သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးကြဖို့ ဒေါ်စု ထပ်မံတိုက်တွန်း


Myanmar State Counsellor Office
Myanmar State Counsellor Office

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာလက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာစေရေး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ပံ့ပိုးဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ ၂ ရက်ကြာကျင်းပနေတဲ့ UPDJC အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ဆုံးဖြတ်ကြဖို့ပါဝင်တဲ့ UPDJC အစည်းအဝေးအကြောင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တနင်္လာနေ့ မနက်က စတင်ကျင်းပခဲ့ပါတယ်။

အစည်းအဝေးအဖွင့်အမှာစကားမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးသေးတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားပါတယ်။

“ တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ကျန်နေသေးတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ၂၁ရာစုပင်လုံညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးပွဲတံခါးကို အစဉ်အမြဲဖွင့်ထားပါတယ်။ ဒါဟာ ကျမတို့ရဲ့ မူပါပဲ။ ဘယ်တော့ မဆို ငြိမ်းချမ်းရေးထဲမှာ ပါဝင်လာချင်တဲ့ အစုအဖွဲ့များကို ကျမတို့ ကြိုဆိုပါတယ်။ ကျန်နေသေးတဲ့ အဖွဲ့များပါဝင်လာရေးကို နိုင်ငံတော်အစိုးရအနေနဲ့လည်း အထူးတလည် အလေးအနက် ထားပါကြောင်း၊ NCA လက်မှတ်မရေးထိုးသေးဘဲ ကျန်နေတဲ့ အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် UPDJC အဖွဲ့ဝင်များက တဖက်တလမ်းကနေပြီးတော့ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ဆောင်ရွက်သွားကြဖို့လည်း ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။ ”

အခုကျင်းပနေတဲ့ UPDJC အစည်းအဝေးမှာ အဓိကထား ဆွေးနွေးမယ့် အချက် ၃ချက်အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“ ပထမဆုံးအနေနဲ့ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် ဘယ်လို အခြေခံမူဆိုင်ရာ ခေါင်းစဉ်များဆွေးနွေးကြမလဲဆိုတာ သတ်မှတ်ပေးဖို့လည်း ရှိပါတယ်။ဒီလို ညီလာခံမှာ ဆွေးနွေးမယ့် ခေါင်းစဉ်များ သတ်မှတ်ပေးပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို သတ်မှတ်ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာလည်း အချိန်လုံလုံလောက်လောက် ရရှိပြီး အကျေအလည် ညှိနှိုင်းနိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့ UPDJC က စဉ်းစားပြီးဆောင်ရွက်ပေးစေချင်ပါတယ်။”

ဒုတိယအနေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို ပြန်လည်သုံးသပ်တာနဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်တာတွေကို ပြီးစီးအောင်ဆောင်ရွက်ဖို့၊ တတိယအနေနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ စနစ်တကျနဲ့ ထိထိရောက်ရောက်ဖြစ်စေဖို့ Standard Operating Procedure (SOP)လုပ်ထုံးလုပ်နည်း လက်တွေ့နဲ့ ကိုက်ညီအောင် ရေးဆွဲဖို့နဲ့ ရုံးအဖွဲ့တွေ ဖွဲ့စည်းဖို့ ပါဝင်ပါတယ်။

ဒီကနေ့စတင်ကျင်းပတဲ့ UPDJC အစည်းအဝေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ အဖွင့်အမှာစကားကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ဦးသုဝေတို့က ပြောကြားခဲ့ပါတယ်။

၂ရက်ကြာကျင်းပမယ့် UPDJC အစည်းအဝေးရဲ့ ပထမနေ့မှာ ဆွေးနွေးခဲ့ကြတာတွေကိုတော့ UPDJC အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“အဓိကတော့ လာမယ့် တတိယပင်လုံမှာပေါ့နော် ဘယ်အကြောင်းအရာဆွေးနွေးမလဲဆိုတာကို အဓိကဆွေးနွေးဖြစ်တယ်။ နောက်တခါကျနော်တို့ ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ နိုင်တဲ့ကိစ္စ နောက်တခါ ပြည်ထောင်စုရဲ့ စာချုပ်ကို လွှတ်တော်တင်သွင်းရေးကိစ္စ ဆွေးနွေးကြတယ် အဲဒီမှာမှ ထူးထူးခြားခြားဖြစ်တာကတော့ လာမယ့် တတိယပင်လုံမှာ ဆွေးနွေးမယ့်အကြောင်းအရာပေါ့လေ။ အဲဒီတခုကတော့ ပြတ်ပြတ်သားသားပြီးသွားပါတယ်။ ကျန်တာတွေကတော့ မပြတ်သေးဘူး။”

၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေဟာ ဒုတိယအစည်းအဝေးအတိုင်းဖြစ်ပေမဲ့ နိုင်ငံရေးကိစ္စကို အလေးထားဆွေးနွေးဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိပေမဲ့ NCA စာချုပ်ကို ၈ ဖွဲ့သာ လက်မှတ်ရေးထိုး ထားတာ ဖြစ်ပါတယ်။ NCA စာချုပ်လက်မှတ်ရေးထိုးတဲ့ ၂နှစ်ပြည့်အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

NCA လက်မှတ်ထိုးကြဖို့ ဒေါ်စု ထပ်မံတိုက်တွန်း
please wait

No media source currently available

0:00 0:04:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG