အီရန်နိုင်ငံ ကမ်းလွန်က ရေကြောင်းအချက်အခြာဒေသ အိုမန်ပင်လယ်ကွေ့မှာ တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘော ၂ စင်း ထိခိုက်ပျက်စီးသွားပါတယ်။ ဂျာမနီနိုင်ငံ အခြေစိုက် သင်္ဘောကုမ္ပဏီက Kokuka Courageous မှာ မသင်္ကာစရာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပြီးနောက်၊ နော်ဝေပိုင် Front Altair သင်္ဘောမှာလည်း ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ကြောင်း နော်ဝေရေကြောင်း အာဏာပိုင်အဖွဲ့က ပြောဆိုခဲ့တာပါ။
ဘာရိန်းနိုင်ငံ အခြေစိုက် အမေရိကန် အမှတ် ၅ ရေတပ်ကလည်း သင်္ဘော ၂ စင်းထံက တနာရီစီခြားပြီး အရေးပေါ် အကူအညီတောင်းခံချက် လက်ခံရရှိခဲ့ပြီးနောက် အကူအညီ ပေးနေတဲ့အကြောင်း ပြောဆိုထားပါတယ်။ အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကတော့ ရေနံတင်သင်္ဘော ၂ စင်းစလုံး မီးလောင်နေပြီး၊ သင်္ဘောသား ၄၄ ယောက်ကို ရေတပ်က ကယ်ဆယ်ခဲ့ကြောင်း ပြောပါတယ်။
ဘယ်လိုလက်နက်ကြောင့် သင်္ဘောတွေ ထိခိုက်ပျက်စီးခဲ့ရသလဲ ဆိုတာကတော့ လတ်တလော ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုတဲ့ အိုမန်ပင်လယ်ကွေ့ဟာ ရေနံစိမ်း တင်ပို့ရာ အဓိကလမ်းကြောင်းမှာ အချက်အခြာကျတဲ့ Hormuz ရေလက်ကြားအနီးမှာ တည်ရှိနေတာပါ။
မသင်္ကာစရာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးဟာလည်း တပေပါကို ၆၂ ဒေါ်လာကျော်အထိ မြင့်တက်သွားပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး၊ အမေရိကန် ပြည်ထောင်စုကတော့ အီရန်နိုင်ငံရဲ့ လက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး အီရန်နိုင်ငံဘက်ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့တာပါ။
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်ကြား အငြင်းပွားနေရာက ဒေသတွင်း တင်းမာမှုတွေ ကြုံနေရချိန်မှာပဲ တိုက်ခိုက်မှုအဖြစ် မသင်္ကာဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။