြီး လုပ်မယ်ဆိုလို့ရှိရင်တော့ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာတဲ့ဟာကို ပွင့်လင်းမြင်သာတဲ့ ဖြစ်စဉ် မျိုးကို ရနိုင်တယ်။ အဲ့လိုဆိုရင် အကျဉ်းသားတွေကလည်း သူတို့မလွတ်ရင် မလွတ်တဲ့အကြောင်းကို သေချာ သိရမယ်။ ဒီလိုမျိုးဖြစ်အောင်တော့ ကျွန်တော်တို့ စီစဉ်ရမယ်။ နောက်တခုက အကျဉ်းသားတွေ ဆန္ဒပြမှုကို ဖြိုခွဲ တဲ့အခါမှာ အကျဉ်းသားတွေ သေဆုံးတဲ့အထိ ဖြစ်လာတယ်။ ဒါက ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။ ပြီးတဲ့အခါကျတော့ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုက ပိုပြီးမြင့်တက်လာတယ်။ ဒါတွေက ကောင်းတဲ့ အလား အလာတွေမဟုတ်ဘူး။"

နိုင်ငံတော် သမ္မတက ဧပြီလ ၁၆ ရက်ကနေ မေလ ၇ ရက်နေ့အထိ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်ပေးပြီး မြန်မာ နိုင်ငံ အနှံ့အပြားမှာရှိတဲ့ ထောင်တွေထဲမှာ အကျဉ်းသား ၂သောင်း၃ထောင်ကျော်ကို ပြန်လည် လွှတ်ပေး ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး အကြိမ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အခုဆူပူနေတဲ့ ထောင်တွေထဲက အကျဉ်းသားတွေ မပါဝင်တာကြောင့် ဆူပူမှုတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန္တလေး အိုးဘိုထောင်နဲ့ ပဲခူးထောင်တို့မှာ ထောင်ဆူပူတာတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်တဲ့ အတွက် လုံခြုံရေးချထားရပါတယ်။ မြန်မာနိုင်ငံမှာ အကျဉ်းထောင်နဲ့ အလုပ်စခန်းပေါင်း ၉၃ ခုရှိပြီး အကျဉ်းသား ၉ သောင်းကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG