သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကရေနံစိမ်း မတင်သွင်းဖို့ အမေရိကန်က မြန်မာကိုပန်ကြား


အီရန် ရေနံစိမ်းတင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော တစင်းအား တွေ့မြင်ရစဉ်။
အီရန် ရေနံစိမ်းတင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော တစင်းအား တွေ့မြင်ရစဉ်။

အီရန်နိုင်ငံက ရေနံဝယ်တာတွေရှိရင် နိုဝင်ဘာလဆန်းမှာအပြီးသတ်ရပ်ဆိုင်းဖို့ အမေရိကန်သံရုံး စီးပွားရေးဌာန အကြီးအကဲက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီယား အစီ အစဉ် ရပ်ဆိုင်းရေးဖိအားပေးမှုတွေတိုးလာနေချိန်မှာ မြန်မာနိုင်ငံ အပါအဝင်အာရှနိုင်ငံတွေအနေနဲ့အီရန်က ရေနံ ဝယ်ယူတာတွေမလုပ်ဖို့ အခုလို တောင်းဆိုတာ ဖြစ်ပြီး ဒီကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သည်အသင်းချုပ်ကိုအသိပေးအကြောင်းကြားထားပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာ ပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အီရန်နိုင်ငံက ရေနံဝယ်ယူတာတွေ နိုဝင်ဘာ ၅ ရက်ကစပြီးရပ်နားဖို့အမေရိကန်သံရုံးရဲ့ တောင်းဆို ချက်ကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သည်နှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်ကို အသိပေးအကြောင်းကြားစာ ပေးပို့ထားပါတယ်။ အရှေ့ အလယ်ပိုင်းဒေသ လုံခြုံရေးအတွက် အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်ရပ်ဆိုင်းရေး အတွက် စီးပွားရေး ပိတ်ဆို့ တာတွေ လုပ်တာမှာ ပါဝင်ကူညီပေးဖို့ အမေရိကန် သံရုံး နိုင်ငံရေးဆိုင်ရာ စီးပွားရေးဌာန အကြီး အကဲ က တောင်းဆိုတဲ့အတွက် အခုလိုအကြောင်းကြားစာ ပေးပို့တာ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက VOA ကို ပြောပါတယ်။

“ကျနော်တို့ အဓိကသွင်းနေတာကတော့လေ စင်္ကာပူကပဲ အဓိကသွင်းတယ်သွင်းတဲ့အချိန်မှာလည်း ကျနော် တို့က ဓာတ်ဆီ၊ ဒီဇယ်အနေနဲ့သွင်းတာလေ။ ကျနော်တို့ ရေနံစိမ်းအနေနဲ့သွင်းတာ မဟုတ် ပါဘူး။ ကျနော်တို့တော့ အဲဒီလိုပဲနားလည်တယ်။ ဒါပေမဲ့ ကျနော်တို့ အဲဒီလိုမျိုး ရေနံစိမ်းတင် သွင်းပြီးတော့ ကျနော်တို့မှာ ချက်လုပ်တာ မရှိတဲ့အတွက်ကြောင့်မို့ ဒီပေါ်မှာ ပြောစရာမရှိဘူး။ ဒါပေမဲ့ ကျနော်တို့က အဲဒီအကြောင်းကြားချက်အရ ကျနော် တို့ သက်ဆိုင်ရာဌာနတွေကို အသိပေးထားတဲ့ အနေအထားပါပဲ။”

ရေနံစိမ်းရောင်းတာကနေ ရနေတဲ့အီရန်ရဲ့ဝင်ငွေကိုကန့်သတ်ဖို့ အရေးယူပိတ်ဆို့ရာမှာ သဘော တူညီချက်တွေ ရှိထားတယ်ဆိုရင်ရပ်ဆိုင်းဖို့ နိုင်ငံတွေကို ရက်ပေါင်း ၁၈၀ အမေရိကန်ပြည် ထောင်စုက အချိန်ပေးထားပါတယ်။ လာမယ့် နိုဝင်ဘာ ၅ ရက်ကစပြီး အသက်ဝင်မှာပါ။

ဒီလိုကန့်သတ်ရာမှာ ခြွင်းချက်အနေနဲ့ခွင့်ပြုတာမျိုးရှိမှာမဟုတ်တဲ့အကြောင်း အမေရိကန်အစိုးရ အရာရှိတဦးက ပြောဆိုတာကို ကိုးကားပြီးThe Telegraph သတင်းစာက ရေးပါတယ်။ အာရှ နိုင်ငံတွေထဲမှာ အီရန်ကနေ ရေနံ တင်ပို့တဲ့ တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကိုလည်း မြန်မာနိုင်ငံလို အလားတူတိုက်တွန်းတာတွေလုပ်မယ်လို့သတင်းမှာ ဖေါ်ပြပါတယ်။

၂၀၁၅ ခုနှစ်က အီရန် နျူကလီယားအစီအစဉ် ရပ်ဆိုင်းရေး အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံနဲ့ သဘော တူညီချက် တွေကို ဖျက်သိမ်းလိုက်ပြီဆိုပြီးအမေရိကန်သမ္မတDonald Trump က ဒီနှစ်မေလမှာ ကြေညာခဲ့တာပါ။ အပြန် အလှန်အားဖြင့် အီရန်အပေါ် အရင်ကပိတ်ဆို့မှုတွေ လျော့ပေးခဲ့တာကိုလည်း အမေရိကန်ပြည်ထောင်စု က ပြန်လည် ပြဌာန်းခဲ့ပါတယ်။ ဒါကြောင့်လည်း အီရန်အပေါ်စီးပွားရေးအရပိတ်ဆို့တဲ့အနေနဲ့ ရေနံတင်ပို့တာတွေကို မဝယ်ဖို့ အာရှနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေကိုအမေရိကန်ပြည်ထောင်စုကတိုက်တွန်းနေတာပါ။

မြန်မာနိုင်ငံကတော့ ရေနံစိမ်းကို တိုက်ရိုက်တင်သွင်းတာနည်းပြီး ပြည်တွင်းလောင်စာဆီသုံးစွဲမှုရဲ့ ၉၅ ရာခိုင် နှုန်း လောက်ကို စင်္ကာပူကနေ တင်သွင်းနေတယ်လို့ စီးပွားရေးနဲ့ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန အရာရှိ တွေက ပြောပါတယ်။ စင်္ကာပူကနေ တလကို ဓာတ်ဆီတန်ချိန် ၂၀၀,၀၀၀ နဲ့ဒီဇယ်တန်ချိန် ၄၀၀,၀၀၀ တင် သွင်း နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG