သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၁ ဦးထက်မနည်း လွတ်မြောက်


 လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူတဦး
လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူတဦး

သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ ဒီနေ့အကျဉ်းသားပေါင်း ၆,၅၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား၂၀ ဦးထက်မနည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ Reuters သတင်းထောက် ၂ ဦး အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက် လာပေမဲ့ နောက်ထပ် လွှတ်ပေးသင့်သူတွေ ကျန်နေသေးတယ် လို့လည်း တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေကနေ တတိယအကြိမ်အဖြစ် ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားပေါင်း ၆,၅၂၀ မှာ နိုင်ငံရေး အကျဉ်းသားတချို့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေထဲက လွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇နှစ် ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက တပ်ဖွဲ့ဝင် နှစ်ဦးတို့လည်း ပါဝင်ခဲ့ကြောင်း AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ကျနော်တို့စာရင်းအရကတော့ နိုင်ငံရေး အကျဉ်းသားအယောက် ၂၀ လွတ်မြောက်လာပြီလို့ သိရပါတယ်။ တောင်ကြီးထောင် ကပါတယ်၊ မန္တလေးထောင်၊ ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းက ၂ ယောက်ပါတယ်၊ အင်းစန်ထောင်က ၂ ယောက်ပါတယ်။ အဲဒီတော့ ၁၇/ ၁- ၂ ပေါ့ ဥပမာ မိုညှင်းထောင်က ၂ ယောက်ဆိုရင် ၁၇/ ၁ ၊၁၇/ ၂ မတရားအသင်းနဲ့ ဆက်နွယ်မှုပေါ့ မန္တလေးထောင်က လွတ်လာတဲ့ ၄ ယောက်ဆိုရင်တော့ ၅၀၅ ခ နဲ့ ထောင်ကျခံနေရတယ်။ တောင်ကြီးထောင်က ၈ ယောက်ကတော့ လက်နက်မှုတွေပါတယ်။ ထောင်ကျပြီးသားကတော့ ၂၄ ယောက်ကျန်တယ်။ ထောင်ထဲကနေပြီးတော့ အမူရင်ဆိုင်နေတာကတော့ အယောက် ၉၀ ရှိတယ်။ ထောင်အပြင်ကနေပြီးတော့ အမူရင်ဆိုင်နေတာကတော့ ၁၉၃ ယောက် ရှိတယ်။”

ပြန်လွတ်လာဖို့ မျှော်လင့်နေသူတွေထဲမှာတော့ နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် အနှစ်၂၀ စီ ကျခံနေရတဲ့ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့လည်း ပါဝင်ပါတယ်။ စာရေးဆရာ ဝေဟင်အောင်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ် ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကတော့ သူတို့ ၂ ဦး ပြန်လွတ်လာဖို့ မိသားစုက မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

“အခုအချိန်တော့ ထွက်မလာသေးဘူး ဒီညအထိပေါ့နော် မိုးချုပ်တဲ့အထိပေါ့ တခါတလေ အကြောင်းကြောင်းကြောင့် အနေအထားတွေမှာလည်း မိုးချုပ်ပြီးတော့ လွတ်တာတွေ ရှိပါတယ်။ အိမ်ကို ကားနဲ့လိုက်ပို့တာတို့ ဘာတို့ပေါ့နော် ။ ကျမရှေ့နေ ၃၇ နှစ်အတွေ့အကြုံမှာတော့ အကြောင်းကြောင်းကြောင့် လွှတ်တဲ့အခြေအနေတွေဟာ အကွဲအလွဲတော့ရှိပါတယ်။ ကောင်းတဲ့ဘက်က မျှော်လင့်ချက်ကြီးကြီးနဲ့ မျှော်လင့်စဲပါပဲ။”

အရင်အစိုးရတွေလက်ထက်တုန်းက လွတ်ငြိမ်းချမ်းသာခွင့်တွေမှာတော့ ပြစ်မှုကြွေးကျန်ခြွင်းချက်တွေနဲ့ ပြန်လွှတ်ပေးလေ့ ရှိပေမယ့် သမ္မတဦးဝင်းမြင့် လက်ထက်မှာ အကျဉ်းသားတွေကို ကန့်သတ်ချက်မရှိပဲ ပြန်လွှတ်ပေးနေတာဟာ ကြိုဆိုစရာ လုပ်ရပ် ဖြစ်ကြောင်းလည်း လူ့အခွင့်အရေး ရှေ့နေကြီးဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

“နံပတ်၁ ကတော့ လိုက်လိုက်လှဲလှဲကြိုဆိုတယ် ဒီအတွက်လည်း ကျနော်ပြောချင်ပါတယ်။ သမ္မတ ကြေညာချက်အရကတော့ ရှင်းပါတယ်။ ၄၀၁ အရ ပြစ်မှုတစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ်ချပြီးသည့်အခါ နိုင်ငံတော်သမ္မတ သည် မည်သည့်အခါမဆို စည်းကမ်းချက်မထားပဲဖြစ်စေ ဆိုတာ ရှေ့နေသမ္မတမို့လို့ ဒီလောက်တော့ ပါးနပ်ပါတယ်။ ဒီလူတွေက အပြီးအပြတ်လွတ်တာ ဒီလူတွေကို ဘာပြစ်မှု ကြွေးကျန်မရှိဘူး။ သမ္မတဦးဝင်းမြင့် က သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားပဲဗျာ ၊ သူကိုယ်တိုင် မတရားအမှုဖြင့် ထောင်ချခံရ၊ အပြစ်မရှိ အပြစ်ရှာလုပ်ခံခဲ့ရတာ သူသိနေတာပဲ။ ဒါကတော့ သူကိုယ်ချင်းစာမှာပဲ။ ဖြစ်တဲ့ကိစ္စမှာ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အခု ၁၅ လွတ်တယ် ၁၆ လွတ်တယ်၊ မလွတ်မဖြစ် လွတ်ရမယ့်အနေအထားရှိတယ်။ နောက်ပြီးတော့ ထောင်တွေကလည်း အတင်းကျပ်နေတာပေါ့ဗျာ ။ ကျပ်တဲ့အခါကျတော့ အဲဒါတွေ လွတ်ဖို့လိုအပ်တယ် လွတ်ပေးပါဦး အများကြီးကျန်ပါသေးတယ်။”

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် ကတော့ သမ္မတကနေ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုပေမဲ့လို့ နောက်ထပ်လွှတ်ပေးဖို့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။

“ထောင်ထဲကနေပြီးတော့ အမူရင်ဆိုင်နေတာကတော့ အယောက် ၉၀ ရှိပါတယ် ပြီးတဲ့အခါကျတော့ ထောင်အပြင်ကနေပြီးတော့ အမူရင်ဆိုင်နေတာကတော့ ၁၉၃ ယောက် ရှိတယ်။ ဒီလူတွေကိုပါ ထည့်စဉ်းစားပေးဖို့လိုမယ် တကယ်တမ်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ဆိုရင် ဒီလို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ သံသယနဲ့ အဖမ်းခံထားရတဲ့ တိုင်းရင်းသားတွေကိုလည်း လွတ်ပေးသင့်တယ် အဲလိုပဲ ဒေါက်တာအေးမောင်တို့ကိုလည်း လွတ်ပေးသင့်တာတွေရှိပါတယ်။ အဲဒီတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုမှာပါ။”

မြန်မာနှစ်သစ်ကူးကာလမှာ ပြည်သူလူထု အေးချမ်းစေဖို့ လူသားချင်းစာနာမှုကို ထောက်ထား အလေးထားသောအားဖြင့် နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင် အကျဉ်းစခန်းတွေကနေ ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်နေ့က အကျဉ်းသား ကိုးထောင့်ငါးရာကျော်ကို ပထမအကြိမ် လွှတ်ပေးလိုက်သလို ဒုတိယအကြိမ်မြောက်အဖြစ် ဧပြီလ ၂၆ရက်နေ့မှာ အကျဉ်းသား ခုနှစ်ထောင်ကျော်ကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ဒီတတိယအကြိမ် မေလ ၇ရက်နေ့မှာတော့ အကျဉ်းသား ခြောက်ထောင့်ငါးရာကျော် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG