ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ၂ရက်ကြာအစည်းအဝေး ဒီကနေ့ပြီးဆုံးသွားပြီး ဆွေးနွေးချက်အများစုနဲ့ပတ်သက်လို့ ပြီးပြတ်တဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်တာကြောင့် ပြန်လည်သုံးသပ်ရေးဆိုင်ရာ အလုပ်အဖွဲ့မျိုး ဖွဲ့စည်းပြီး နောက်လမှာ ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂ရက်ကြာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးဟာ ဒီကနေ့ ညနေ ၃နာရီခွဲလောက်မှာပြီးဆုံးခဲ့ပါတယ်။
နောက်ဆုံးနေ့ ဆွေးနွေးပွဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ၊ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ စနစ်တကျနဲ့ ထိထိရောက်ရောက်ဖြစ်စေဖို့ Standard Operating Procedure (SOP)လုပ်ထုံးလုပ်နည်း လက်တွေ့နဲ့ ကိုက်ညီအောင် ရေးဆွဲရေးဖု့ိ စတဲ့ အချက်တွေကိုဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ဆွေးနွေးခဲ့တာတွေအတော်များများဟာ မပြီးပြတ်တာကြောင့် နောက်လမှာ ထပ်မံဆွေးနွေးဖို့ UPDJC နိုင်ငံရေးအစုအဖဲ့ွ့ အတွင်းရေးမှုး စိုင်းကျော်ညွှန့်က အခုလို ပြောပါတယ်။
“နိုဝင်ဘာ အကြမ်းဖျင်းတတိယပတ်လောက်မှာ Frame work ပေါ့လေ မူဘောင်တွေကို Review လုပ်မယ်ပေါ့။ မူဘောင်တွေ လုပ်ငန်းလမ်းညွှန်ဗျူဟာတွေကို Review လုပ်မယ်။ အဲဒီ Review လုပ်ဖို့အတွက် အလုပ်အဖွဲ့ပေါ့ဗျာ အစုအဖွဲ့တခုမှာ ၈ ယောက်ဆီပါတဲ့ အလုပ်အဖွဲ့လိုမျိုးဖွဲ့ဖို့ရှိပါတယ်။ ဖွဲ့ပြီးတော့ နိုဝင်ဘာ တတိယပတ်မှာ Review လုပ်မယ်ပေါ့။ မူဘောင်ရယ်၊ ဗျူဟာတွေရယ်။”
အင်္ဂါနေ့ ဆွေးနွေးပွဲအတွင်း ရခိုင်နဲ့ ရှမ်းမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် ညှိနှိုင်းခဲ့ရာမှာ ရှမ်းမှာတော့ ကျင်းပမယ့်နေရာရွေးချယ်သတ်မှတ်ရေးနဲ့ ရခိုင်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြီးပြတ်တဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ် ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းက အခမ်းအနား အပိတ်အမှာစကားပြောကြားရာ မှာ အခုလို ထည့်သွင်းပြောကြားပါတယ်။
“လုံခြုံရေးကို အကြောင်းပြပြီးတော့ ငြိမ်းချမ်းရေးကို ဒုတိယအဆင့်မှာ မထားပဲနဲ့ ငြိမ်းချမ်းရေးကို ပထမမှာထားပြီးတော့ ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ လုံခြုံရေးကိစ္စကို ဝိုင်းပြီးတော့ စဉ်းစားပေးဖို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါဟာ တစုတဖွဲ့တည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး ကျနော်တို့ အားလုံးပေါင်းပြီးတော့မှ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့နေရာမှာ လုံခြုံရေးကြောင့်ဆိုတဲ့ ဘောင်ကန့်သတ်မှုအတွက် မဟုတ်ပဲနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်အရ သင့်တော်တဲ့နေရာမှာ ကျနော်တို့လုပ်နိုင်ဖို့ဆိုတာမျိုးစဉ်းစားပေးဖို့ ကိုလည်း ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။”
ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာဖိအားတွေ တိုးမြင့်လာချိန်မှာ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စစ်တွေမြို့မှာ ကျင်းပနိုင်မယ်ဆိုရင် ပြည်တွင်းအင်အားစုတွေရဲ့ ညီညွတ်မှုကို ပြသရာရောက်နိုင်ကြောင်းလည်း ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းက ထည့်သွင်း ပြောကြားပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ UPDJC ရုံးဖွင့်လှစ်ရေးနဲ့ ရံပုံငွေ လက်ခံရေးကိစ္စ၊ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက်၃၇ချက်ကို လွှတ်တော်မှာ တင်သွင်း အတည်ပြုချက် ရယူရေးကိစ္စရပ်တွေလည်း ဆုံးဖြတ်ချက်မချမှတ်နိုင်ခဲ့ပါဘူး။
အစိုးရဖက်ကတော့ လာမယ့် ဒီဇင်ဘာလမှာ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပဖို့ ရည်ရွယ်ထားကြောင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ၂လတာကာလအတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ကျန်ရှိနေတာကြောင့် တတိယအစည်းအဝေးကို ဒီနှစ်အတွင်းကျင်းပဖို့ ခက်ခဲနိုင်ကြောင်းသုံးသပ်တာတွေ ရှိနေပါတယ်။