သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု ဇွန်၂၈-၂၉ ကြားနာမှုများ


တရားခွင်တခုမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်။ (မေ ၂၄၊ ၂၀၂၁)
တရားခွင်တခုမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်။ (မေ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်က တရားစွဲတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဇွန် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ကြားနာစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး တရားလိုပြသက်သေတွေနဲ့ ပတ်သက်ပြီး အထက်တရားရုံးကို ပြင်ဆင်မှုတွေ တက်သွားဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ပြောလိုက်ပါတယ်။ ဒီတပတ်အတွင်း အမှုသွားအမှုလာ အခြေအတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီဘက်က တရားစွဲထားတဲ့ အမှုတွေကို နေပြည်တော်က သီးသန့်တရားရုံးမှာ တတိယပတ်မြောက် အဖြစ်နဲ့ ဒီတပတ်မှာ ဆက်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။

ဒီတပတ်မှာလည်း တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့ပြီး အပြန်အလှန်မေးခွန်း မေးတာတွေကို လုပ်ခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့နဲ့ စွဲထားတဲ့ အမှုတွေ စစ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က အပြန်အလှန် မေးခွန်းမေးတာကို တရားလိုဘက်က ကန့်ကွက်တာတွေရှိခဲ့ပြီး တရားရုံးကလည်း မမေးသင့်ဘူးဆိုပြီး အမိန့်ချခဲ့ပါတယ်။ အခုလို တရားလိုဘက်က ကန့်ကွက်ခဲ့တဲ့ အပြန်အလှန် မေးခွန်းတွေကို မေးခွင့်ရဖို့အတွက် အထက်တရားရုံးကို တင်ပြသွားဖို့ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ဒီနေ့က မေးခွန်းမေးတာမှာ ဟိုဘက်က ကန့်ကွက်တာပေါ့နော်။ ဆက်သွယ်ရေးဥပဒေက မတ်လကျမှ ဆွဲတာလေ။ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာကို မတ်လ တလကျော်ကြာမှ ထပ်ဆွဲတာလေ၊ အမှုကလည်း အကြောင်းအရာ အတူတူပဲ။ ပို့ကုန်သွင်းကုန်ဆိုတာကလည်း ဆက်သွယ်ရေးစက်တွေပဲ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဆိုတာက လိုင်စင်ပေးထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ ဆိုင်တာ။ ဒီစက်တွေနဲ့မဆိုင်ဘူး။ စီးပွားကူးသန်းက ပြန်ကြားစာတွေကို ကိုးကားပြီးတော့ ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ တရားစွဲလို့ မရဘူးဆိုတာသိလား၊ အဲလိုဆွဲဖို့ အကြောင်းမပေါ်ပေါက်ဘူး ဆိုတာကို မေးတာကို ကန့်ကွက်တယ်။ ကန့်ကွက်တာကို မကန့်ကွက်သင့်ဘူး ပြောပြီးတော့ ဒါကို မကန့်ကွက်သင့်ဘူးဆိုပြီး အထက်ရုံးတွေကို ပြင်ဆင်မှုတက်ဖို့ တရားသူကြီးကိုလျှောက်တော့ တရားသူကြီးက လုပ်ပါတဲ့။ ဒီမေးခွန်းတွေဟာ မေးခွင့်ရှိတယ်၊ တရားခံဘက်ကရှေ့နေက ပြန်လှန်မေးခွန်း မည်သည့်မေးခွန်းမဆို မေးခွင့်ရှိတယ်။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဲဒီဥပဒေပုဒ်မတွေနဲ့ စွဲထားတဲ့ အမှု ၂ ခုဟာ စွဲဆိုတဲ့အမှု အကြောင်းအရာရော တရားလိုရော စွပ်စွဲခံရသူရော တူနေတယ်လို့ ရှေ့နေဦးကြည်ဝင်းက ပြောပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတွေနဲ့ စွဲထားတဲ့ ဆက်သွယ်ရေး စကားပြောစက်တွေဟာ ပြည်ထဲရေးဌာနက ခန့်ထားတဲ့ လုံခြုံရေးတွေဆီက သိမ်းဆည်းရရှိတာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းဆည်းရမိတာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က တရားရုံးကို တင်ပြထားပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲတဲ့အမှုမှာ တရားလိုဘက်ကတင်တဲ့ သက်သေကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့ပေမယ့် တရားသူကြီးက ဒါကို လက်ခံလိုက်ပါတယ်။ အဲဒီအတွက် အထက်တရားရုံးကို ပြင်ဆင်မှု တက်သွားမှာဖြစ်တယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“အဆင့်မြင့်တရားရုံးကို တက်မယ်ဆိုတာက တရားလိုဘက်က သက်သေခံတင်သွင်းတဲ့ စာရွက်စာတမ်းတွေကို ရုံးတော်က သက်သေခံအဖြစ် လက်ခံလိုက်တဲ့ အပေါ်မှာသာ ကျမတို့က တက်မှာပါ။ ၅၀၅ (ခ) နဲ့ ပတ်သက်ပြီး တက်မှာပါရှင့်။ အပေါ်ကို ပြင်ဆင်မှုတက်မှာပါ။”

စစ်တပ်က အာဏာသိမ်းတာကို NLD ပါတီက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်မှာ ဒီအမှုနဲ့ တရားစွဲခံရတဲ့ စွပ်စွဲခံရသူ ၃ ဦးစလုံးရော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ လက်မှတ်မပါဘဲ သက်သေအဖြစ် တရားရုံးက လက်ခံလိုက်တာက တရားလိုဘက်က သက်သေကို ကန့်ကွက်ရတဲ့ အကြောင်းတခု ဖြစ်တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ရှေ့လာမယ့် သီတင်းပတ်အတွင်း တရားရုံးမှာ ဆက်လက်လုပ်ဆောင်သွားမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါ်မင်းမင်းစိုးကတော့ အခုလို ပြောပါတယ်။

“တနင်္လာနေ့အတွက်ကတော့ ဆက်ပြီးတော့မှ စစ်စရာရှိတဲ့၊ သူတို့ကျန်နေသေးတဲ့ တရားလိုပြ သက်သေတွေကို ဆက်စစ်သွားမှာ ရှိပါတယ်။ အင်္ဂါနေ့မှာကတော့ အဲဒီ ၅၀၅ (ခ) အမှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့က အထက်ရုံးကို တက်မှာဖြစ်ပါတယ်။ နောက် ဦးထွန်းမြင့်အောင်က စွဲထားတဲ့ သဘာဝဘေးအန္တရာယ် အမှုကတော့ သူ့ကိုလည်း ကျန်တဲ့ တရားလိုပြသက်သေတွေကို ဆက်စစ်မှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်းမှာ ပြီးအောင်စစ်ဖို့ လုပ်ထားပေမယ့် အခုအခါမှာတော့ သတ်မှတ်ထားတဲ့အတိုင်း ပြီးနိုင်ချေနည်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က ခန့်မှန်းပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)















XS
SM
MD
LG