သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံတင်သင်္ဘော ၂ စင်းတိုက်ခိုက်မှု အီရန် လက်ချက်ဟု ကန်ယုံကြည်


အီရန်ကမ်းလွန်က မဟာဗျူဟာကျတဲ့ ရေလမ်းမှာရှိတဲ့ အိုမန်ပင်လယ်ကွေ့မှာ ကြာသပတေးနေ့က ရေနံတင်သင်္ဘော ၂ စင်း အတိုက်ခိုက်ခံခဲ့ရတာဟာ အီရန်ရဲ့ လက်ချက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အပြစ်တင် ပြောကြားလိုက်ပါတယ်။ သင်္ဘော ၂ စင်းထဲက တစင်းဟာ မီးလောင်နေပြီး သူ့ဆီက ထွက်တဲ့ မီးခိုးလုံးမဲကြီးကို တွေ့နေရပါတယ်။

အိုမန်ပင်လယ်ကွေ့မှာ ကြာသပတေးနေ့ အတိုက်ခိုက်ခံရမှုအတွက် အီရန်မှာ တာဝန်ရှိတယ်ဆိုတာကို အမေရိကန်အစိုးရက တွေ့ရှိခဲ့ကြောင်းနဲ့ ဒါဟာ ထောက်လှမ်းရေးသတင်းတွေ၊ သုံးစွဲတဲ့ လက်နက်အမျိုးစား၊ ဒီလိုတိုက်ခိုက်မှုမျိုး လုပ်ဆောင်နိုင်စွမ်းရှိတဲ့အဆင့်၊ မကြာသေးခင်က အီရန်ရဲ့ အလားတူ ရေကြောင်းတိုက်ခိုက်မှုပုံစံတွေ အပြင် ဒီဒေသမှာ ဒီလိုရှုပ်ထွေးစေမယ့် လုပ်ရပ်မျိုး လုပ်နိုင်မယ့် အဖွဲ့အစည်း စတာတွေ အပေါ် အခြေခံပြီး ဆန်းစစ်မှုတွေ လုပ်ခဲ့တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

ရေနံတင်သင်္ဘောတစင်းဟာ နော်ဝေပိုင် ဖြစ်ပြီး နောက်တစင်းကို ဂျပန်ကုမ္ပဏီတခုက ပိုင်ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေ ပြေလျော့စေရေးအတွက် ဆွေးနွေးဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe အီရန်ကို ရောက်နေချိန်မှာ အခုလို တိုက်ခိုက်တာဟာ ဂျပန်ကို စော်ကားတာ ဖြစ်ကြောင်းလည်း ဝန်ကြီး Pompeo ကပြောပါတယ်။

အခု သင်္ဘော ၂ စင်း တိုက်ခိုက်မှုကို အီရန်က လုပ်ဆောင်ကြောင်း ညွှန်ပြနေတဲ့ အထောက်အထားအများအပြား ရရှိထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိတဦးကလည်း VOA ကိုပြောကြားခဲ့ပါတယ်။ Bahrain အခြေစိုက် အမေရိကန် ရေတပ်သင်္ဘောကလည်း အတိုက်ခိုက်ခံရတဲ့ သင်္ဘော ၂ စင်းဆီက တနာရီလောက်ခြားပြီး ဒုက္ခရောက်နေတဲ့အတွက် အကူညီတောင်းခံ လာကြောင်း ပြောပါတယ်။ အီရန်ရေတပ်က ကယ်ဆယ်ခဲ့တဲ့ နော်ဝေရေနံတင်သင်္ဘောသား ၄၄ ယောက်ကိုတော့ အီရန်အစိုးရက ထိန်းသိမ်း ထားပါတယ်။

အခုချိန်အထိတော့ ဘယ်လိုလက်နက်မျိုးနဲ့ အတိုက်ခိုက်ခံတယ်ဆိုတာ မသိရသေးပါဘူး။ အိုမန်ပင်လယ်ကွေ့ဟာ Hormuz ရေလက်ကြား နားမှာရှိပြီး ဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံစိမ်း အားလုံးရဲ့ ရာနှုန်း ၃၀ လောက် တင်ပို့နေတဲ့ မဟာဗျူဟာကျတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ သံသယဖြစ်ဖွယ် တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်းမှာ ရေနံစိမ်းဈေးနှုန်းဟာ ၄ % လောက် ခုန်တက်သွားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG