သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထံတင်သွင်းတဲ့ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းထဲ နိုင်ကျဉ်းတွေ မပါ


လွှတ်ပေးသင့်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတဆီ တင်ပြထားတာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများနဲ့ ပတ်သတ်ပြီး သီးခြား တင်ပြထားတာ မရှိသေးဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အဓိပ္ဗါယ်ဖွင့်ဆိုမှု မရှိတာကြောင့်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဆိုပြီး နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့တွေကတော့ အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်း သား အဓိပ္ဗါယ် အမြန်ဆုံး ဖွင့်ပေးဖို့နဲ့ လွှတ်ပေးသင့်တဲ့ အကျဉ်းသား လွှတ်ပေးမယ်ဆိုရင် နိုင်ငံရေးအကျဉ်း သားတွေကို ထည့်စဉ်းစားဖို့ တောင်းဆိုနေကြ ပါတယ်။ ဒီသတင်း ကို ဗွီအိုအေ သတင်းထောက် မေခက စုစည်းတင်ပြထားတာပါ။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က လွှတ်ပေးသင့်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးနိုင်ဖို့ နိုင်ငံတော်သမ္မတဆီ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေးပို့တင်ပြထားတာပါ။ ဒီလိုတင်ပြထားတာမှာ မူးယစ်ဆေးဝါးကို ကိုယ်တိုင်သုံးစွဲပြီး ပမာဏအ နည်းငယ် လက်ဝယ်တွေ့ရမှုနဲ့ နှစ်ရှည်ထောင်ကျသူ၊ ပြစ်မှုကျူးလွန်တယ်လို့ တိကျတဲ့ သက်သေမရှိဘဲ သံသယနဲ့ ထောင်ကျခံရသူ၊ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာသန်စွမ်းမှုမရှိတော့သူ၊ သတ်ရန်ရည်ရွယ်ချက်မရှိဘဲ မတရားခံရ တာကိုဝင်ကူရင်း အသက်သေဆုံးရလို့ ထောင်ကျခံရသူ၊ ပြစ်မှုကြီး မဟုတ်ဘဲ ထောင်ကျနေတဲ့ အမျိုးသမီး ကလေး မိခင်များ ပါဝင်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဦးယုလွင်အောင်က ဆိုပါတယ်။ ဒီလိုစိစစ်တင်ပြထား တာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများနဲ့ ပတ်သတ်ပြီး သီးခြားတင်ပြထားတာ မရှိတာမို့ ဗွီအိုအေ မေးမြန်းမှုကို သူက အခုလိုဖြေသွားတာပါ။

“ အဲဒီ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ Definition က ပြသနာ ရှိတယ်။ ဘယ်သူသည် နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အဲလို ဖြစ်နေတာလေ။ အန်ကယ် အခု စစ်ခဲ့တဲ့ ထောင်ထဲမှာ အဲဒီလူတွေထဲမှာ ကျနော် နိုင်ငံရေး အကျဉ်းသားပါလို့ ပြောတဲ့သူ တယောက်မှ မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆိုတာမှာ ဘယ်သူက နိုင်ငံရေး အကျဉ်းသားလဲလို့ မေးလာရင် ဖြေရတာ အတော်ခက်တယ်လေ။ ဆိုတော့ နိုင်ငံရေး အကျဉ်းသားကို အန်ကယ်တို့က ဇောင်းပေးခြင်း မပေးခြင်းထက် အန်ကယ်တို့ကျတော့ လူ့အခွင့်အရေးနဲ့ဘဲ လေ့လာတဲ့ အခါကျတော့ ကျနော်က မတရား ထောင်ကျတာပါလို့ ပြောရင် အန်ကယ်တို့က အဲဒီလူရဲ့ မတရား ထောင်ကျတဲ့ဟာကို စိစစ်ပြီးတော့ သက်ဆိုင်ရာကို တင်ပြပေးတာပေါ့။ ဒီသဘောပါဘဲ။ နိုင်ငံရေး အကျဉ်းသား ရယ်လို့တော့ အန်ကယ်တို့က သီးခြားတော့ နာမည်တပ်ပြီး မတွေ့မိဘူး။ ”

လက်ရှိ အကျဉ်းထောင်ထဲမှာ သတ်မှတ် အကျဉ်းသားဦးရေထက် ပိုလျှံနေလျက် ရှိပြီး နေထိုင်စားသောက်ရတာမှာ အခက်အခဲအချို့ ရှိလာတာကြောင့် အခုလို စိစစ်တင်ပြတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အကျဉ်းထောင်ထဲမှာ အများဆုံး အကျဉ်းကျ ခံနေရသူတွေကတော့ မူးယစ်ဆေးဝါး အမှုဖြစ်ပြီး အကျဉ်းထောင် လူဦးရေ ပမာဏရဲ့၄၆ ရာခိုင်နှုန်း ကျော် ရှိနေတယ်လို့ လူ့အခွင့်အရေး ကော်မရှင် စာရင်းတွေက ဆိုပါတယ်။ ဒီလို အကျဉ်းထောင် သတ်မှတ် ပမာဏထက် ပိုလျှံနေတာမို့ လျှော့ချဖို့ အကျဉ်းသား လွှတ်ပေးရေး ဆောင်ရွက်ပေမယ့် ပြည်သူ့လုံခြုံရေးနဲ့ ပတ်သတ်ပြီး စဉ်းစားရဖို့ ရှိနေတာမို့ ဒါက စစ်မှန်တဲ့ အဖြေဟုတ်မဟုတ် မေးမြန်းတာမှာ ဦးယုလွင်အောင်က

