သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ် အပြန်အလှန် အခွန်စည်းကြပ်မှုအပေါ် Trump တုံ့ပြန်


အမေရိကန်နဲ့ တရုတ်အကြား သွင်းကုန်တွေအပေါ် အပြန်အလှန်ကုန်သွယ်ခွန်တွေ စည်းကြပ် ကောက်ခံနေတဲ့အတွက် ကမ္ဘာစီးပွားရေးဈေးကွက်လည်းကျဆင်းသွားပါတယ်။ အမေရိကန်သမ္မတ Trump ကတော့ လက်ရှိအခြေအနေမှ အမေရိကန်က အသာစီး ရနေတယ်လို့ပြောပေမယ့် ဒီလိုသာ တရုတ်နဲ့ ကုန်သွယ်ရေးဆက်ပြီးတော့ တင်းမာနေမယ်ဆိုရင် ၂ ဖက်စလုံးမှာ ထိခိုက်နစ်နာမှုတွေဖြစ်ပြီး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းကို ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

အမေရိကန်သမ္မတ Trump က တရုတ်ဘက်က အမေရိကန်ကုန်စည်တွေအပေါ် အခွန်ငွေစည်းကြပ်တဲ့ နောက်ဆုံးလက်တုံ့ပြန်မှုကြောင့် လက်ရှိ အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ အမေရိကန်အတွက်အခြေအနေ ပိုကောင်းစေတယ်လို့ ပြောခဲ့ပါတယ်။ အိမ်ဖြူတော်မှာ အလည်ပတ်ရောက်ရှိနေတဲ့ Hungary ဝန်ကြီးချုပ် Viktor Orban နဲ့ တွေ့ဆုံစဉ် တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ နောက်ဆုံး အနေအထားကို အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျနော်တို့က အခုသိပ်ကို အသာစီးရနေတာပါ။ အမေရိကန်က ဘယ်လိုပဲအရေးယူဆောင်ရွက်ပါစေ၊ တရုတ်ကတော့ ထိခိုက်မှာပါ။ အခုပဲ ကုမ္ပဏီတွေက အခွန်တွေကြောင့် တရုတ်နိုင်ငံကနေ ထွက်ကြတော့မယ်လို့ စတင်ပြောနေကြပါပြီ။ အခွန်နဲ့ဆို တရုတ်မှာ ဆက် အလုပ်မဖြစ်နိုင်ကြ တော့ပါဘူး။ အခွန်မဆောင်ရအောင် ကုမ္ပဏီတွေက တရုတ်ကနေ ထွက်ပြီး အခြားနိုင်ငံတွေကို သွားကြမှာပါ။”

ကမ္ဘာ့အကြီးဆုံး စီးပွားရေး ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲမှာ သမ္မတ Trump ကို တရုတ်က လက်တုံ့ပြန်ရာမှာ အမေရိကန် ကုန်စည် ဘီလီယံ ၆၀ အပေါ် အခွန်ငွေ ၂၅ % နှုန်းအထိ စည်းကျပ်လိုက်တာဖြစ်ပါတယ်။ အခုလို တရုတ်ရဲ့ လက်တုံ့ပြန်မှုဟာ သမ္မတ Trump အစိုးရက တရုတ်က တင်သွင်းတဲ့ ဒေါ်လာ ဘီလီယံ ၂၀၀ ကုန်စည်တွေအပေါ် ၁၀ % ကနေ ၂၅ % နှုန်းအထိ ပြီးခဲ့တဲ့ သောကြာနေ့က အခွန်စည်းကျပ်ခဲ့လို့ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်အကြား စီးပွားရေး ပဋိပက္ခဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ၂ နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲ ပျက်ခဲ့ပြီး တင်းမာလာတာဖြစ်ပါတယ်။

တရုတ်ဘက်က သဘောတူပြီးသား ကုန်သွယ်ရေးအချက်တွေကို ပြန်ရုပ်သိမ်းခဲ့တာကြောင့် သမ္မတ Trump က အခုလို အခွန်စည်းကြပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“တရုတ်နဲ့ ကျနော်တို့ ၉၅% သဘောတူညီမှုရနေတဲ့ အချိန်မှာ ကျနော်ရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဝန်ကြီးSteve Mnuchin နဲ့ ကုန်သွယ်ရေးအထူးကိုယ်စားလှယ် Robert Lighthizer တို့ တရုတ်ကို သွားတဲ့အခါမှာ အရင်က သဘောတူညီချက်တွေကို တရုတ်က မတူတော့ဘူးလို့ ပြောခဲ့တယ်။ ဒါဟာ လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ ဒါကြောင့် ကျနော့်ဘက်က ကောင်းပြီ၊ အခွန်စည်းကြပ်မယ်လို့ ပြောခဲ့တာပါ။”

