သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတလွတ်ငြိမ်းခွင့် နိုင်/ကျဉ်း အနည်းငယ်သာ ပါဝင်


၂၀၁၉ ဧပြီလ ၁၇ ရက်နေ့မှာ သမ္မတ အမိန့်နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဖြင့် လွတ်လာသူများ

ဒီကနေ့နှစ်ဆန်း တရက်နေ့မှာ အကျဉ်းသား ၉၀၀၀ ကျော်ကို သမ္မတ ဦးဝင်းမြင့်က ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်။ အခုအချိန်ထိ လွတ်မြောက်လာသူတွေ အထဲမှာတော့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက် ရေးအဖွဲ့ AAPPB ကတော့ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်ကို ခြွင်းချက်မရှိ လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခ ပေးပို့ထား ပါတယ်။

မြန်မာ သက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ သမ္မတ အမိန့်နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာမှာ နိုင်ငံသား အကျဉ်းသား ၉၅၅၁ ယောက်ပါဝင်ပြီး နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်သလဲဆိုတာ တိတိကျကျမသိရပေမယ့်လို့ အခုပြန်လွတ်ပြီး စာရင်းတွေမှာတော့ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုဟာ အင်မတန်နည်းတယ်လို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက် ရေး အဖွဲ့ AAPPB က ကိုဘိုကြည်က ပြောပါတယ်။

" လောလောဆယ်ကျနော်တို့သိတာ ၂ဦးတော့သိတယ်။ သက္ကရာဇ် ၂၀၀၀လောက်ထဲက ဖမ်းထား ခံရတာ အခု သူတို့ထောင်ထဲမှာ ၁၉ နှစ်ရှိပြီ။ အခုလို နိုင်ငံရေးအကျဉ်းသား ကိစ္စပြေလည်ချင်ရင် ပြည်တွင်း စစ်ရပ်ငြိမ်းချမ်း ရေးရတာတို့၊ လယ်ယာမြေ ကိစ္စဖြေရှင်းနိုင်တာတို့၊ နောက်လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်နဲ့ စီတန်းခွင့်တွေနဲ့ပတ်သတ် တာတွေကို ရာဇဝတ်မှု မဟုတ်တော့ဘူး၊ မဟုတ်တဲ့ အထိ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အဲလိုပဲ ကျနော်တို့နိုင်ငံမှာ ဥပဒေတွေ တော်တော်များများက အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ဆွဲထားတဲ့ ဥပဒေတွေ ဖြစ်ပြီးတော့ မတရားတဲ့ ဥပဒေတွေဖြစ်နေပါတယ်။ ဒီဥပဒေတွေကို ပြင်နိုင်ပြီဆိုရင် ဒီမိုကရေစီလူ့ဘောင်သွားတဲ့ လမ်းကြောင်းအမှန်အပေါ်ကို ရောက်နေပြီလို့ ယူဆရမှာပါ။ ခုချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံလည်းရှိနေတယ်၊ အစိုးရက လက်နက်ကိုင် တပ်ဖွဲ့တွေကို အမိန့်ပေးနိုင်တဲ့ အနေအထားမျိုးမှာ မရှိနေဘူး။ ဒီလိုအချိန်မှာတော့ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရောက်နေပြီ လို့ ပြောဖို့ ခက်တဲ့အနေအထားရှိနေပါတယ်။"

အကျဉ်းသား ၉၀၀၀ ကျော်ကို လွတ်မယ်လို့ ထုတ်ပြန်ထားပေမယ့် အခုချိန်ထိတော့ တော်တော်များများ ပြန်မလွတ်လာသေးပါဘူး။ တချို့သော ထောင်တွေမှာ စိစစ်လုပ်ကိုင်မှုတွေ လုပ်ဆောင်နေရဆဲဖြစ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။ ညနေ ၄နာရီ ကျော်အထိ ရရှိထားတဲ့ စာရင်းအရ လွှတ်လာသူအများစုမှာ ကျန်းမာရေးမကောင်းသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ အများစုပါဝင်တယ်လို့ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေကဆို ပါတယ်။ အင်းစိန်ထောင်မှူး ဦးဇော်ဇော် ကတော့ ဒီကနေ့ အင်းစိန်ထောင်ကနေ လွတ်လိုက်သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားမပါဝင်ဘူးလို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက် ရေး အဖွဲ့ AAPPB က ကိုဘိုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်ဆန်းတရက်နေ့မှာ ခုလိုပဲ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာလည်း နိုင်ငံရေးအကျဥ်းသား အနည်းငယ်သာ ပါဝင်ခဲ့တာပါ။ လက်ရှိ NLD အစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ ခုလိုအချိန်မျိုးမှာ နိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးသင့်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

"တကယ်ကနိုင်ငံရေး အကျဉ်းသားတွေခြွင်းချက်မရှိလွှတ်သင့်တယ်။ လက်ရှိအစိုးရအနေနဲ့ အတိတ်ကိုတော့ သင်ခန်းစာ ယူဖို့လိုတယ်။ အတိတ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းထားတယ်။ ဖမ်းထားတော့ နိုင်ငံတကာဖိအားတွေ ပိုရလာတယ်။ စီးပွားရင်းနှီးမြှပ်နှံမှုတွေ တော်တော်လေး ကျဲသွားတာတွေ ရှိတယ်။ အဲဒီ စစ်အစိုးရကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတယ်၊ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်ခွင့်ပေးတယ်။ အဲလိုအချိန်မှာ တိုင်းပြည်က အကောင်းဘက်ကို ရွေ့သွားတာရှိပါတယ်။ ဆိုတော့ အခုလည်း အဲလိုပေါ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးပြီးတဲ့ အခါကျတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာက တိုင်းပြည်အကောင်းဘက်ကိုရွေ့ဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုဖို့အတွက် အကောင်းဆုံးပါ။"

ဒီကနေ့ အင်းစိန်ထောင်က လွတ်မြောက်လာသူတွေထဲမှာ ရခိုင်အရေး သတင်းရေးသားမှု နဲ့ ပတ်သတ်လို့ နှစ်ရှည်ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းသမားတွေ မပါဝင်ခဲ့ပါဘူး။ ဒါနဲ့ ပတ်သတ်လို့ ရိုက်တာ သတင်းသမားတွေ ရှေ့နေ ဦးသန်းဇော်အောင်က

" ဘာလို့ မပါလဲဆိုတော့ နိုင်ငံတော် သမ္မတ စဉ်းစာတဲ့နေရာမှာ တခြားအချက်တွေထည့် စဉ်းစားလို့ဖြစ်တယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကို သုံးတဲ့နေရာမှာ တခြား မစဉ်းစားဘဲ နဲ့ လွတ်လွတ်လပ်လပ် သုံးတယ်ဆိုရင် ကျနော်တို့ ပါနိုင်ပါတယ်။ ဒါပေမယ့် အဲလို လွတ်လွတ်လပ်လပ် သုံးမယ်ဆိုတဲ့အလားအလာ ခုထိမတွေ့ရသေးပါဘူး။"

လက်ရှိချိန်ထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကချင်ပြည်နယ်က အကျဉ်းထောင် တွေကတော့ အကျဉ်းသားတွေ ပြန်လွတ်မြောက်လာနေဆဲ ဖြစ်ပါတယ်။ လက်ရှိ ရရှိထားတဲ့ စာရင်းအရ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ဦးသာ ပါဝင်သေးတယ်လို့ AAPPB အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG