သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံအကြို နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်လွတ်မြောက်


သမ္မတဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ မြန်မာနိုင်ငံအဝှမ်း ထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀ကျော် ဒီကနေ့မနက် ပြန်လည်လွတ်မြောက်လာကြပါတယ်။

ဒီကနေ့မှာပဲ စတင်လိုက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ကို ကြိုဆိုသောအားဖြင့် နိုင်ငံတွင်း အကျဉ်းထောင်အသီးသီးက နိုင်ငံသားအကျဉ်းသား ၁၈၆ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးကို ပြစ်ဒဏ်ကျနေ လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၇၆ ဦး ပါဝင်တယ်လို့ AAPP-B ခေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။

လွတ်လာသူ နိုင်ငံရေးအကျဉ်းသားအများစုဟာ မတရားအသင်းပုဒ်မနဲ့ ထောင်ဒဏ်ကျခံရသူတွေဖြစ်သလို၊ အချို့ကတော့ လယ်သိမ်းယာသိမ်း ဆန္ဒပြကန့်ကွက်မှုနဲ့ပတ်သက်တဲ့ တောင်သူလယ်သမားတွေဖြစ်ကြပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာတာကို ကြိုဆိုပေမယ့်၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်နွယ်ပြီး ထောင်ချခံရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက်လည်း ကောင်းမွန်တဲ့ ပုံရိပ်ဖြစ်စေမယ်လို့ AAPP-B ပြောခွင့်ရသူ ဦးဘိုကြည်က ဗွီအိုအေကို ပြောပါတယ်။

AAPP-B ရဲ့ လက်ကျန်စာရင်းအရ ထောင်တွေထဲကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသား ၃၀ကျော်ရှိပြီး၊ အမှုရင်ဆိုင်ရဆဲ နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိသေးတယ်လို့လည်း သိရပါတယ်။ အခု လွတ်လာသူတွေထဲမှာတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု ယုံကြည်အပ်နှံဖောက်ဖျက်မှုတွေနဲ့ ထောင်ဒဏ် ၁၃နှစ်ချမှတ်ခံခဲ့ရတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်လည်း ပါဝင်ပါတယ်။

သမ္မတဦးထင်ကျော်အစိုးရလက်ထက်မှာ အခုလို အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်အမိန့်နဲ့လွှတ်ပေးခဲ့တာ အခု တကြိမ်ဆိုရင် သုံးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG