သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ရှိသင့်-မရှိသင့်


မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားခဲ့ကြစဉ်။ (မတ် ၁၃၊ ၂၀၁၂)
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားခဲ့ကြစဉ်။ (မတ် ၁၃၊ ၂၀၁၂)

နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားရပ်ကို NLD အစိုးရလက်ထက်မှာ တရားဝင် သတ်မှတ် ပြဌာန်းသင့်တယ်လို့ ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ကြပါတယ်။ အားနည်းချက်တွေ ရှိနေဆဲဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူ့အခွင့်အရေးနဲ့ မညီတဲ့ ဥပဒေ တွေ ပြဌာန်း ထားသ၍ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့လည်း ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရဟာ မြန်မာပြည်နဲ့ သိပ်မစိမ်းလှပါဘူး။ လက်ရှိ အာဏာရပါတီ NLD အစိုးရရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်မှ တချိန်က ဆိုရင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတာပါ။ ဒါပေမဲ့လည်း ဒီ နိုင်ငံရေးအကျဉ်းသား - ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ယနေ့တိုင် ငြင်းခုံနေကြဆဲ - လွှတ်တော်အထိ တရားဝင် သတ်မှတ်ပြဌာန်းသင့် မသင့် အချေအတင် ဆွေးနွေးနေကြဆဲ ဖြစ်ပါ တယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကတော့ - ဖွဲ့စည်းပုံ ဥပဒေမှာ နိုင်ငံသားအားလုံးကို တန်းတူ အခွင့်အရေး ပေး ထားပြီးသား မို့ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားဆိုပြီး သီးသန့် ပြဌာန်းဖို့ မလိုဘူးလို့ ထောက်ပြခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး - ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့သူ ၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေ ကတော့ -

“ဒါ ဖြစ်သင့်တဲ့အရာလို့တော့ ကျနော် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အများစုက ပြင်ဆင်ဖို့ တောင်းဆိုနေတဲ့အချိန် ဖြစ်တော့ ဖွဲ့စည်းပုံကို ထောက်ပြတဲ့ဟာက ကျိုးကြောင်းဆီလျော်မှု အင်မတန်မှ အားနည်းတယ် လို့ ကျနော် ယူဆပါတယ်။ နောက်တခါ ဒီဖွဲ့စည်းပုံ အရ ပြည်ထဲရေးဝန်ကြီးဌာနက သမ္မတကနေ ရွေးချယ်ရတာ မဟုတ်တဲ့ ဝန်ကြီး ဖြစ်နေတော့ကာ ဒီကိစ္စတွေဟာ အနှောင့်အယှက် အဟန့်အတားကတော့ ရှိနေဦးမှာ ဖြစ်တဲ့အရာလို့ ကျနော်မြင်တယ်။”

ဥပေဒေအထောက်အကူပြုကွန်ယက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကလည်း - လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကို ထောက်ပြခဲ့ပါတယ်။

“ခုနက စစ်ဗိုလ်ချုပ်ကြီးပြောတဲ့ဟာကို ပထမတချက် တုံ့ပြန်ချင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေး ပေးထားပြီးသားဆိုရင် ဘာကြောင့် ပုဒ်မ ၄၄၅ က နဝတ၊ နအဖ စစ်ခေါင်းဆောင်တွေအတွက်ကိုပဲ လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတာလဲ။ ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက Discrimination ပဲ။ တနည်းအားဖြင့် အခွင့်ထူးခံထားတာပဲလေ။ အဲဒါကျတော့ သူ မပြောဘဲနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စ ပြောတာကတော့ သဘာ၀ မကျဘူးလေ။”

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၄၅ အရ - (အစိုးရအဖွဲ့ဝင် တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး သူတို့ကို တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ) လို့ - ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေမှာတောင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နိုင်ငံရေးအကျဉ်း သား ဆိုတာ ရှိကို ရှိတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပါတယ်။

“မခေါ်-ခေါ်ခေါ် ရှိနေတာပါ။ ဥပမာ - အိန္ဒိယမှာဆိုရင် ဒီမိုကရေစီ အစိုးရပဲ။ ဒီမိုကရေစီမှာ ရင့်သန်တဲ့ နိုင်ငံကြီးတခုပါပဲ။ အဲဒီမှာလည်း ဆန္ဒပြလို့ ထိန်းသိမ်းရတာတွေရော၊ ဖမ်းရတာတွေရော၊ ထောင်ချ တာတွေရော နေ့တိုင်း လိုလို ထောင်နဲ့ ရာနဲ့ ချီပြီး ရှိနေတော့ကာ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဘယ်ပါတီက အစိုးရပဲ တက်တက် ဆက်ဆံရတာက မတူဘူးခင်ဗျ။ ခက်တော့ခက်တယ်။ သို့သော် ဗမာပြည်ရဲ့ လိုအပ်ချက် တရပ် ဖြစ်နေတယ်လို့တော့ မြင်ပါတယ်။”

လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကတော့ - တက်ကြွလှုပ်ရှားသူတွေကို အရေးယူနိုင်ဖို့ လူ့အခွင့်အရေးနဲ့ မညီဘဲ ပြဌာန်းထားတဲ့ ဥပဒေမျိုးတွေ မြန်မာပြည်မှာ ရှိနေသ၍ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေဦးမှာပဲလို့ ထောက်ပြခဲ့ပါတယ်။

“တကယ်တော့ ဒီငြိမ်းစုစီ ဥပဒေဆိုတာက လုံး၀ ရှိဖို့ မလိုအပ်တဲ့ ဥပဒေ။ ဒီဥပဒေကို ပြင်ဖို့ ကြိုးစားတယ်ဆိုကတည်းကိုက လမ်းကြောင်းက လွဲနေတာ။ ကျနော်တို့ မြန်မာနိုင်ငံက ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ် ကြားကာလမှာ ဒီမိုကရေစီ အများဆုံးရှိခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းဘူး။ အဲဒီတုန်းက ဘာငြိမ်းစုစီ ဥပဒေမှကို မရှိဘူး။ ရန်ကုန်ရဲတပ်ဖွဲ့ဥပဒေဆိုတာတော့ရှိတယ်။ ရဲတပ်ဖွဲ့ဥပဒေနဲ့အညီ ဆန္ဒပြချင်တယ်ဆိုရင် ရဲဆီမှာ ခွင့်ပြုချက် တောင်းခံရတယ်။ ဒါပဲ။ ရဲကဘာလုပ်ပေးသလဲဆိုတော့ ဆန္ဒပြတာကြောင့် ယာဉ်အသွားအလာ၊ လမ်းအသွားအလာ အနှောင့်အယှက်မဖြစ်အောင် ထိန်းကျောင်းပေးတဲ့ အလုပ်ကိုပဲ လုပ်ပေးတာ။ ဆန္ဒပြတဲ့ကိစ္စကို ဆန္ဒပြသူတွေရဲ့အကြောင်းတွေ၊ ကိုယ်ရေးရာဇဝင်တွေ အသေးစိတ်ဖော်ပြပြီး ခွင့်ပြုချက်တောင်းတယ်ဆိုတာ ရှိကိုမရှိဘူး။ ဒါ နိုင်ငံတိုင်းမှာရှိတယ်။ ရဲက ဆန္ဒပြတဲ့ အကြောင်းအရာကို စိစစ်ဖို့တာဝန်မရှိဘူး။ အဲတော့ အခုလိုမျိုး ဆန္ဒပြတဲ့ အကြောင်းအရာကို မူတည်ပြီး စစ်ဆေးပြီးတော့မှ ဆန္ဒပြခွင့် ပေးသင့် - မပေးသင့် ဆုံးဖြတ်တယ်ဆိုတဲ့ အခြေခံမျိုးကို ပြဌာန်းထားတဲ့ ငြိမ်းစုစီ ဆိုတဲ့ ဥပဒေက လုံးဝကို မရှိသင့် တဲ့ ဥပဒေပါပဲ။ အဲဒီဥပဒေရှိနေသမျှ ကာလပတ်လုံးကတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်အောက်မှာ အကျုံးဝင်သွားမှာပဲ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားတဲ့ စာရင်းအရ - သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အထိ - မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ စုစုပေါင်း ၅၃၅ ဦး ရှိပြီး၊ NLD အစိုးရတက်လာပြီးနောက် လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကတော့ - ၂၈၂ ဦး ရှိပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG