သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင်ဥပဒေပြင်ဖို့ အရပ်ဘက်အဖွဲ့တွေ အကြံပြု


 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
The Myanmar National Human Rights Commission
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် The Myanmar National Human Rights Commission

မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မှု အားနည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လွတ်လပ်မှုအပြည့်ရဖို့ ဒီကော်မရှင် ဥပဒေကို အမြန်ဆုံး ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၀ကျော်က ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။လက်ရှိမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သက်တမ်းဟာလည်း စက်တင်ဘာလအတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ကော်မရှင်သစ်အနေနဲ့ ပိုလွတ်လပ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ ဥပဒေကိုပြင်ဖို့ အခုလိုတိုက်တွန်း တောင်းဆိုတာဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် စစ်တပ်အပါအဝင် လက်နက်ကိုင် တပ်တွေရဲ့ ကျူးလွန်မှုတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖော်ထုတ်တာ မလုပ်နိုင်သေးတဲ့အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရေးအတွက် ကော်မရှင်ဥပဒေကို ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၄ဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ သြဂုတ်လ ၃ရက်နေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

ဘာကြောင့် အခုလို အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့ အကြံပြုရပါသလဲဆိုတာကိုလည်း ဒီကနေ့ ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲမှာလည်း အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေဘက်က သတင်းမီဒီယာတွေနဲ့ပြည်သူတွေကို အခုလိုရှင်းလင်းပြောပြပါတယ်။

“အစိုးရရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ရှိနေတယ်ဆိုရင် ကော်မရှင်ရဲ့ လုပ်ကိုင်မှုတွေက လွတ်လပ်မှုမှာ အင်မတန် လျော့နည်းသွားမယ်။ လွတ်လပ်မှုမှာ မဟုတ်တော့ဘူး။ အမှီအခို မကင်းဘဲနဲ့ရှိနေတယ်ဆိုတဲ့ ပုံစံမျိုးကို ထောက်ပြသွားတာကို တွေ့ရတယ်။ နောက်တခုကတော့ ဒီကော်မရှင်ရဲ့ ငွေကြေးသုံးစွဲမှုတွေကိုပဲ ဖြစ်ဖြစ်၊ နောက် ကော်မရှင်ရဲ့ အစီရင်ခံစာတွေကိုပဲ ဖြစ်ဖြစ်၊ အများပြည်သူ သိရှိနိုင်ဖို့အတွက် အမြဲတမ်း ထုတ်ပြန်ပေးနိုင်ဖို့ အတွက်လည်း အကြံပြုထားတာကို တွေ့ရတယ်။ ဒါမှသာလျှင် အများပြည်သူရဲ့ ယုံကြည်မှုကို ပိုပြီးတော့ ရလာမယ်။ ပြည်သူရဲ့ ယုံကြည်လေးစားမှုကို ပိုရလာရင် ကော်မရှင်အလုပ်တွေက ပိုပြီး ထိထိရောက်ရောက် ပိုပြီး လုပ်နိုင်လိမ့်မယ် လို့လည်း ထောက်ပြထားပါတယ်။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်လိုက်နိုင်တယ်ဆိုရင် သြဇာအာဏာလွှမ်းမိုးချုပ်ကိုင်မှုတွေ အောက်ကနေရုန်းထွက်နိုင်မယ့် အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းချင်စိတ်ရှိတဲ့ ကော်မရှင်အဖွဲ့ဝင်တွေ အသစ် ရရှိလာနိုင်မယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ယုံကြည်မျှော်လင့်ပါတယ်။

လက်ရှိဥပဒေရဲ့ အားနည်းချက် ပြောင်းလဲလိုက်ရင်ဖြစ်လာနိုင်မယ့် အားသာချက်တွေကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အခု ဒီ လူ့အခွင့်အရေးကော်မရှင်က သက်တမ်း ၅ နှစ် ပြည့်တယ်။ စက်တင်ဘာလ ၂၄ ရက်နေ့မှာ သက်တမ်းကုန်တော့မယ်ဆိုတဲ့အခါကျတော့ ကော်မရှင်နာအဖွဲ့ဝင်အသစ်တွေ ပြန်ရွေးကောက်တော့မယ့် အခြေအနေကို ရောက်လာတော့မှာပေါ့နော်။ ဒီလိုအခြေအနေဖြစ်တဲ့အခါမှာ ကျမတို့ ကော်မရှင်နာအဖွဲ့ဝင်အသစ်တွေမှာ ဘယ်လိုလူတွေ ပါသင့်သလဲဆိုတော့ ကျမတို့ ပြီးခဲ့တဲ့ နှစ်တွေက ကျမတို့ ရခဲ့တဲ့ သင်ခန်းစာတွေ၊ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကျမတို့ပြည်သူ ယုံကြည်မှု ပျက်ပြားစေတဲ့ အရာတွေကို ကျမတို့ ထပ်မံပြီး မဖြစ်ပွားစေလိုဘူး။ အဲဒီတော့ ဒီလိုမျိုး ဖြစ်ရပ်တွေ ဖြစ်ပွားရတဲ့ နောက်ကြောင်းကို ကောက်တဲ့အခါမှာ အဓိကက ဥပဒေကို သွားမြင်ရတယ်။ ဥပဒေရဲ့ အားနည်းချက်တွေ၊ ဥပဒေမှာ ပေးထားချက်တွေက မလုံလောက်နေတဲ့ အကြောင်းအရာတွေ၊ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာတွေ များတဲ့အခါ ကျတော့ ဒီအခု ကော်မရှင် အသစ်ဖွဲ့တော့မယ့်အချိန်မှာ အချိန်ကိုက် အကောင်းဆုံးအချိန် ဖြစ်တယ် ဆိုတာမျိုး ကျမတို့ မြင်တယ်။ ဒီအတွက်ကြောင့်မို့လို့ ဥပဒေထဲက လိုအပ်ချက်တွေ အပေါ်မှာ ပြင်ဆင်ဖို့အတွက် ဒါ ဇယားနဲ့ကို သေချာ ပြင်ဆင်ပြီးတော့ အရပ်ဖက်ဖွဲ့စည်း အကြံပြုတိုက်တွန်းတာ ဖြစ်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု တိုင်တန်းချက်တွေ၊ စုံစမ်းဖော်ထုတ် အစီရင်ခံစာတင်ပြနိုင်မှုတွေနဲ့ပတ်သက်လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဘက်က လုပ်ဆောင်မှုတွေအချို့နဲ့ပတ်သက်ပြီး ပြည်သူလူထုကြားတွင် လူ့အခွင့်အရေးကော်မရှင်အပေါ် ယုံကြည်မှု အပြည့်အဝ မရရှိသေးပေမဲ့လို့ လူ့အခွင့်အရေးကော်မရှင်ဘက်က ကော်မရှင် လုပ်ပိုင်ခွင့်အာဏာရှိသမျှ ကာကွယ်စောင့်ရှောက် လုပ်ဆောင်ပေးနိုင်ရေးကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေဘက်က မျှော်လင့်ပါတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည်က-

“ကျမတို့ နိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်က ဒါ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ ကော်မရှင်။ ၅ နှစ် သက်တမ်းအတွင်းမှာ သူတို့ ကိုယ်တိုင်လည်း ကျဉ်းထဲ ကျပ်ထဲက တကယ့်ကို အခက်အခဲအများကြီးနဲ့ တာဝန်ခံစီစဉ်ခဲ့ရတယ် ဆိုတာတွေဟာ မြင်သာပါတယ်။ အဲ့တော့ ဒီမှာ တယောက်ချင်းစီရဲ့ စိတ်ပါဝင်စားမှု၊ ကျွမ်းကျင်မှုဆိုတာက ရွေးချယ်တဲ့သူအပေါ်မှာ ပြုလုပ်ရပေမယ့် ဥပဒေရဲ့ တားဆီးမှုတွေ၊ဥပဒေရဲ့ ကန့်သတ်ချက်တွေနဲ့ကျတော့ ဥပဒေကို ပြင်မှရမယ့်အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ဖို့ ကျမတို့ ပြောရတာပေါ့။”

့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးပြဿနာ အတိမ်အနက်နဲ့ အကျယ်အဝန်းကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အနေနဲ့ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ အမှုတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတာတွေ တင်ပြအစီရင်ခံစာတွေ မလုပ်နိုင်သေးဘူး ဖြစ်နေတာ စိုးရိမ်စရာ အနေအထားဖြစ်နေတယ်လို့လည်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“အထူးသဖြင့်ဆိုရင်တော့ ပဋိပက္ခဒဏ်၊ စစ်ဘေးဒုက္ခဒဏ် သက်ရောက်မှု ရှိနေတဲ့နေရာတွေက တိုင်းရင်းသားနယ်မြေတွေမှာဆိုရင် ကာကွယ်စောင့်ရှောက်မှု အလုံအလောက် မပေးနိုင်တာ မြင်ရတယ်။ နောက် တကယ် ပစ်ပယ်မှု အများဆုံးဖြစ်တဲ့ တိုင်းရင်းသားအစုအဖွဲ့တွေ၊ လူနည်းစု အစုအဖွဲ့တွေကို ကာကွယ်ပေးဖို့ဆိုတာက အခြေခံဖြစ်ပါတယ်။ ဆိုတော့က အဲဒီလိုမျိုး ကာကွယ်မှုက အလုံအလောက်မပေးနိုင်ဘူး။ ဥပမာတွေ အများကြီးရှိပါတယ်။ ကိုပါကြီး အမှုတို့၊ နောက် ဘရန်ရှောင်အမှု၊ နောက်ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ကျောက်တန်းက ဥပဒေမဲ့ သတ်ဖြတ်မှုတွေပေါ့။ ဒီမှာ သူတို့တွေရဲ့ ကိုင်တွယ်မှုတွေက တကယ့်ကို အများက ထောက်ပြစရာ၊ ဝေဖန်စရာတွေ အများကြီး ဖြစ်ခဲ့ရတယ်။ မြန်မာစစ်တပ်ဖက်က ဖြေရှင်းချက်အတိုင်း မရပ်တည်ဘဲနဲ့ တကယ့်ကို လူ့အခွင့်အရေးစံချိန်စံနှုန်းတွေ၊ မူတွေပေါ်မှာ အခြေခံတဲ့ ကော်မရှင်နာ ပေါ်ပေါက်လာဖို့ သွေးသစ်လောင်ဖို့ အချိန်ရောက်ပြီပေါ့။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေရဲ့ လက်ရှိသက်တမ်းဟာ လာမယ့် ၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ရဲ့ ဒီကနေ့ လူထုကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး တင်ပြလိုက်တဲ့ စိစစ်ရွေးချယ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိစေရေး အကြံပြုတိုက်တွန်းချက်တွေပါဝင်တဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေပြင်ဆင်ရေး စာတမ်းကိုတော့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်အပါအဝင် လွှတ်တော်ကော်မတီအသီးသီးကို ပေးပို့တင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG