သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆန္ဒပြပွဲတွေအပေါ် မြန်မာလူငယ်တွေအမြင်


California ပြည်နယ် Los Angeles မြို့မှာ George Floyd သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ဆန္ဒပြနေတဲ့ လူတချို့။ (ဇွန် ၀၁၊ ၂၀၂၀)
California ပြည်နယ် Los Angeles မြို့မှာ George Floyd သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ဆန္ဒပြနေတဲ့ လူတချို့။ (ဇွန် ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်တွေကြားမှာ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့ အမြင်တွေကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးမှာပါ။

Missouri ပြည်နယ် St.Louis မြို့မှာ George Floyd သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ဆန္ဒပြနေတဲ့ လူတချို့။ (ဇွန် ၀၁၊ ၂၀၂၀)
Missouri ပြည်နယ် St.Louis မြို့မှာ George Floyd သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ဆန္ဒပြနေတဲ့ လူတချို့။ (ဇွန် ၀၁၊ ၂၀၂၀)

အမေရိကန်မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက အင်အားသုံး ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တဲ့ အပေါ် မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာနဲ့ ပတ်သက်လို့ ဆန္ဒပြ အမေရိကန်နိုင်ငံသားတွေနဲ့ တစည်းတလုံးတည်း ရှိတယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေနှင့် တက်ကြွလှုပ်ရှားသူလူငယ်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ပဲ သဘောထားထုတ်ပြန်ကြပါတယ်။

ဒါကိုလည်း အမေရိကန်နိုင်ငံသားတွေအတွက် အိတ်ဖွင့်ပေးစာဆိုပြီး ရန်ကုန်က အမရိကန်သံရုံးကိုလည်း ပေးပို့ခဲ့ပါတယ်။

ဒီအိတ်ဖွင့်ပေးစာထဲမှာ တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားဖို့၊ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေဖြန့်နေတာကို ရပ်ပြီး တည်ဆောက်ရေး ပြဿနာတွေကို ဖြေရှင်းဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။ မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေနှင့် တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဒီကနေ့မှာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားကြပေမဲ့ အခု ကိုဗစ်ကာလ လူ ငါး ဦးထက်ပိုမစုရတဲ့ အမိန့်ရှိနေတာကြောင့် သံရုံးကို စာပို့တာလောက်ပဲ လုပ်လိုက်တာဖြစ်တယ်လို့ Synergy လူမှု သဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ပြောပါတယ်။

အခုအမေရိကန်နိုင်ငံတွင်းက ဖြစ်နေတဲ့အခြေအနေနဲ့ မြန်မာနိုင်ငံတွင်းက လူမျိုးရေးပဋိပက္ခတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှိုင်းယှဉ်ပြီးတော့လည်း သူ့အမြင်ကို VOA ကို အခုလို ပြောပါတယ်။

“ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ စနစ်ကတော့ ကျနော်တို့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတယ်။ ဗမာနိုင်ငံမှာလည်းဖြစ်တဲ့ အမေရိကားမှာလည်း ဖြစ်တယ်။ ဒါသည် နိုင်ငံရေး စနစ်ကနေပြီးတော့ ပြည်သူတွေကို ဖိနှိပ်နေတဲ့ဟာ၊ မတူညီတာက ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ပေါ့။ ဒါက ကျနော်တို့နဲ့ အမေရိကားနဲ့ ယှဉ်လိုက်ရင်အများကြီးကွာတယ်။ ဗမာပြည်မှာဆိုလို့ရှိရင် ရခိုင်မှာတုန်းက ရိုဟင်ဂျာတွ အများကြီး သိန်းနဲ့ ချီပြီးတော့ ဒုက္ခရောက်ကြတယ်။ ထောင်နဲ့ သောင်းနဲ့ ချီပြီး သေခဲ့ရတာမျိုးတွေရှိတယ်။ ရခိုင်စစ်ပွဲမှာဆိုလို့ရှိရင်လည်း ရခိုင်ပြည်သူတွေ သေနေကြတယ်။ သို့သော် ကျနော်တို့ပြည်သူတွေက ထုံသွားပြီ၊ အဲ့တော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆန့်ကျင်ရကောင်းမှန်း၊ ပြောရကောင်းမှန်း၊ လုပ်ရကောင်းမှန်းဆိုတဲ့ဟာမျိုးက လူတွေမှာ မလုပ်နိုင်ကြတော့ဘူး။”

လက်ရှိ မြန်မာမှာလည်း လူမျိုးရေးခွဲခြားမှုတွေ ရှိနေတုန်း ဖြစ်ပေမဲ့ စစ်အာဏာရှင်လက်အောက်မှာ ပညာရေးနိမ့်ကျမှုတွေနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရတာကြောင့် ဒီလို အခွင့်အရေးတွေကို တောင်းဆိုရကောင်းမှန်း မသိနိုင်ကြတာဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မသင်ဇာရွန်းလဲ့ရည်က ဆိုပါတယ်။

“လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု လူ့အခွင့်အရေးဆိုတာတွေက ကျမတို့ ဒီစစ်အစိုးရလက်ထက်မှာ ပြောပိုင်ခွင့်မရှိတဲ့ အခြေအနေတွေကို ဖြတ်သန်းနေခဲ့ရတယ်။ ကျမတို့က ခုအချိန်မှာ တကယ့်ကို သူငယ်တန်း စတက်ရသလိုမျိုး ဒါတွေကို ပြန်လေ့လာနေရတဲ့ အချိန်မှာ ကျမတို့ အသိုင်းအဝိုင်းထဲမှာ ဒီလူမျိုးရေးခွဲခြားမှုတွေ၊ နောက် အင်အားကြီးတဲ့ သူတွေက အုပ်စီးတဲ့ စနစ်ပေါ့နော်။ အများစုကပဲ အမြဲမှန်တယ်၊ အများစုကပဲ အုပ်စီးချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးက တော်တော်လေးကို အမြစ်တွယ်နေတာကို အခုအချိန်မှာ အားလုံးလည်း မြင်လာကြပြီ။ ရှုပ်ထွေးတဲ့ အခြားသော ကျမတို့ ခွဲခြားဆက်ဆံမှုတွေ လူမျိုးရေး မုန်းတီးမှုတွေ နောက် လူနည်းစုတွေအပေါ်မှာ ဖိနှပ်တာတွေ အနိုင်ကျင့်တာတွေ ဒါတွေကတော့ နှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ရတဲ့ အခါမှာ တော်တော်လေးကို ပညာရေးနှင့်ကော တိုက်ယူရမှာပေါ့နော်။ ကြိုးစားပြီးတော့ မျိုးဆက်သစ်တွေက ဒါကို စနစ်တကျနဲ့ ကြိုးစားနေရမှာဖြစ်တယ်လို့ ကျမတို့ မြင်ပါတယ်။”

နိုင်ငံတကာ လူငယ်ငြိမ်းချမ်းအဖွဲ့ရဲ့ လူငယ်တာဝန်ခံဖြစ်တဲ့ ကိုအောင်မြင့်သူကတော့ အမေရိကန်လို ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံက ဒီလို ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် တုံ့ပြန်မှုတွေကို မြင်ရတာကမြန်မာနိုင်ငံက ရဲနှင့် စစ်တပ်တွေကလည်း ဒီလို လိုက်လုပ်လို့ရတယ်ဆိုတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ အမြင်မျိုးနဲ့ လုပ်လာမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ဒီ ဂျော့ဖလွိုက်ရဲ့ ကိစ္စကို နမူနာယူပြီး မြန်မာမှာလည်း လူမျိုးရေးခွဲခြားမှုတွေ လျော့လာစေချင်တယ်လို့ သူက ဆိုပါတယ်။

“ကျနော် စိုးရိမ်တာက ဘာလည်းဆိုလို့ရှိရင် ဒီမြန်မာနိုင်ငံမှာလည်း အခု ရဲကပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ်ဖြစ်ပေါ့နော်။ တခါတလေ သူတို့သုံးလိုက်တဲ့ အင်အားပေါ့။ ပြည်သူတွေဆန္ဒပြတဲ့ခါကျလို့ရှိရင် အဲ့ခါကျတော့ အမေရိကန်က ခုလိုမျိုးလုပ်လို့ရှိရင် သူတို့ လက်ညှိုးထိုးပြစရာ ဖြစ်လာတာပေါ့နော်။ အမေရိကန်ရဲတွေတောင်မှ အဲ့လိုလုပ်တယ်ပေါ့နှော်၊ ငါတို့လည်း လုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့။ အယူမှားတွေ အဲ့လိုမျိုး copy ဆွဲမှာ အရမ်းကြောက်တယ်။ မြန်မာပြည်ကလူတွေခုဆိုလို့ရှိရင် ဂျော့ကို အဲ့လိုမျိုးလုပ်သွားတယ်ဆိုတဲ့ ဟာမျိုး ပို့စ်တွေတင်နေတာတွေ တွေ့ရတယ်ပေါ့နှော်။ ဆိုတော့ ကျနော်က ပြန်စဉ်းစားမိတယ်၊ အခုလက်ရှိ ဒီလို ပို့စ်တင်နေတဲ့သူတွေက အဲ့ဒါလေးကို နမူနာယူပြီး တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာလေးတွေကို သူတို့ ကိုယ်ချင်းစာမိလို့ရှိရင်တော့ သူတို့တွေဘက်က ရပ်တည်ပေးနိုင်လောက်တယ်လို့ မြင်ပါတယ်။”

လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးကလည်း တနလာၤနေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။ အပြောင်းအလဲတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG