သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စကား ယုံကြည်လို့ ရသလား


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓါတ်ပုံ-တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓါတ်ပုံ-တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁) ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ၊ လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ အင်န်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းပွဲတစ်ခု ဆင်နွဲှလိုက်ပါတယ်။ အဲဒီနေ့မှာပဲ ကျင်းပတဲ့ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ တက်ရောက်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့အနေနဲ့ အာဏာသိမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သူက ရွေးကောက်ပွဲ ပြီးတဲ့နောက် တပ်မတော်က မဲစာရင်းတွေကို ပြန်ပြီး စိစစ်ခဲ့တဲ့အကြောင်း၊ အဲဒီမှာ “ မဲမသမာမှုဖြစ်နိုင်သည့် စာရင်း” ၁၀ သန်းကျော် တွေ့ရှိရတဲ့အကြောင်း၊ ဒီ ပြသနာ ဖြေရှင်းပေးဖို့ ကော်မရှင်၊ လွှတ်တော်နဲ့ အစိုးရ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြောင်း၊ ဖြေရှင်းမပေးတဲ့အခါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုရာမှာလည်း ငြင်းပယ်ခံရကြောင်း၊ အခုလို “ မဲမသမာမှုဖြစ်နိုင်သည့် စာရင်း” ပြသနာ ဖြေရှင်းမပေးပဲ လွှတ်တော် အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀(ဂ) နဲ့ ပုဒ်မ (၄၁၇) ပါ “ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း” ဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဏာသိမ်း အဖွဲ့ အရင်က ဘာတွေ ပြောခဲ့တယ်၊ အဲဒီ ပြောစကားတွေ အဆင့်ဆင့် ဘယ်လို ပြောင်းလဲလာသလဲ၊ သူ့ရဲ့ တကယ့် ရည်မှန်းချက်ကရော ဘာတွေ ဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။


အားလုံးသိပြီဖြစ်တဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲကာလ နိုဝင်ဘာ ၈ ရက်နေ့ နေပြည်တော် မဲရုံတစ်ခုမှာ မဲပေးပြီး ပြန်ထွက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတင်းထောက်တွေက မေးတဲ့အခါ သူက အခု ရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်ပြီး UEC ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တာနဲ့ အဲဒါကို လက်ခံရမှာပဲ ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မဲဆန္ဒနယ်မြေ ၂၀၀ ကျော်လောက်က မဲစာရင်းတွေ စစ်ဆေးမယ် ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို လုပ်တာဟာ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲသွားအောင် လုပ်တာမျိုး မဟုတ်ပဲ၊ ရွေးကောက်ပွဲကို သံသယ ကင်းကင်းနဲ့ ယုံကြည်လို့ရအောင် လုပ်တာပါလို့ ပြောဆိုခဲ့ပါတယ်။ မဲစာရင်းတွေကို စစ်ဆေးဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ တောင်းဆိုတဲ့အခါ ဥပဒေနဲ့ မညီလို့ လိုက်လျောခြင်း မပြုနိုင်ဘူးလို့ တုန့်ပြန်တဲ့အခါ တပ်မတော်ဘက်က သူ့ဖာသာသူ မဲစာရင်း စစ်ဆေးတာတွေလုပ်၊ စစ်ဆေး တွေ့ရှိချက်တွေ ဆိုပြီး သတင်းထုတ်ပြန်တာတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။


မဲစာရင်းတွေနဲ့ ပတ်သက်ပြီး ကနဦးပြောဆိုချက်တွေမှာ PDF ဖိုင်ထဲက စာရင်းတွေ Excel ဖိုင်ထဲ ပြောင်းထည့်တယ်၊ အဲဒီမှာ နာမည်၊ မှတ်ပုံတင်၊ မိဘ နာမည် ထပ်နေတာတွေ၊ လူတစ်ယောက်ထဲ မဲစာရင်း တစ်နေရာထဲမက ပါနေတာတွေ၊ အသက် ရာကျော် ဖြစ်နေတာတွေ၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မဲဆန္ဒရှင်စာရင်းတွေ စသဖြင့် မဲစာရင်းချို့ယွင်းမှုတွေ တွေ့ရပြီး သူတို့ကတော့ အဲဒါတွေကို “ မဲမသမာမှုဖြစ်နိုင်သည့် စာရင်း ” ဆိုပြီး သုံးနှုန်းဖော်ပြခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ သူတို့အနေနဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော် စစ်ဆေးခဲ့ရာမှာ အဲလို “ မဲမသမာမှုဖြစ်နိုင်သည့် စာရင်း” ၁၀ သန်းကျော် တွေ့ရှိတယ်လို့ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။


ဒီလိုနဲ့ အာဏာသိမ်းပြီးနောက် ယာယီသမ္မတ တာဝန်ရခဲ့တဲ့ ဦးမြင့်ဆွေရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ရာမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာပြီး တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တစ်နှစ် သက်တမ်းရှိမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာလွဲှအပ်တယ်၊ အဲလို အာဏာအပ်ပေးလိုက်တာဟာ မဲစာရင်းပြသနာ ဖြေရှင်းဖို့ ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။


ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြန်လည် တင်ပြချက်မှာတော့ မဲစာရင်း ပြသနာ ဖြေရှင်းရုံတင်မက အရေးပေါ်ကာလ ပြဌာန်းချက်တွေ ဆောင်ရွက်လို့ ပြီးရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ အဲဒီမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော် တာဝန် လွဲှအပ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကိုကြည့်ရင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နဂို ပြောဆိုထားတဲ့ မဲစာရင်း စစ်တာဟာ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲဖို့ လုပ်တာ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ရလာဒ်ကို သံသယ ကင်းကင်းနဲ့ ယုံကြည်နိုင်ဖို့ ဖြစ်တယ် ဆိုတာကို ဗြောင်းပြန် လှန်လိုက်သလို ဖြစ်ပြီး ရွေးကောက်ပွဲ ရလာဒ်ကို လုံး၀ ပယ်ချလိုက်ပြီဖြစ်ကြောင်း ယတိပြတ် ပြောဆိုခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။


ဒါကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ပြောတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်သူကို ပြောတဲ့ မိန့်ခွန်းထဲမှာလည်း တွေ့မြင်နိုင်ပါတယ်။ မိန့်ခွန်းထဲမှာ သူ့အနေနဲ့ လမ်းပြ မြေပုံ ၅ ချက် ထုတ်ပြန်ပြီး အကောင်အထည် ဖော်နေတဲ့အကြောင်း၊ နံပတ်(၁) မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ဖွဲ့ပြီး မဲစာရင်းကိစ္စ ဆောင်ရွက်နေတဲ့အကြောင်း၊ နံပတ်(၅) မှာတော့ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ရွေးကောက်ပွဲ တစ်ခု ကျင်းပ၊ နိုင်တဲ့ နိုင်ငံရေးပါတီကို အာဏာလွဲှပေးမယ် ဆိုပြီး ဖော်ပြထားပါတယ်။ အာဏာသိမ်း ကောင်စီကနေ နိုင်ငံတကာ မိသားစုကို မျက်နှာမူပြီး ပြောတဲ့ဆီမှာတော့ နောက်ပုံစံ တစ်မျိုးပါ။ ဖေဖေါ်ဝါရီ ၅ ရက်နေ့စွဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်၊ အဲဒီနေ့မှာပဲ မြန်မာနိုင်ငံ အခြေစိုက် သံအမတ်ကြီးတွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်းတဲ့ဆီမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မကြာခဏ ပြောလေ့ရှိတဲ့ “ မဲမသမာမှုဖြစ်နိုင်သည့် စာရင်း” ဆိုတဲ့ စကားလုံး နေရာမှာ “ မဲမသာမှု ၁၀ သန်းကျော်” “ မဲလိမ်မှုများ” အဖြစ် ပြောင်းလဲ ပြောဆိုသွားတာ တွေ့ကြရပါတယ်။


ဒါတွေကိုကြည့်ရင် အာဏာသိမ်းကောင်စီကနေ ဖွဲ့စည်းပေးလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဘာဆက်လုပ်မလဲ ဆိုတာ ပိုပြီး ပေါ်လွင်လာစေပါတယ်။ သူတို့အနေနဲ့ မဲစာရင်း မှန်မမှန် စစ်ဆေးတာ၊ ရွေးကောက်ပွဲ ရလာဒ် မှန်မမှန် စစ်ဆေးပြီး မှန်ကန်ရင် ရွေးကောက်ပွဲ ရလာဒ်ကို ဆက်ပြီး အကောင်အထည် ဖော် ဆိုတာမျိုး မဟုတ်ပဲ၊ ရွေးကောက်ပွဲမှာ မသမာမှုရှိခဲ့တယ်၊ အင်န်အယ်လ်ဒီ အနိုင်ရတယ် ဆိုတာ မဟုတ်ဘူး ဆိုတဲ့ အဖြေထွက်လာအောင် အကောင်အထည် ဖော်မယ့် သဘော မြင်တွေ့လာရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတာ၊ လက်ရှိမှာလည်း ကော်မရှင် အဆင့်ဆင့် တာဝန်ရှိသူတွေကို ဖမ်းဆီးနေတာတွေနဲ့ ဆက်စပ်ကြည့်နိုင်ပါတယ်။


အခြားတစ်ဖက်မှာလည်း အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေကို ဆက်ပြီး ဖမ်းဆီး ထိမ်းသိမ်းတာ၊ အင်န်အယ်လ်ဒီ ရုံးတွေကို တရားမဝင် ဝင်ရောက်မွှေနှောက်ပြီး စာရွက်စာတမ်း အပါအဝင် ပစ္စည်းတွေ သိမ်းယူသွားတာတွေကလည်း အာဏာသိမ်း ကောင်စီ အနေနဲ့ အင်န်အယ်လ်ဒီ ပါတီကို နှိပ်ကွပ်နေတယ် ဆိုတာ ပြသနေပါတယ်။ ဒီအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ အရေးပေါ်ကာလ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီး ရွေးကောက်ပွဲ တစ်ခု လုပ်ပေးမယ်၊ နိုင်တဲ့ပါတီကို အာဏာလွဲှပေးမယ်၊ သူ့အနေနဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားလာရေး ဆောင်ရွက်လျက်ရှိတယ်၊ ဆိုတာဟာ ယုံစားလို့ ရနိုင်ဖွယ် မရှိပါဘူး။ အဖြစ်နိုင်ဆုံးကတော့ လက်ရှိ ရဟန်းရှင်လူ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒထုတ်ဖော်တွေကို မရရအောင် နှိမ်နင်း ဖြိုခွင်း၊ ၂၀၁၀ ပုံစံ ရွေးကောက်ပွဲ တစ်ခု ပြန်လုပ်ပေးပြီး စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ ကြီးစိုးတဲ့ ခေတ်တစ်ခေတ်ကို ပြန်လည် ထူထောင်ဖို့ ကြိုးစားနေတာမျိုးပဲ မြင်တွေ့နေရကြောင်းပါ။

------------------------------------------













XS
SM
MD
LG