အခုလို တရုတ်နဲ့ ကုန်သွယ်ရေး တင်းမာနေချိန်မှာ သမ္မတ Trump က ဇွန်လနှောင်းပိုင်း ဂျပန်မှာ ကျင်းပမယ့် G-20 ထိပ်သီးညီလာခံမှာ တရုတ်သမ္မတ Xi အပြင် ရုရှားသမ္မတ Vladimir Putin တို့နဲ့လည်း တွေ့ဖို့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်အကြား အခုလို အပြန်အလှန် အခွန်စည်းကြပ်တာဟာ နှစ်ဖက်စလုံးအတွက် နစ်နာဖို့ရှိတယ်လို့ အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Cudlow က Fox news Sunday တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ခံခဲ့ပါတယ်။

“ဟုတ်ပါတယ်။ အတိုင်းအတာတခုထိတော့ ထိခိုက်နိုင်စရာရှိတယ်ဆိုတာကို ကျနော် ဝန်ခံပါတယ်။ နှစ်ဘက်စလုံးအတွက် ထိခိုက်နိုင်ပါတယ်။”

တကယ်တော့ အမေရိကန်က တရုတ်ကုန်တွေအပေါ် အခွန်စည်းကြပ်တယ်ဆိုပေမယ့် အခွန်ငွေကို တရုတ်က ပေးရတာမဟုတ်ပဲ ကုန်စည်တင်သွင်းတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက ပေးဆောင်ရတာဖြစ်ပါတယ်။ တရုတ်ဘက်က အခွန်ငွေ စည်းကြပ်တဲ့ ကုန်စည်တွေဟာလည်း သမ္မတ Trump ကို အဓိက ထောက်ခံတဲ့ စက်မှုလုပ်ငန်းရှင်တွေ နဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေ နေထိုင်တဲ့ ပြည်နယ်တွေကို အဓိက ထိခိုက်စေနိုင်တာဖြစ်ပါတယ်။ ခေတ်မီနည်းပညာ၊ ကုန်စည်တွေနဲ့ တခြားစက်မှုလုပ်ငန်းကုန်စည်တွေအပြင် ဂျုံ၊ မြေပဲ၊ သကြား နဲ့ ဘယ်ရီအသီး စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေမှာလည်း တရုတ်က အခွန်စည်းကြပ်ထားတာဖြစ်ပါတယ်။

အခုလို တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် စတော့ ဈေးနှုန်းတွေလည်း ထိုးကျခဲ့ပါတယ်။ ဒါကြောင့် အထက်လွှတ်တော်အမတ် Rand Paul က သမ္မတ Trump အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ကနေ နောက်ဆုတ်ဖို့မလွယ်ပေမယ့် ပြဿနာကို မြန်မြန်ဖြေရှင်းနိုင်ဖို့ လိုကြောင်း Fox news တွေ့ဆုံမေးမြန်းခန်းမှာ သတိပေးခဲ့ပါတယ်။

“အခွန်စည်းကြပ်မှု ဒါမှမဟတု် ကုန်သွယ်ရေးပြဿနာ ကြာရှည်လေ ကျနော်တို့ စီးပွားရေးကပ်ဆိုက်ဖို့ အလားအလာ ပိုတိုးလာလေ ဖြစ်မှာပါ။”

တရုတ်နိုင်ငံခြားရေးဌာနကတော့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆွေးနွေးပွဲ တွေမှာ အမေရိကန်ဘက်က လမ်းမှန်ပေါ်ပြန်ရောက်လာပြီး တရုတ်နဲ့ ပူးတွဲကြိုးပမ်းကာ လမ်းတဝက်မှာ တွေ့ဆုံကြဖို့နဲ့ နှစ်နိုင်ငံ အကျိုးပြုမယ့် win- win အခြေအနေမျိုးရောက်မယ့် သဘောတူညီမှုမျိုး ရရှိဖို့ ကြိုးပမ်းသင့်တဲ့အကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG