သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယအကြိမ် ၂၁ ပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်


ငြိမ်းချမ်းရေး အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး (Hla Maung Shwe)
ငြိမ်းချမ်းရေး အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး (Hla Maung Shwe)

လာမယ့်ဒီဇင်ဘာလထဲ ကျင်းပဖု့ိရှိတဲ့ တတိယအကြိမ်မြောက် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး အပစ်ရပ်အဖွဲ့တွေ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းအရာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ ချမှတ်နိုင်ဖို့နဲ့ မပြီးပြတ်သေးတဲ့ သဘောတူညီချက်တွေ အတွက် ဆက်လက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အလားအလာ အခြေအနေတွေကိုတော့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ဖော်ဆောင်နေသူဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌ လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့တဲ့ ဒီနှစ်မကုန်ခင် ဒီဇင်ဘာလထဲ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး အပါအဝင် မပြီးပြတ်သေးတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေ လုပ်ငန်းလမ်းညွှန်တွေ ပြန်လည် သုံးသပ်ပြင်ဆင် ရေးဆွဲတဲ့ကိစ္စ၊ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို သတ်မှတ်ဖို့ကိစ္စတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးဆောင်နေသူတွေက အဓိက ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့ကနေ နိုဝင်ဘာ ၂၀ရက်နေ့အထိ နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC ) မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူ ဖြစ်မည့် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ဒီအစည်းအဝေးမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေ၊ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ EAO ( Ethnic Armed Organizations ) နဲ့ အတူ နိုင်ငံရေးပါတီအစုအဖွဲ့တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဓိက လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဆွေးနွေးကြတာဖြစ်အကြောင်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တဲ့ PNLO ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလိုပြောပြပါတယ်။

“ ၁၇ ရက်ကနေ ဒီနေ့အထိ ကျင်းပတယ်ဆိုတာကတော့ အလုပ်အဖွဲ့အစည်းဖြစ်ပါတယ်။ အလုပ်အဖွဲ့ဆိုတာကတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲတယ်၊ လုပ်ငန်းလမ်းညွှန်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲတဲ့အလုပ်အဖွဲ့အစည်းမျိုး ဆိုတော့ ဒီလိုအစည်းအဝေးမှာ အဓိကပြင်ဆင်တာကတော့ လာမယ့် တတိယ ပင်လုံအပါအဝင် ကျန်တဲ့နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ပေါ့လေ အဲဒါတွေ ပိုပြီးတော့မှ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်နိုင်ဖို့အတွက်ကို ပြင်ဆင်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒုတိယပင်လုံမှာကတော့ မူဘောင်တွေ ရေးဆွဲမှုတွေကတော့လေ အရင်အစိုးရလက်ထက်က စပြီးတော့ ရေးဆွဲထားတဲ့ မူဘောင်တွေ ကျနော်တို့ ရေးဆွဲခဲ့တာရှိတယ်။ နောက်ပိုင်းမှာ အဲဒီ မူဘောင်တွေကို ပြန်လည်ညှိနှိုင်းပြင်ဆင်တဲ့အခါမှာ အပြီးသတ် ပြန်လည်ညှိနှိုင်းပြင်ဆင် ခဲ့တာမျိုးမရှိခဲ့ဘူး။ ဒုတိယပင်လုံကျင်းပတဲ့အချိန် ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီတတိယအကြိမ်ပင်လုံ ကျင်းပတဲ့အခါမှာ ပိုပြီးတော့မှ စနစ်တကျပေါ့နော် ကျင်းပနိုင်ဖို့အတွက် အရင်မူဘောင်အဟောင်းကိုပဲ အခြေခံပြီးတော့မှ ကျနော်တို့ ပြန်ပြီးဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်”

ဒါ့အပြင် NCA တနိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စာချုပ်ပေါ် အခြေခံတဲ့ ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးဆွေးနွေးကြမှာဖြစ်ပေမဲ့လို့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ဆွေးနွေးနိုင်ရေးအတွက်ကိုလည်း ကြိုးစားနေကြတယ်လို့ ဦးခွန်မြင့်ထွန်းကပြောပါတယ်။

“၂၁ရာစုပင်လုံ ပထမဦးဆုံး ကျင်းပခဲ့စဉ်တုန်းကတော့ လက်မှတ်ထိုးတဲ့လူရော၊ မထိုးတဲ့လူရော အားလုံး ပါဝင်ပတ်သက်မူ အားလုံးရဲ့ ပိုင်ဆိုင်တဲ့ ညီလာခံအနေနဲ့ အစဖြစ်နိုင်အောင်လို့ ကျင်းပခဲ့တယ်။ အဲဒီကာလတုန်းကတော့ ကျနော်တို့ ကိုယ်စားလှယ်ဆိုတာကို မထားပဲနဲ့ တက်ရောက်သူတွေအနေနဲ့ ထိုးတဲ့လူရော ၊ မထိုးတဲ့လူရော အားလုံးတက်နိုင်အောင် တက်ရောက်သူများအနေနဲ့ ၂၁ရာစုပင်လုံ ပထမဦးဆုံးအစည်းအဝေးကို ကျနော်တို့ ကျင်းပခဲ့ပါတယ်။ အခု ဒုတိယပင်လုံပြီးတော့ နောက်တခါလာမယ့် တတိယပင်လုံ စသဖြင့် ဆက်ကျင်းပမယ့် ညီလာခံတွေမှာတော့ NCA ကိုလက်မှတ်ရေးထိုးမယ့်သူတွေ လက်မှတ်ရေးထိုးနိုင်မှ ပဲ ညီလာခံမှာ တက်ရောက်ပြီးတော့ ဆွေးနွေးနိုင်မယ့် အခင်းအကျင်းမျိုးရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ NCA ပြဌာန်းချက်အရကိုက ဒီမှာလာပြီးတော့ ဆွေးနွေးမယ် ညှိနှိုင်းမယ်။ ဆုံးဖြတ်မယ်ပေါ့လေ၊ အဓိက ဦးဆောင်ကျင်းပမယ် အဲဒီကဏ္ဍတွေကတော့ NCA ကိုလက်မှတ်ရေးထိုးမှပဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့ကလည်း နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ အားလုံးပါဝင်နိုင်ရေးကိုတော့ ကျနော်တို့ နည်းမျိုးစုံလုပ်ရမှာပေါ့။ အစိုးရဘက်ကတော့ ဒီဇင်ဘာမှာ ကျင်းပနိုင်ရေးကို အဆိုပြုထားတယ်။ အခုကျနော်တို့ ရေးဆွဲရမယ့် မူဘောင်တွေ ပြီးပြတ်တယ်ဆိုရင် ကျန်တဲ့ လုပ်ငန်းပိုင်းတွေပေါ့လေ ပြင်ဆင်မှုတွေ ပြီးတယ်ဆိုရင် နောက်တချက်ကတော့ ဒီကြားထဲမှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ၊ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ NCA ကိုလက်မှတ်ရေးထိုးထားပြီးတော့ မကျင်းပရသေးတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနိုင်တယ်ဆိုရင်တော့ ဒီဇင်ဘာမှာ ကျင်းပနိုင်ရေးကတော့ ဖြစ်သွားနိုင်လောက်ပါတယ်။”

တဆက်တည်းမှာပဲ ရန်ကုန်မြို့က NRPC အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ရုံးမှာလည်း ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ အစည်းအဝေးတွေလည်း နိုဝင်ဘာ ၂၀ရက်နေ့ကနေ နိုဝင်ဘာ ၂၂ရက်နေ့အထိ ဆက်တိုက်ကျင်းပနေပါတယ်။

ဒါ့အပြင် လာမယ့် ဒီဇင်ဘာလလထဲ ကျင်းပမယ့် တတိယအကြိမ် ပင်လုံညီလာခံမတိုင်ခင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေး လာမယ့် နိုဝင်ဘာ ၂၂ရက်နေမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးနေကြဖို့ရှိသလို ဒေါ်အောင်ဆန်းစုကြည်ပါဝင်မယ့် ၁၃ကြိမ်မြောက် UPDJC ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ အစည်းအဝေးလည်း ဆက်တိုက်ကျင်းပမှာဖြစ်ပြီး တတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် အဖွဲ့ပေါင်းစုံက ဘက်ပေါင်းစုံကနေ ပြင်ဆင်ဆောင်ရွက်နေကြကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG