သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ရွေးကောက်ပွဲ ကနဦးရလဒ် Duterte အာဏာပိုခိုင်မာဖွယ်ရှိ


ဖိလစ်ပိုင်နိုင်ငံက လွှတ်တော်သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ သမ္မတဒူတာတေးက ထောက်ခံ ပေးထားတဲ့လွှတ်တော် အမတ်တွေက အနိုင်ရခဲ့တယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့် တရုတ်ဘက်ကို ယိမ်းပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှု တွေကိုခပ်ကြမ်းကြမ်းလုပ်တဲ့ သမ္မတဒူတာတေးရဲ့ အာဏာက ပိုပြီးခိုင်မာလာမယ့်သဘောရှိနေပါတယ်။ ဒီအကြောင်း Ralph Jennings ရဲ့သတင်းကို ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့်မယ်။

တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက လွှတ်တော်သက်တမ်းဝက်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေ မနေ့ကထွက် လာခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင်ကြေညာချက်တော့ မဟုတ်သေးပါဘူး။ ဒီရလဒ်တွေအရ အနိုင်ရတဲ့ အထက်လွှတ်တော် အမတ်၁၂ ဦးမှာ ၉ဦးက သမ္မတ Rodrigo Duterte က အားပေးထောက်ခံထားတဲ့ အမတ်တွေဖြစ်ပါတယ်။

တနင်္လာနေ့ညက တညလုံးမဲတွေကိုရေတွက်ခဲ့ပြီးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အတိုက်အခံဘက်က တဦးမှအနိုင်မရပါဘူး။ အခုရွေး ကောက်ပွဲမှာ လစ်လပ်နေတဲ့ အထက်လွှတ်တော်အမတ် ၂၄နေရာကို ဝင်ပြီးယှဉ်ပြိုင်သူပေါင်း ၆၂ဦးရှိပြီး လောလောဆယ် အနိုင်ရသူ ၁၂ဦးကတော့ တသီး ပုဂ္ဂလ အမတ်သုံးဦးနဲ့ သမ္မတဒူတာတေး ထောက်ခံတဲ့ အမတ် ၉ဦးတို့ပဲဖြစ်ပါတယ်။ အဲဒီအမတ် ၉ဦးက အထက်လွှတ်တော် အမတ်သက်တမ်း၆နှစ်မှာ သုံးနှစ်တာဝန် ယူထားပြီးသူတွေပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ အခုလွှတ်တော်သက်တမ်းဝက်ရွေးကောက်ပွဲ ကတော့ သမ္မတကိုထောက်ခံသ ူနဲ့ဆန့် ကျင်သူအကြား ပြိုင်တဲ့ပွဲပါပဲလို့ ဖိလစ်ပိုင်နိုင်ငံ De La Salle တက္ကသိုလ်က နိုင်ငံ ရေးသိပ္ပံပါမောက္ခ Antonio Contreras ကပြောပါတယ်။

“ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတဲ့သူတွေနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေရှိနေတယ်ဆိုပေမဲ့လည်း ပြည်သူတွေ ကရုစိုက် တာကတော့ သမ္မတကို ဘယ်သူတွေက ထောက်ခံပြီး ဘယ်သူတွေက ဆန့်ကျင်သလဲဆိုတာကိုပဲ အခြေခံအားဖြင့်ကြည့် ကြတာပါ။ အခုထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်က သမ္မတဒူတာတေးရဲ့လုပ်ရပ်တွေအပေါ် လူထုဆန္ဒခံယူပွဲလုပ် ပြီး အသိအမှတ်ပြုလိုက်တဲ့ သဘောပါပဲ”

ထွက်ပေါ်လာမယ့်ရွေးကောက်ပွဲရလဒ်တွေက သမ္မတဒူတာတေးရဲ့ ရည်ရွယ်ချက်တွေကို အပြည့်အဝလုပ်ဆောင်နိုင်အောင် ပိုပြီးယုံကြည်မှုတွေပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ သမ္မတဒူတာတေး အစိုးရက တောင်တရုတ်ပင်လယ် အတွင်း သူပိုင်တယ်၊ ကိုယ်ပိုင်တယ်အငြင်းပွားနေတဲ့နေရာတွေမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ရှာဖွေတူးဖေါ်ရေးတွေကို တရုတ် နိုင်ငံနဲ့အတူပူးပေါင်းလုပ်ဆောင်ဖို့မျှော်လင့်ထားတာပါ။

၂၀၁၆ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံအတွက် ဒေါ်လာ၂၄ဘီလျှံ အကူအညီပေးဖို့ တရုတ်က ကတိပြုခဲ့ပါတယ်။ အဲဒီအထဲကငွေတချို့က သမ္မတဒူတာတေးရဲ့ အခြေခံ အဆောက်အဦး ပြုပြင်ရေးစီမံကိန်း တွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒေသခံသတင်းမီဒီယာတွေရဲ့ဖေါ်ပြချက်တွေအရေ ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါးနှိမ်နင်း မှုတွေကြောင့်သေဆုံးရသူပေါင်း ငါးထောင်ကျော် ရှိတယ်လို့ဆိုပေမဲ့လည်း သမ္မတဒူတာတေးကတော့ သူ့ရဲ့ မူးယစ်ဆေး ဝါးနှိမ်နင်းမ ှုလုပ်ငန်းတွေကိုဆက်ပြီးလုပ်သွားမယ့်သဘောရှိနေပါတယ်။ အခွန်ကောက်ခံမှုဆိုင်ရာဥပဒေတွေကိုလည်း သမ္မတဒူတာတေးက ပြုပြင်ဖို့လုပ်နေပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အထက်လွှတ်တော်အမတ်၂၄ဦးထဲ က ငါးဆယ်ရာခိုင်နှုန်းကနေ ၇၅ရာခိုင်နှုန်းအထိထောက်ခံမှု တွေရဖို့လိုပါတယ်။ မြို့တော် မနီလာတဝိုက်က မဲပေးသူတွေ ကတော့ သမ္မတဒူတာတေးလက်ထက်မှာ မူးယစ်ဆေးဝါးတွေပိုကင်းစင်ပြီး စီးပွားရေးလည်းပိုကောင်းလာတယ်၊ တခြားအထောက် အပံ့တွေလည်းရလာတယ်လို့ မဲပေးခဲ့တဲ့ မနီလာမြို့နားက May Isabela ကပြောပါတယ်။

“အဆောက်အဦးအသစ်တွေလည်း အများကြီးပေါ်လာတယ်၊ အလုပ်အကိုင်တွေလည်း အများကြီးရှိလာတယ်။ ကလေး တွေ ကျမတို့ရဲ့ကျောင်းသူကျောင်းသားတွေလည်း လစဉ် ထောက်ပံ့ကြေးရလာတယ်။ ကျန်းမာရေးအထောက်အကူ တွေ လည်းလာနေပါပြီ”

တကယ်တော့ သမ္မတဒူတာတေး အပေါ်လူထုရဲ့ ထောက်ခံမှုတွေက တိုးနေတာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက သူ့ကိုသဘောထောက်ခံမှုက ၇၀ရာနှုန်း ရှိခဲ့ရာက ဒီဇင်ဘာမှာ ၇၄ရာခိုင်နှုန်းနဲ့ အခု၂၀၁၉နှစ်ဆန်းပိုင်းမှာတော့ သမ္မတရဲ့လုပ်ရပ် တွေအပေါ် ထောက်ခံကျေနပ်မှု တွေက ၇၉ရာခိုင်နှုန်း အထိတက်လာခဲ့ပါတယ်။ အတိုက်အခံတွေဘက်က သမ္မတဒူတာ တေးကို ဝေဖန်နေကြတယ်ဆိုပေမဲ့လည်း တကယ်တမ်းမှာ မထိရောက် ဘူးလို့ စင်္ကာပူတက္ကသိုလ် မူဝါဒရေးရာဌာနက တွဲဘက်ပါမောက္ခ ဖိလစ်ပိုင်လူမျိုး Eduardo Araral ကပြောပါတယ်။

“အတိုက်အခံတွေ ဘက်ကတော့ သူတို့ကိုယ်သူတို့ရိုးသားတယ်လို့ဆိုပြီး သမ္မတဒူတာတေးက တရုတ်နဲ့ နီးစပ်တဲ့ကိစ္စ၊ သူ့ရဲ့ ပြင်းထန်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းတဲ့ကိစ္စတွေကို ဝေဖန်ပြောဆို နေပေမဲ့လည်း တကယ်တမ်း ထိထိရောက်ရောက် မလုပ်နိုင်ကြပါဘူး။ အတိုက်အခံတွေရဲ့ ဝေဖန်ထောက်ပြချက်တွေက သမ္မတဒူတာတေးကို ဘာမှမဖြစ်စေပါဘူး”

ရွေးကောက်ပွဲရလဒ်တွေ တရားဝင်ကြေညာတဲ့အခါ အခုထွက်နေတဲ့စာရင်းအတိုင်း သမ္မတရဲ့ လူတွေသာ အနိုင်ရမယ် ဆိုရင်တော့ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် တခြား မူဝါဒပြောင်းလဲမှုတွေ လုပ်ဖို့ သမ္မတဒူတာတေးမှာ အားပိုရှိသွား နိုင်ပါတယ်။ အသက် ၉နှစ်အရွယ် ကလေးကစပြီး ဖမ်းဆီးအရေးယူခွင့်ရရေး၊ ဖျက်သိမ်းထားတဲ့ သေဒဏ်ချမှတ်မှုကို ပြန် အသုံးပြုရေး စတာတွေလုပ်လာနိုင်ပါတယ်။ ဖိလစ်ပိုင်အောက်လွှတ်တော်အတွက်လည်း တနင်္လာနေ့က မဲတွေပေးခဲ့ကြပြီး အဲဒီမှာလည်း သမ္မတဒူတာတေးကို ထောက်ခံသူတွေအများစုက အနိုင်ရ ထားပါတယ်။

ဖိလိပိုင်ရွေးကောက်ပွဲ ကနဦးရလဒ် Duterte အာဏာပိုခိုင်မာဖွယ်ရှိ
please wait

No media source currently available

0:00 0:04:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG