မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေထဲ အကျဉ်းခန်းနေရာနဲ့ အကျဉ်းသားအရေအတွက် မမျှမတမှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်လာနိုင်တဲ့အထိ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေအရမ်းဆိုးဝါးလာတဲ့အတွက် အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ အစိုးရတာဝန်ရှိသူတွေ စနစ်တကျစီစဉ်ဆောင်ရွက်ပေးဖို့ အကျဉ်းသားအရေးဆောင်ရွက်သူတွေက တိုက်တွန်းလိုက်ပါတယ်။ အကျဉ်းသားအများစု အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း လူ့ဂုဏ်သိက္ခာရှိရှိ လူ့ဘောင်အသိုင်းအဝိုင်းနဲ့သဟဇာတဖြစ်ဖို့ ပေါင်းကူးကူညီပေးတဲ့ အစီအစဉ်မျိုးတွေလည်း စီမံကိန်းချဆောင်ရွက်ပေးသင့်တယ်လို့ အကြံပေးပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ရှိတဲ့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေက တနေ့ထက်တနေ့ ပိုတိုးလာနေပြီး အခုဆိုရင် သိန်းဂဏန်း နားအထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း ကပြောပါတယ်။ အကျဉ်းထောင်တွေထဲ အကျဉ်းသားတွေဟာ နေရာထိုင်ခင်းမလုံလောက်မှုတွေကြောင့် အထူးသဖြင့် လုံလောက်တဲ့ အိပ်စက်ချိန်မရသလို တကိုယ်ရေသန့်ရှင်းရေးနဲ့ သောက်သုံးရေမသန့်ရှင်းမှုအပါအဝင် စားသောက်မှုတွေမှာပါ အကျဉ်းထောင်လက်စွဲဥပဒေနဲ့မညီညွတ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်လာပြီး စိုးရိမ်စရာ အနေအထားဖြစ်လာနေတယ်လို့ AAPPB ရဲ့ တွဲဘက်အတွင်းရေးမှူးဦးဘိုကြည်က လက်ရှိအကျဉ်းထောင်တွေရဲ့စိုးရိမ်စရာအခြေအနေ အခုလိုရှင်းပြပါတယ်။
"လက်ရှိပေါ့နော် အကျဉ်းသားဦးရေပေါင်းက ၉ သောင်းကျော်လောက်ရှိတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေဘက်က ပြောကြားချက်တွေအရ ကျနော်တို့ သိရတယ်။ အင်းစိန်ထောင်မှာဆိုရင်လည်း လူဦးရေ ဝင်ဆန့်မှုက ၅ ထောင်ကျော်လောက်ပဲ ရှိတယ်။ ဒါပေမယ့် အခုရှိနေတဲ့ အကျဉ်းသားဦးရေက ၁ သောင်း နဲ့ ၁ သောင်းအထက်လောက်မှာ ရှိနေတဲ့အတွက် ဒီ ၂ ဆနီးပါးလောက်များနေတဲ့ အရေအတွက်ရှိပါတယ်။ အဲလိုပဲ တခြားအလားတူ တခြားထောင်မှာလည်း အကျဉ်းသားဦးရေ များနေတယ်လို့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ ကျနော်တို့ သိထားတာရှိပါတယ်။ အထူးသဖြင့် လူတယောက်ရဲ့အသက် ရှင်သန်ရေးအတွက် လိုအပ်ချက်တွေဖြစ်တဲ့ နေစရာက ညဘက်အိပ်လို့ရှိရင် သူတို့အတွက် အိပ်စရာနေရာက အလုံအလောက်မရကြဘူး။ နောက်တခုက လေဝင်လေထွက်မကောင်းတဲ့ ကိစ္စမျိုးတွေရှိတယ်။ ဒါက ကျန်းမာရေးဆိုင်ရာအရ အရမ်းကို ဆိုးဝါးတဲ့ ကိစ္စမျိုးတွေဖြစ်တယ်။ တချို့ထောင်တွေမှာ ထောင်ဆေးရုံဆိုတာမရှိဘူး။ နောက်ဆရာဝန်တွေအလုံအလောက်မရှိဘူး။ ဆေးဝါးအလုံအလောက်မရှိဘူး။ အဲလိုဖြစ်တဲ့အခါကျတော့ ဒီအကျဉ်းသားတွေအတွက် တကယ့်ကိုလိုအပ်တဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေက တော်တော်လေး လျော့ပါးသွားတဲ့အနေအထားမျိုးတွေရှိပါတယ်။ ဒါက လူကို လူလိုထားတဲ့ ပုံစံမျိုးမဟုတ်တော့ပဲနဲ့ လူ့အဆင့်က လျော့ကျပြီးတော့ တရိစ္ဆာန်ကို ထားတဲ့ ပုံစံမျိုးတွေ အထိအောင်ဖြစ်သွားနိုင်တဲ့ ပုံစံမျိုးတွေရှိတယ်။"
အခုလို အကျဉ်းထောင်တွေထဲမှာ ထောင်ဂဏန်း သောင်းဂဏန်းအထိ ကျပ်သိပ်ပြီး မလုံမလောက်ဖြစ်နေတဲ့အနေအထားတွေ သူတို့နေ့စဉ်အကျဉ်းထောင်ဘဝ လူ့အခွင့်အရေးနဲ့အညီ စားဝတ်နေရေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားလိုဆက်ဆံခံရဖို့အပါအဝင် အကျဉ်းထောင်တွေထဲ ရာဇဝတ်မှုကျူးလွန်ဖို့ လူစုဆောင်းသလိုမျိုး ဖြစ်နေတာတွေကို အစိုးရနဲ့ အကျဉ်းထောင် အကျဉ်းဦးစီး အကျဉ်းစခန်းတွေကို တိုက်ရိုက်ကိုင်တွယ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အရေးတကြီး ဖြေရှင်းသင့်တယ်လို့လည်း ဦးဘိုကြည်က တိုက်တွန်းပါတယ်။
"ဒီလာဘ်ပေးလာဘ်ယူ ကိစ္စတွေရှိတယ်။ ပိုက်ဆံရဖို့အတွက် ညှင်းပမ်းနှိတ်စက်ခံရတာမျိုးတွေရှိတယ်။ ပိုက်ဆံမပေးနိုင်ဘူးဆိုရင် တကယ့်အလုပ်ကြမ်းတွေလုပ်ရမယ်။ ပိုက်ဆံပေးနိုင်ရင် နည်းနည်းသက်သာမယ်ဆိုတဲ့ ဒီလိုကိစ္စမျိုးတွေကလည်း ထပ်ပြီးတော့ ဖြစ်ပွားနေတာတွေရှိပါတယ်။ ဒါတွေအတွက်ကတော့ နိုင်ငံတော်မှာ အပြည့်အဝတာဝန်ရှိတယ်။ နိုင်ငံတော်က ဒီလိုမျိုးအကျဉ်းသားတွေကို ထိန်းချုပ်တဲ့အခါမှာ အကျဉ်းထောင်ရဲ့ လက်စွဲ ဥပဒေတွေအရ အကျယ်အဝန်းက ဘယ်လောက်ရှိရမလဲဆိုတာ သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ အဲလိုပဲ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေမှာလည်း ရှိတဲ့အတွက် ဒီအပိုင်းကို အဆင်ပြေအောင် နိုင်ငံတော်က ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ ဒီလိုအပိုင်းတွေမှာ နိုင်ငံတော်ဘက်က အားနည်းနေတာမျိုးကို ကျနော်တွေ့ရပါတယ်။"
အဲ့ဒီ့လို အခြေခံကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့တာ ဆေးဝါးကုသမှုညံ့ဖျင်းခဲ့တာတွေနဲ့ အစားအသောက်အနေအထိုင် ဆိုးဝါးခဲ့တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ ထောင်ကပြန်လွတ်မြောက်လာတဲ့အခါမှာလည်း ဆိုးဝါးတဲ့ ကျန်းမာရေးထိခိုက်မှုတွေနဲ့ အသက်သေဆုံးမှုတွေဖြစ်ရတာ အပါအဝင် လုပ်ငန်းခွင်တွင်း ဝင်ရောက်ရေးအပါအဝင် လူ့ဘောင်အသိုင်းအဝိုင်းကို ပြန်လည်ဝင်ဆံ့နိုင်မှုတွေမှာ အခက်အခဲကြုံလာရတာတွေရှိတဲ့အတွက် သက်ဆိုင်တဲ့အစိုးရတာဝန်ရှိသူတွေဘက်က ဒီအရေးအပေါ် အထူးအာရုံစိုက် အလေးထားဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းလိုတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ဦးဘိုကြည်က ပြောပါတယ်။
"ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက် ကနေပြီးတော့ ဒီနေ့ ပြည်သူ့အစိုးရ ဖြစ်တဲ့အချိန်အထိပေါ့နော် ဒီထောင်က လွှတ်လာတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ Reintegration Program လို့ခေါ်တာပေါ့နော် လူ့အဖွဲ့အစည်းထဲကို လျင်လျင်မြန်မြန်ပြန်ပြီးတော့ ပေါင်းကူးနိုင်ရေးပေါ့။ ဒီလိုအစီအစဉ်မျိုးတွေ လုံးဝမရှိခဲ့ဘူး။ အခုအချိန်အထိလည်း မရှိသေးပါဘူး။ ဒီအကျဉ်းသားတွေကို ထောင်ထဲမှာလည်း ပြုပြင်ပြောင်းလဲရမှာဖြစ်တယ်။ ထောာင်ကနေထွက်လာပြီးအခါကျတော့လည်း သူတို့တွေကို လူ့အဖွဲ့အစည်းထဲကို ပြန်ဝင်ဆန့်နိုင်အောင် ကျနော်တို့က ဝိုင်းဝန်းကူညီပေးရမှာဖြစ်ပါတယ်။ ကျနော်တို့တော့ အကြံပေးနေတာရှိပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့လည်း ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးခဲ့တာတွေလည်းရှိတယ်။ ဆွေးနွေးနေတာတွေလည်းရှိတယ်။ အကျဉ်းထောင် တခုတည်းနဲ့ တင် ကျနော်တို့မလုံလောက်ဘူး။ လွှတ်တော်ပါပါရမယ် လွှတ်တော်က တချို့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပေးရမယ်။ လုပ်ပြီးတဲ့အခါကျတော့မှ အဲဒီ ဥပဒေတွေနဲ့အညီ ကျနော်တို့ ထောင်ထဲမှာ အဆင့်ဆင့် အင်တာဗျူးတွေလုပ်ရမယ်။ အဲဒီလုပ်တဲ့အခါမှာလည်း တကယ့်ကျွမ်းကျင်တဲ့လူတွေလိုအပ်တယ်။ ပြီးတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်အနည်းဆုံးလူတွေကို ရွေးချယ်ပြီးတော့ လွှတ်ပေးဖို့ အကြံပြုတာတွေ ရှိပါတယ်"
အထူးသဖြင့်ကတော့ အခုလို အကျဉ်းထောင်တွေထဲ အကျဉ်းသားဦးရေ လျော့ပါးနိုင်ဖို့ မူးယစ်မှုတွေနဲ့ အများစု ရောက်နေတာတွေကို စာရိတ္တပိုင်း ပြုပြင်ပြောင်းလဲမှုတွေ စနစ်တကျ ဆောင်ရွက်ပေးပြီးရင် လွှတ်ပေးသင့်တာ ၊ အသက်အရွယ်ကြီးမြင့်တာ၊ ကျန်းမာရေး မကောင်းတာလို နောက် နိုင်ငံရေးအကျဉ်းသားတွေနဲ့အကျဉ်းကလွှတ်ပေးသင့်တဲ့သူတွေ လွှတ်ပေးဖို့ တရားစီရင်ပိုင်းကလည်း စောင့်ကြည့်ဆောင်ရွက်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်အသင်းက အကြံပြုပါတယ်။
အခုလိုအကျဉ်းထောင်တွေထဲက အခြေအနေတွေ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနဲ့ အကျဉ်းထောင်လက်စွဲဥပဒေ နိုင်ငံတကာအဆင့်မှီ အကျဉ်းထောင်တွေဖြစ်ဖို့နဲ့ အကျဉ်းသားတွေ လူ့အခွင့်အရေးအပြည့်အဝရရှိစေဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ အကျဉ်းသားအရေးဆောင်ရွက်သူတွေ နေပြည်တော်မှာ လာမယ့်ဖေဖော်ဝါရီလထဲ တွေ့ဆုံပြီး ဆွေးနွေးကြဖို့စီစဉ်နေသလို အကျဉ်းထောင်တွေထဲ အကျဉ်းသားဦးရေကို တရားဝင်ဥပဒေနဲ့အညီ စနစ်တကျ ဘယ်လိုလျော့ချနိုင်မလဲဆိုတဲ့ စာတမ်းအစီရင်ခံစာထွက်နိုင်ဖို့ကိုလည်း အကျဉ်းသားကူညီစောင့်ရှောက်သူတွေက ဆောင်ရွက်နေကြပါတယ်။