သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံမှာ သဘောတူညီချက်ရဖို့ အပစ်ရပ် ၈ ဖွဲ့ ပြင်ဆင်ဆောင်ရွက်


၂၀၁၅ အောက်တိုတာ ၁၅ တုန်းက NCA အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးစဉ်
၂၀၁၅ အောက်တိုတာ ၁၅ တုန်းက NCA အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးစဉ်

၂၀၁၈ နှစ်သစ်မှာ ကျင်းပမယ့် ၂၁ရာစုပင်လုံ တတိယအကြိမ်ညီလာခံမှာ သဘောတူညီမှုတွေရဖို့ အခြေအတင်ဆွေးနွေးနေရဆဲ နိုင်ငံရေး၊ လုံခြုံရေးကိစ္စတွေ အကျေအလည်ဆွေးနွေးနိုင်ဖို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ဖွဲ့ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လူထုသဘောထားတွေ ရယူမယ့် နိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွေ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအပါအဝင် အပစ်ရပ်အဖွဲ့၈ဖွဲ့စလုံးက သဘောတူခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၅ရက်တာ ကျင်းပခဲ့တဲ့ အစည်းအဝေး အပြီး သတင်းထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ မဆုမွန် တင်ပြထားပါတယ်၊

လာမယ့် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်ထဲ ကျင်းပဖို့စီစဉ်ထားတဲ့ တတိယအကြိမ်၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့တွေ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့အပစ်ရပ်အဖွဲ့တွေ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအသီးသီး ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့(၈) ဖွဲ့က အဖွဲ့ခေါင်းဆောင်တွေ စုဝေးပြီးလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့ကစပြီး ငါးရက်တာ စည်းဝေးပြီး တတိယအကြိမ် ပင်လုံ ညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို အကြေအလည် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အစည်းအဝေးနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့မှာပဲ အဖွဲ့(၈)ဖွဲ့ ပူးပေါင်းပြီး ကြေညာချက်ထုတ်ပြန်ပါတယ်။ အဓိကကတော့ တတိယအကြိမ်ပင်လုံညီလာခံမှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်စတဲ့ ကဏ္ဍကြီးငါးရပ်ကို ဆွေးနွေးနိုင်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့တာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။

အပစ်ရပ်၈ဖွဲ့ ဆုံးဖြတ်ခဲ့တဲ့ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ အစည်းအဝေးကို ဦးဆောင်တက်ရောက်သူတဦးဖြစ်တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် NCA-S-EAO အဖွဲ့ဝင်တဦးဖြစ်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“အဓိကတော့ လာမယ့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ ကျနော်တို့က နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍကို အဓိကထားပြီးတော့ ဆွေးနွေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာပေါ့နော် အဲဒါကိုလည်း UPDJC တို့ JICM တို့ကလည်း အသိအမှတ်ပြုပြီးသားဖြစ်ပါတယ်။ အဲဒီဖြစ်တဲ့အတွက် အဲဒီကဏ္ဍ ၂ ခုကို ဦးစားပေးပြီးတော့ အလွတ်သဘောရော တရားဝင်ရောပေါ့လေ ပါဝင်ဆွေးနွေးနိုင်မယ့်လူတွေ ရွေးချယ်ပြီးတော့ တာဝန်ပေးအပ်တာပေါ့။ ကဏ္ဍ ၅ ရပ်စလုံးကို ဆွေးနွေးနိုင်မယ့် ကြိုတင်ပြင်ဆင်တာတွေလည်းပါပါတယ်။ အဲဒါတွေကို ပြင်ဆင်ပြီးတော့ ကျနော်တို့ ဒီအတိုင်း ဒီအပေါ်မှာ ရပ်တည်ပြီးတော့ ဆွေးနွေးပွဲတွေ ဆက်ဝင်ပါဆိုပြီးတော့ အစည်းအဝေးကနေပြီးတော့ အတည်ပြုပေးလိုက်တဲ့ သဘောပါပဲ။”

အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ လူမျိုးအလိုက်ကျင်းပနေတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအပါအဝင် လူထုတွေ့ဆုံဆွေးနွေးပွဲတွေကနေ ရခဲ့တဲ့ လူထုသဘောထား ရယူသွားဖို့ ကိစ္စနဲ့ပတ်သက်လို့လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုရှင်းပြပါတယ်။

“လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ သတ်မှတ်ချက်အရဆိုရင် ကျနော်တို့ RCSS ပေါ့လေ ရှမ်းကတော့ အခု လုပ်ဖို့ပြင်နေပါပြီ လုပ်လည်းစလုပ်နေပါပြီ။ အခုလို လင်းခေးမှာ ပြင်ဆင်မှုတွေလုပ်နေတယ် အကြိုညှိနှိုင်းပွဲတွေလည်း မူဆယ်တို့ လင်းခေးတို့မှာ လုပ်နေတယ်။ သို့သော် ရခိုင်ကတော့ မလွယ်သေးဘူး ဘယ်ရှု့ထောင့်ကပဲ ကြည့်ကြည့် မလွယ်သေးတော့ ရခိုင်ကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ကတော့ နည်းနည်းစောင့်ရဦးမယ်။ ဒါပေမယ့် RCSSကတော့ ဒီ ဇန်နဝါရီလထဲမှာ အပြီးအစီးလုပ်နိုင်မယ့် အခြေအနေ ရှိကောင်းရှိပါတယ်။ အငြင်းပွားဖို့ သိပ်မရှိပဲနဲ့ ဒီဆွေးနွေးချက်တွေကို ဆက်တိုးနိုင်ဖို့အတွက်က လုံခြုံရေးကဏ္ဍကလွဲလို့ပေါ့လေ ကဏ္ဍအားလုံးကတော့ အဆင်ချောပါတယ် ကြည့်ရတာကတော့ အရင်ကဆွေးနွေးပြီးသား။ လုံခြုံရေးကဏ္ဍကတော့ လွန်ခဲ့တဲ့ ဒုတိယအကြိမ်တုန်းက သဘောတူညီချက်မရတဲ့အခါကျတော့ လုံခြုံရေးကဏ္ဍတခုကိုတော့ ကျနော်တို့က အလွတ်သဘောစတင်ဆွေးနွေးပြီးတော့ ညှိရမယ့်သဘောတော့ ရှိပါတယ်။ ဒါကြောင့်အလွတ်သဘောတွေ့ပြီး ရင်းနှီးမှုအရ ယုံကြည်မှုအရပေါ့လေ ။ ဆွေးနွေးတိုင်ပင်ရင်တော့ လုံခြုံရေးကဏ္ဍမှာ ပိတ်ဆို့နေတဲ့ ပြဿနာတွေ အခက်အခဲတွေကို ကျော်လွားနိုင်မယ်လို့တော့ ယူဆတာပေါ့ဗျာ။”

အပစ်ရပ်အဖွဲ့(၈)ဖွဲ့အနေနဲ့ NCAလမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်သွားဖို့ပြင်ဆင်နေပြီး အပစ်မရပ်ရသေးတဲ့အဖွဲ့တွေပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေးအပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးမထိုးရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်နိုင်ရေး အစိုးရနဲ့ လက်ရှိဆွေးနွေးနေကြဆဲဖြစ်ပါတယ်။

အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေကတော့KNUကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA၊ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာတော့ ၂၁ရာစုပင်လုံညီလာခံခေါ်ယူပြီး တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးစားခဲ့တာ အခုဆိုရင် တတိယအကြိမ်ညီလာခံအထိကျင်းပခဲ့ပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG