သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA စာချုပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်


NCA စာချုပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးအစည်းအဝေး (၂၅ အောက်တိုဘာ ၂၀၁၇)
NCA စာချုပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးအစည်းအဝေး (၂၅ အောက်တိုဘာ ၂၀၁၇)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်NCA အကောင်အထည်ဖော်မှုု ပြန်လည်သုံးသပ်တဲ့အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ဒီလို ပြန်လည်သုံးသပ်ရတာဟာ နိုင်ငံရေးအရ တူညီတဲ့ ညှိနှိုင်းမှုရရေး၊ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို စနစ်တကျဖြေရှင်းရေးနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာကြံရေးအတွက်ဖြစ်ကြောင်း NCAကိုလက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်က ပြောဆိုပါတယ်။ တပ်မတော်ဖက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ စေ့စပ်ညှိနှိုင်းတဲ့ယဉ်ကျေးမှုအရ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်NCA လက်မှတ်ရေးထိုးထားပြီး ၂ နှစ်ကျော်ချိန်မှာ သဘောတူညီမှုတွေ အကောင်အထည်ဖော်တာနဲ့ပါတ်သက်လို့ ပြန်လည်သုံးသပ်တဲ့ စည်းဝေးပွဲ ပထမဆုံး ပြုလုပ်နေတာဖြစ်ပါတယ်။

၃ရက်ကြာမယ့် အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပနေတာပါ။

NCA စာချုပ် အကောင်အထည်ဖော်မှုုကို ရည်ရွယ်ချက် ၃ခုအရ ပြန်လည်သုံးသပ်ရတာဖြစ်တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့ဖက်က ဆွေးနွေးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဦးသံခဲတို့က နှုတ်ခွန်းဆက် စကားမှာ ပြောသွားပါတယ်။

“ဒီအကောင်အထည်ဖော်မှုတွေ ချောမွေ့ဖို့အတွက် အစိုးရရယ်၊ တပ်မတော်ရယ်၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြားမှာ နိုင်ငံရေးအရ တူညီတဲ့ ညှိနှိုင်းမှုတွေ ရှိဖို့လိုပါတယ်။ အဲဒီရည်ရွယ်ချက်ဖြစ်ပါတယ် ဒုတိယတချက်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အကောင်အထည်ဖော်ရေးဆောင်ရွက်ရာမှာ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို စနစ်တကျ ပြင်ဆင်ရေးဖြစ်ပါတယ်။ ကျနော်တို့ဟာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို မပျက်သေးပါဘူး တချို့တော့ Term of Reference တွေလိုပါသေးတယ်။”

ဒီရည်ရွယ်ချက်တွေဟာ တိုင်းပြည်အနာဂတ်အတွက် အတူတကွလက်တွဲဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးကို ခိုင်မာစေဖို့ဖြစ်ကြောင်းလည်း ပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ဖက်ကတက်ရောက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတော့ လက်ရှိ ဆောင်ရွက်နေတဲ့ စေ့စပ်ညှိနှိုင်းတဲ့အလေ့အထကို အရှိန်မြှင့်လုပ်ဆောင်ရေးအတွက် တိုက်တွန်းထားပါတယ်။

“NCA ဆိုတဲ့ ညှိနှိုင်းဆွေးနွေးတဲ့ ဖြစ်စဉ်တခုရှိနေပြီ ဒါကိုတော့ မပျက်အောင် ၊ ဒီလိုစေ့စပ် ညှိနှိုင်းဆွေးနွေးတဲ့ဖြစ်စဉ်တခုကို အရှိန်အဟုန်ထိန်းသိမ်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော အစိုးရရော ညှိနှိုင်းပြီးတော့ ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။”

NCA ရဲ့ မူဘောင်အရလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့ တည်ဆောင်သွားဖို့ ဆိုတာ ရည်မှန်းချက်ပန်းတိုင်တခုဖြစ်ကြောင်းလည်း ပြောပါတယ်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကတော့ NCA စာချုပ်လက်မှတ်ရေးထိုးပြီးတဲ့နောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာတွေကို အသားပေးပြောသွားခဲ့ပါတယ်။ အဲဒီထဲမှာ UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ JMC ခေါ် ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းတာ၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေ ရေးဆွဲတာ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်(COC)၊ စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်(ToR) ရေးဆွဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာ စတာတွေဆောင်ရွက်နိုင်ခဲ့တာတွေ ရှိကြောင်းထည့်သွင်း ပြောဆိုပါတယ်။

NCA အကောင်အထည်ဖော်မှုမှာ အားနည်းချက်တွေရှိရင်လည်း တိုးချဲ့ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု ရှေ့နေချုပ်က အခုလို ထည့်သွင်း ဆွေးနွေးပါတယ်။

“ NCA သည် တကယ်တော့ ဒီအစိတ်အပိုင်းတွေ တော်တော်များများ ရာနှုန်းပြည့်နီးပါး တိုင်းရင်းသားတွေဘက်ကလည်း အဆိုပြုပြီးတော့ ဒီအဆိုတွေပြုတဲ့အချက်တွေအပေါ်မှာ ယခင် အစိုးရဘက်အခြမ်းကလည်း အများဆုံးဆွေးနွေးညှိနှိုင်းကြပြီးတော့ သဘောတူညီမှုတွေ တဆင့်ပြီးတဆင့်ရအောင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ အဆိုပြုခဲ့ခြင်းသည် တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေအပေါ်မှာပဲ အချိန်တော်တော်များများယူပြီးတော့ ဆွေးနွေးကြ ညှိနှိုင်းကြပြီးတော့ နောက်ဆုံးမှာ ပြီးခဲ့တဲ့ အစိုးရဘက်ခြမ်းကနေပြီးတော့ လိုက်လျောသဘောတူညီမှုရအောင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ NCA ကိုအခြေခံထားပြီးတော့ ဒီအပေါ်မှာ ဆက်ပြီးတော့ အားနည်းချက်တွေရှိတယ်ဆိုရင်လည်း SOT, TOR တို့မှာ ဆက်လက်ပြီးတော့ တိုးချဲ့ဆောင်ရွက်နိုင်အောင် ကျနော့်အနေနဲ့တော့ ဒါလေးလည်း ဆွေးနွေးလိုပါတယ်။”

ဒီလ ၁၅ရက်နေ့ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးတဲ့၂နှစ်ပြည့် အခမ်းအနားအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံပြီး လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးခဲ့တဲ့နောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်NCA အကောင်အထည်ဖော်မှုု ပြန်လည်သုံးသပ်တဲ့အစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG