သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AB မြောက်ပိုင်းခေါင်းဆောင် မတရားအသင်းပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရ


မိုးညှင်းတရားရုံးရှေ့မှာ ABSDF အဖွဲ့ဝင်များအား ရုံးထုတ်ချိန် စောင့်ဆိုင်းနေကြသူများ။ (ဓာတ်ပုံ-ကိုသံခဲ၊ ABSDF ဥက္ကဋ္ဌ၊ ၁၂၊ ၁၄၊ ၁၈)
မိုးညှင်းတရားရုံးရှေ့မှာ ABSDF အဖွဲ့ဝင်များအား ရုံးထုတ်ချိန် စောင့်ဆိုင်းနေကြသူများ။ (ဓာတ်ပုံ-ကိုသံခဲ၊ ABSDF ဥက္ကဋ္ဌ၊ ၁၂၊ ၁၄၊ ၁၈)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) ဒုတိယဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးထားသူ ၃ ယောက်ထဲက ၂ဦးကို မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ထောင် ၂နှစ်စီ ဒီကနေ့ ချမှတ် လိုက်ပါတယ်။ ခုလိုလုပ်ရပ်က မြန်မာပြည် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအတွက် ယုံကြည်မှုကျဆင်းစေတာကြောင့် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ABSDF (ဗဟို) က တောင်းဆိုလိုက်သလို နိုင်ငံရေး လေ့လာသူတွေကလည်း ဒီလိုမျိုး ဖမ်းဆီးအရေးယူတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခတင်ပြထားပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ ABSDF အဖွဲ့ရဲ့ မြောက်ပိုင်းဒေသ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်အဆင့်ရှိသူ ဦးမောင်ဦးနဲ့ အရပ်သား ဦးကိန်းမြင့်တို့ဟာ မိုးညှင်းမြို့မှာ ကွယ်လွန်သွားတဲ့ တပ်ဖွဲ့ဝင်တဦးရဲ့ ဈာပနကို သွားရောက်စဉ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်အဆင့်ရှိသူ ဦးမောင်ဦးတို့ကို ပုဒ်မှ ၁၇/၁ နဲ့ ထောင် ၂နှစ်စီ ချမှတ်ပြီး ကျန်တဦးကိုတော့ တရားသေ လွှတ်ပေးခဲ့တယ်လို့ ဒီကနေ့ အမိန့်ချချိန် တရားရုံးမှာရှိနေတဲ့ ABSDF အဖွဲ့ကို ဝန်းရံသူတဦးဖြစ်တဲ့ ကိုစိန်အေးက ပြောပါတယ်။

“ဦးအောင်ဆွေဦး၊ ဗိုလ်အဆင့်ရှိသူ ဦးမောင်ဦးကို ၂နှစ်ချပါတယ်။ ကိုမောင်ကိန်းကတော့ လွတ်ပါတယ်”

မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သတ်လို့ ABSDF က ကန့်ကွက်လိုက်ပြီး သူတို့အဖွဲ့အစည်းဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသလို အစိုးရက မတရားသင်းနဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်က ပယ်ဖျက်ထားတဲ့ အဖွဲ့ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခဲ့တဲ့ အပေါ် ABSDF ဗဟို ဥက္ကဋ္ဌ ဦးသံခဲက ခုလို ပြောပါတယ်။

“ချုပ်ဆိုထားတဲ့ စာချုပ်တွေရှိတယ်။ဒီစာချုပ်ထဲ ပါဝင်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ တရားဝင်သွားလာခွင့်၊ နောက်တရားဝင်နေထိုင်ခွင့်သဘောတူညီချက်တွေကိုချိုးဖောက်တာဖြစ်တယ်။ တနိုင်ငံလုံး စာချုပ်မှာလဲ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက် သဘောတူချက်တွေရှိတယ်။ တပ်ဖွဲ့ဝင်များလွတ်လပ်စွာ သွားလာခွင့်ဆိုတဲ့ သဘော တူညီချက်ကို တာဝန်ယူမှု တာဝန်ခံမှုမရှိတာကိုလည်း ပြသရာကျပါတယ်။”

အခု စီရင်ချက် ချခံခဲ့ရသူတွေ စတင် ဖမ်းဆီးခံခဲ့ရချိန်ကတည်းက ABSDF (ဗဟို) အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ငြိမ်းချမ်းရေးကော်မရှင်တို့ကို အကြောင်းကြားစာတွေ ပေးပို့ခဲ့ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ကိုလည်း စာပေးပို့ခဲ့ပေမဲ့၊ အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့လည်း ဦးသံခဲက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အခုလို ဖြစ်ရပ်တွေနဲ့ပတ်သက်လို့

“ ဒါတွေက ယုံကြည်မှုပျက်စေတဲ့ အချက်မှာပါတယ်။ သေနတ်မကိုင်ရတဲ့နေရာကိုင်တာတို့ မူးယစ်ဆေးလုပ်တာတို့ ဆိုတမျိုးပေါ့ အခုဟာက ၁၇/၁နဲ့ လုပ်တာကတော့ NCA စာချုပ်မှာလည်း ပါနေပြီးသားလေ ဒါတွေကိုတော့ ရှောင်သင့်တယ်ထင်တာဘဲ”

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပုဒ်မ ၁၇/၁ နဲ့ဖမ်းဆီးပြီး ၈ လ ကျော်ကြာ ရုံးတင် စစ်ဆေးပြီးတဲ့နောက်မှာမှ တရားသေ လွှတ်ပေးတာ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG