သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းလုပ်သားတွေအတွက် အထောက်အထားများ လုပ်ဆောင်နေ


Pattani မြို့ ငါးဖမ်းစက်လှေပေါ်က မြန်မာအလုပ်သမားများ (ဇွန် ၁၈၊ ၂၀၁၄)
Pattani မြို့ ငါးဖမ်းစက်လှေပေါ်က မြန်မာအလုပ်သမားများ (ဇွန် ၁၈၊ ၂၀၁၄)


{{Zawgyi/Unicode}}

ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်နေတဲ့ထိုင်းနိုင်ငံမှာ တရားမဝင် အထောက်အထားမဲ့တွေအတွက် အထောက်အထားလက်မှတ်လုပ်ပေးမယ့်စင်တာတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဘန်ကောက်အပါအဝင် မြို့နယ်တွေမှာ နေရာ ၅၀ လောက်မှာဖွင့်လှစ်ပေးပြီးလူ့အကန့် အသတ်နဲ့ လက်ခံပေးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကိုဗစ်ဒုတိယလှိုင်းနဲ့တတိယလှိုင်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေကြား အစုလိုက်အပြုံလိုက် ကိုဗစ် ကူးစက်ခဲ့ပြီးတဲ့နောက် ကူးစက်မှုကာကွယ်နိုင်ဖို့နဲ့ လူကုန်ကူးမှုတွေ၊ တရားမဝင် နေထိုင်မှုတွေမဖြစ်အောင် ထိုင်းအစိုးရက အထောက်အထားမဲ့နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်အထောက်အထားလက်မှတ်လုပ်ဖို့ စာရင်းသွင်းခိုင်းခဲ့ပါတယ်။

ဒုတိယအကြိမ် အထောက်အထားလက်မှတ် လုပ်ခွင့်ပြုဖို့စာရင်းတင်ရတဲ့ နောက်ဆုံးရက်ကတော့နိုဝင် ဘာ လ ၃၀ ရက်နေ့ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့စပြီး အထောက်အထားလက်မှတ်တွေ စတင်ထုတ် ပေးနိုင်ဖို့လုပ်ငန်းအစီစဉ်တွေကို ဘန်ကောက်အပါအဝင် မြို့နယ်တွေက စင်တာ ၅၀ လောက်မှာ စတင်ခဲ့တာပါ။ စတင်ချိန်မှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ လူအကန့်အသတ် နဲ့ လုပ်ပေးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပြပါတယ်။

“ရောဂါပျံ့နှံ့မှာစိုးတဲ့အတွက်ကြောင့် တနေရာတည်းမှာ အလုပ်သမားတွေကို စုပြုံတိုးတာတွေ မဖြစ်ရအောင် ထိုင်းနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ဘန်ကောက်အပါအဝင် မြို့နယ် ၅၀ မှာရုံးခွဲတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ စပြီး ကြေငြာချက်ထုတ်ပြီး ဖွင့်ပေးလိုက်တာ။ မြို့နယ်တွေမှာ လူတွေအလုအယက်နဲ့ စုပြုံပြီး တိုးလို့မရဘူးခင်ဗျ။ မြို့နယ်ရုံးမှာ ခရူ (နံပါတ်) ဆိုတဲ့ဟာကို ထုတ်ပေးမယ်။ ခရူနံပါတ်ကျတဲ့အခါမှာ တရက်ကို လူ ၃၀ ထက် မပိုရ။ ၃၀ အထိပဲထုတ်ပေးမယ်ခင်ဗျ။ ရောဂါအသစ်တွေလည်း ပေါ်ပေါက်လာတဲ့အတွက် အလုပ် သမားတွေလက်ထဲ လျင်လျင်မြန်မြန်လည်း ပန်ရောင်ကဒ်တွေေရောက်သွားအောင်၊ ရောဂါတွေလည်း ထပ်မံမပြန့်ပွားအောင် လုပ်ဆောင်တယ်လို့ပြောပါတယ်ခင်ဗျ။”

ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ထိုင်းနိုင်ငံထဲဝင်ရောက် ကူးစက်ပျံ့နှံ့မှာ ကာကွယ်တဲ့အနေနဲ့ အာဖရိက နိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင်မပြုတော့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်အတွင်းအာဖရိက နိုင်ငံတွေကနေဝင်လာတဲ့ ခရီးသွား ၈၀၀ နီးပါးရှိခဲ့တာပါ။ ဒီအတွက် ထိုင်းပြည်သူတွေကြား စိုးရိမ်ပူပန်နေသလို မြန်မာအလုပ်သမားတွေကြားမှာလည်း ကူးစက်မူအသစ်တွေဖြစ်လာရင် အရင်လို အလုပ်ထိခိုက်တာတွေဖြစ်လာမှာကို စိုးရိမ်နေတယ်လို့လည်း ဦးအောင်ကျော်ကပြောပါတယ်။

“အလုပ်သမားတွေအနေနဲ့ကတော့ ကိုဗစ်တတိယလှိုင်းမှာတုန်းက စက်ရုံတွေ ယာယီပိတ်သိမ်းတာတွေ၊အပြီးအပိုင်ပိတ်သိမ်းတွေဖြစ်လာတော့ အခုလည်း ထပ်မံပြန့်ပွားလာမယ်ဆိုရင် သူတို့ရဲ့အလုပ်အကိုင်တွေ ပျက်စီးမှာကို စိုးရိမ်နေတာ မြင်တွေ့ရတယ်ခင်ဗျ။”

ထိုင်းနိုင်ငံထဲမှာ တရားဝင်ကော တရားမဝင်ပါ မြန်မာအလုပ်သမား ၃ သန်းထက်မနည်းရှိပြီး အခု ပန်းရောင် ကဒ်လို့မြန်မာတွေခေါ်ကြတဲ့ တရားဝင်အလုပ်လုပ်ခွင့်အထောက်အထားလက်မှတ်ကို ပြုလုပ်ကြတဲ့မြန်မာတွေ ဒီတကြိမ်မှာလည်း သိန်းဂဏန်းနဲ့ရှိနေပါတယ်။ဒီအထောက်အထားလက်မှတ်လုပ်ရဖို့အတွက် မြန်မာပြည်နယ်စပ်အသီးသီးကနေ ဝင်လာတဲ့အထောက်အထားမဲ့တွေ ၂ လအတွင်း သောင်းနဲ့ချီရှိပါတယ်။

ဒီလက်မှတ်လုပ်ဖို့ စာရင်းတင်ရတဲ့ ရက်ကုန်ဆုံးသွားပေမယ့် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းတွေကနေ ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်းရှိနေပြီး နေ့စဉ် အဖမ်းအဆီးခံနေကြရသူတွေလည်း ရှိနေသေးပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကမ်ချနဘူရီပြည်နယ် နယ်စပ်ကနေ အထောက်အထားမဲ့အစုလိုက်အပြုံလိုက်ဝင်လာတဲ့မြန်မာတွေဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်ရှင် ။
===========

{{Unicode}}











#MyanmarMigrants #MyanmarThailand #ThailandLaborRegistration #VOABurmese

XS
SM
MD
LG