“ အန်ကယ်ကတော့ အဖြေကောင်း တခု ဖြစ်မယ်လို့ ယုံကြည်လို့ တင်ပြတာပေါ့ သမီးရယ်။ ၁ ထောင်လွှတ်တဲ့ အထဲမှာ ၃ - ၄ ယောက်လောက်တော့ ဖောက်တဲ့သူ ရှိနိုင်ပါတယ်။ သို့သော် အားလုံး ၁ ထောင်လွှတ်ရင် ၁ ထောင်လုံး လူကောင်းတွေ ဖြစ်သွားမယ်လို့တော့ အန်ကယ် မပြောလိုပါဘူးကွယ်။ မကောင်းတဲ့ လူလည်း ပါကောင်း ပါသွားနိုင်တယ်။ သာမန်အားဖြင့် လက်တည့်စမ်းမိတဲ့ ကလေးတွေ ရှိတယ်။ လူငယ် ဘာသာဘာ၀ ပေါ့နော်။ ဒီကလေးတွေကတော့ ကြောက်လန့်ပြီးတော့ နောက် လုပ်ချင်မှ လုပ်တော့မယ်ပေါ့။ ခုနကလို အပြား ထောင်နဲ့ သောင်းနဲ့ မော်တော်ကား တစီးတိုက်တို့ အဲလို မိတဲ့ လူတွေကို လွှတ်ပေးဖို့ အန်ကယ်က ပြောတာ မဟုတ်ဘူးလေ။ အဲလိုလူတွေကို လွှတ်မပေးသင့်ဘူး။ နောက်တခုကတော့ လူသတ်မှု၊ မဒိမ်းမှု၊ လူသတ် အလောင်းဖျောက် ဒါမျိုးတွေပေါ့နော် အဲလိုလူတွေကို လွှတ်မပေးသင့်ပါဘူးလို့လည်း အန်ကယ် အစီရင်ခံစာထဲမှာထည့် ဖော်ပြထားတယ်။ အများပြည်သူကို ဒုက္ခပေးတဲ့သူပေါ့ သမီးရယ်။ လွှတ်ပေးရင် လုံး၀ ဦးစားမပေးသင့်ပါဘူးလို့အန်ကယ်က အဲလို ရေးထားတယ်။ ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ ရန်ကုန်ရုံးတာဝန်ခံ ကိုပွကြီးကတော့ အခုလို လွှတ်ပေးသင့်တဲ့ အကျဉ်းသားတွေ လွှတ်ပေးတာမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားအဓိပ္ဗါယ် ရှိနေပြီးတာကို လွှတ်တော်ကနေအတည်ပြုဖို့လိုနေပြီလို့ လည်းဆိုပါတယ်။

“ အဲ အခုလိုမျိုး ငြင်းခုံ စရာတွေ ဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အစိုးရကနေ နိုင်ငံရေး အကျဉ်းသား အဓိပ္ဗါယ် ဖွင့်ဆိုချက်ကို တရားဝင် တိတိကျကျ ပြဌာန်းဖို့ အတွက် ကျနော်တို့ တောက်လျောက် တောင်းဆိုနေတာပေါ့နော်။ အဲလိုသာ အစိုးရကနေ လွှတ်တော်ကနေ တရားဝင် အတိအကျ ပြဌာန်းပေးလိုက်တယ် ဆိုလို့ ရှိရင် ဒီလိုငြင်းခုံစရာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အခုလို အကျဉ်းထောင်ထဲမှာ တခြား အကျဉ်းသားတွေ လွှတ်ပေးမယ် ဆိုလို့ ရှိရင် နိုင်ငံရေး အကျဉ်းသားတွေက ထိပ်ဆုံးကကို လွှတ်ပေးသင့်တဲ့ လူတွေပါ။ သူတို့ ဘာပြစ်မှုမှ ကျူးလွန်တာ မဟုတ်ဘူး။ တခြား အများပြည်သူကို အနှောင့်အယှက် ဖြစ်စေတဲ့ ပြစ်မှုကျူးလွန်တာ မဟုတ်ဘူး။ ကိုယ်ကျင့်တရား ဖောက်ဖျက်တဲ့သူတွေ မဟုတ်ဘူး။ အခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရ အဖြစ်ခင် အချိန်က ပြောကြားခဲ့တာ ရှိပါတယ်။ လွှတ်တော်တွေထဲမှာရော နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အများကြီး ရောက်နေကြပြီ။ ဒီလိုအချိန်မှာ နိုင်ငံရေး အကျဉ်းသား အဓိပ္ဗါယ်ကို တိတိကျကျ ပြဌာန်းနိုင်မယ်၊ လက်ရှိ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမယ်ဆိုလို့ ရှိရင် အင်မတန် ကောင်းမွန်တဲ့ အနေအထား တခုကို ရောက်လာမှာပါလို့ ပြောချင်ပါတယ်။ ”

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ကိုထွန်းကြည်ကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ အရင် ကထက် လုပ်ငန်းတွေ လုပ်ဆောင်လာနိုင်လို့ ချီးကျူးလိုက်ပေမယ့် အသစ်ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်သေးတယ်လို့ို ဆိုပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ ၂၀၁၇ ခုနှစ်အတွင် အကျဉ်းထောင် ၂၆ ခုနဲ့ အကျဉ်းစခန်း ၂၄ခုကိုသွား ရောက်စစ်ဆေးပြီး အခုလို နိုင်ငံတော်သမ္မတဆီ တင်ပြလာခဲ့တာဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG