သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲတဲ့ ၅၀၅(ခ)အမှု သက်သေမခိုင်မာ - ဒေါ်စုရှေ့နေ


Myanmar's State Counselor Aung San Suu Kyi (R) accompanies new President Win Myint (L) to take his oath of office at parliament in Naypyidaw, March 30, 2018.
Myanmar's State Counselor Aung San Suu Kyi (R) accompanies new President Win Myint (L) to take his oath of office at parliament in Naypyidaw, March 30, 2018.

(Zawgyi/Unicode)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်၊ လုပ်ဆောင်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတတွဲထဲ စွဲချက်တင်ထားပေမဲ့ တရားလိုပြသက်သေတွေကို မေးမြန်းစစ်ဆေးပြီးသလောက် ပြစ်မှုကျူးလွန်တယ်ဆိုတာ သက်သေပြနိုင်လောက်အောင် မခိုင်မာဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြောပါတယ်။ ၅၀၅ (ခ) အမှုအပါအဝင် နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ ဇွန်လ ၆ ရက်နေ့ စစ်ဆေးခဲ့တာနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးပြောပြပါမယ်။

ဒီနေ့ ဇူလိုင် ၆ ရက်၊ နေပြည်တော် သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှု ၂ ခုအတွက် ကြားနာစစ်ဆေးပါတယ်။ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခုအတွက် စစ်ပါတယ်။ အမှု ၂ ခုလုံးအတွက် တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ အမှုတတွဲထဲဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ) ချိုးဖောက်တယ်ဆိုတဲ့ အမှုမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေက ပြစ်မှုကျူးလွန်တယ်လို့ သက်သေပြနိုင်လောက်အောင် မခိုင်မာဘူးလို့ ရှေ့နေ ဒေါ်စန်းမာလာညွှန့်ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးခံထားရချိန်၊ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ စောင်ကို တရားလိုဘက်က သက်သေအဖြစ် တင်ပြထားတာဖြစ်ပါတယ်။

"အဲစာရွက် ၂ရွက်ကို သူတို့ Page ကနေထုတ်တယ်ပြောတယ်။ NLD Page တင်တယ်ပေါ့။ အဲတော့မေးတယ်။ အဲကနေထုတ်တယ်၊ ဘယ်သူတင်တယ်ဆိုတာကို ထွက်ဆိုချက်မှာ ထွက်ဆိုထားတာ မရှိဘူး။ နောက် ၁၃ရက်နေ့ကစာ ဆိုရင်လည်း သူ့ရုံးကနေ Fax ကနေထုတ်တယ်ပြောတယ်။ သူပြောတာဘဲသိတယ်။ ဘယ်လိုထုတ်တယ်ဆိုတာသက်သေမသွင်းထားဘူး။ ၂ချက်ရှိပြီပေါ့နော်။ နောက်ပြီးတော့ စာထုတ်ချိန်မှာ သူတို့တွေကဖမ်းခံထားရတာ။ ပြင်ပကမ္ဘာနဲ့တောင် အဆက်အသွယ် ပြတ်နေတာ။ ခုကျတော့မှထိန်းသိမ်းခံရချိန်မှာ စာထုတ်တဲ့အတွက်ဆိုတော့ ထိန်းသိမ်းခံရတုန်းထွက်တယ်။ ဘယ်သူ့လက်မှတ်လဲမပါဘူး။ ဆိုထဲကတရားမဝင်ဘူးပေါ့။ တရားလိုကော တရားလိုပြသက်သေ ၂ယောက်စစ်ပြီးပြီ။ သူတို့သွင်းတဲ့စာကို ဘယ်ကထုတ်ပါတယ် ဆိုတာကိုတောင် သူတို့မပြောဘူး။ သက်သေမပြနိုင်ဘူးလေ။ တင်တယ် ဘယ်နေ့ကတင်တယ် ဆိုတာ သူသေချာပြောရမှာလေ။ နောက်တချက်က ဒါကြီးကတရားမဝင်ဘူးဆိုတာကို ပေါ်ပေါက်နေ ပြီလေ"
ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (ခ) ချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် တရားလိုတင်တဲ့ သက်သေတွေဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ပယ်ချခဲ့ပေမဲ့ တရားသူကြီးက လက်မခံခဲ့ပါဘူး။ ဒါကြောင့် မနေ့ ဇူလိုင် ၅ ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် ခရိုင်ကလည်းလက်မခံဘဲပယ်ချလိုက်တာကြောင့် တိုင်းတရားရုံးတင်ပြဖို့ ရှေ့နေတွေဘက်က ပြင်ဆင်နေပါတယ်။ တိုင်းတရားရုံးတင်ပြမယ့် အမှုအတွက် ဒီကနေ့ ကြားနာပွဲမှာ စစ်ဆေးမှုမလုပ်ဘဲ ရပ်နားဖို့ ဒေါ်စန်းမာလာ ညွှန့်တို့ဘက်ကတင်ပြခဲ့ပေမယ့် တရားသူကြီးက လက်မခံခဲ့တာကြောင့် ဒီကနေ့မှာ အမှုဆက်စစ်ခဲ့တာဖြစ်ပါတယ်။ အမှုနဲ့ပတ်သတ်လို့ တရားမ ျှမ ျှတတဖြစ်အောင် အထက်အဆင့်ဆင့်ကို လိုအပ်ရင် အယူခံတက်ဖို့ ဒေါ်အောင် ဆန်းစုကြည်ကလည်းလိုလားတယ်လို့ ဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။

" အမတို့ကမနေ့က ခရိုင်ကချရတဲ့ အမိန့်က ၇ရက် သို့မဟုတ် ၈ရက်နေ့မှာရမယ်ပြောတယ်။ မနက်ဖန် သဘက်ခါပေါ့။ ဒါပေမယ့် အမတို့က လာမယ့်အပတ်နေပြည်တော်သွားမှ မန္တလေးတိုင်းကိုတင်မှာပေါ့။ မနေ့ကအမိန့်ကို ပယ်တယ်ဆိုတဲ့ အတွက်ကတော့ အန်တီက တက်လို့ရတဲ့အထိတက်ပါဆိုတဲ့ အတွက် အမတို့ကတော့တက်မယ်။ စစ်တာကသူ့ရဲ့လုပ်ထုံးလုပ်နည်းပေါ့။ အဲဒါကိုတော့အန်တီကဘာမှမပြောဘူး။ အမတို့ကတော့ပယ်လိုက်တာတွေအတွက်ကတော့ အမတို့အဆုံးထိတက်မှာပါ"

စစ်တပ်ကအာဏာသိမ်းပြီး သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ဖမ်းဆီးထားစဉ် စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း NLD ပါတီရဲ့ ထုတ်ပြန်ချက်တွေကို တရားလိုဘက်က သက်သေအဖြစ် တင်သွင်းပြီး ဒါတွေကြောင့် အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု၊ လုပ်ဆောင် မှု ဆိုတဲ့ ဥပဒေကိုချိုးဖောက်တယ်ဆိုပြီး တရားစွဲတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ်စွဲဆိုထားတဲ့ သဘာဝဘေး အန္တ ရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှုပုဒ်မ (၂၅) နဲ့စွဲတဲ့အမှုအတွက်လည်း ဒီနေ့ နေပြည်တော် သီးသန့်တရားရုံးမှာ စစ်ဆေးကြား နာခဲ့ပါတယ်။ ဒီအမှုအတွက်တော့ တရားလိုသက်သေ တွေကိုစစ်မေးခဲ့တယ်လို့ ရှေ့နေတွေက ပြောပြပါတယ်။ ဒီနေ့ စစ်ဆေးခဲ့တဲ့ အမှုတွေအတွက် နောက်တကြိမ်ရုံးချိန်း ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)၊ နိုင်ငံတော်လှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ (၈) ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)

..






XS
SM
MD
LG