ခန္ဓာမှာသတိမြဲခြင်း Mindfulness သဘောတရားကို ကမ္ဘာကြီးဆီ ယူဆောင်လာပေးခဲ့တဲ့ ဇင်ဘာသာရေးဘုန်းတော်ကြီး သစ်နက်ဟန်ဟာ ၂၀၂၂ခုနှစ်က ဇန်နဝါရီ ၂၂ရက်နေ့ သက်တော် (၉၅)အရွယ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ဈာပနအခမ်းအနားကို ၇ရက်ကြာကျင်းပမှာဖြစ်ပြီး ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မီးသဂြိုဟ်ဖို့စီစဉ်ထားပါတယ်။ ဓါတ်ပုံတပုံချင်းစီမှာတော့ သူရဲ့ ဘဝသက်တမ်းတလျှောက် ကြုံတွေ့၊ လုပ်ဆောင်ချက်မှတ်တမ်းတချို့ကို မြင်တွေ့နိုင်ပါတယ်။
ဇင်ဘုန်းတော်ကြီးသစ်နက်ဟန် ထားရှိခဲ့တဲ့အမွေ

၁
ဗီယက်နမ်နိုင်ငံ ဟွေမြို့က တူဟျူဘုရားမှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားအတွင်း ဘုန်းတော်ကြီး သစ်နက်ဟန်ရဲ့ ခန္ဓာကို အခေါင်းသွင်းဖို့ သံဃာတော်တွေ သယ်ဆောင်လာတာဖြစ်ပါတယ်။ Mindfulness လို့ခေါ်တဲ့ “ခန္ဓာမှာ သတိမြဲခြင်း” သဘောတရားကို ကမ္ဘာကြီးနဲ့ ထိတွေ့ပေးခဲ့တဲ့ ဇင်ဘာသာရေး အထွတ်အထိပ်ဆရာတော် သစ်နက်ဟန်ဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့က ပျံလွန်တော်မူခဲ့တာပါ။ ဟွေမြို့ ဇာတိ ဆရာတော်ဟာ မြို့ခံ ဇင်ဘာသာရေးဘုန်းကြီးကျောင်းမှာ အသက် ၁၆နှစ်အရွယ်ကတည်းက သာသနာ့ဘောင်ဝင်ခဲ့တာဖြစ်ပြီး ခန္ဓာဝန်ချချိန်မှာတော့ သက်တော် ၉၅ နှစ်ရှိပါပြီ။ ဈာပနအခမ်းအနားပြီးရင်တော့ ကျန်ရစ်တဲ့ရုပ်ကလာပ်ကို မီးသဂြိုလ်ပြီး အရိုးပြာကို ပြင်သစ်မှာ သူတည်ထောင်ခဲ့တဲ့ ဇီးတောကျောင်းတိုက်နဲ့ နှီးနွှယ်မှုရှိတဲ့ ကမ္ဘာတဝှမ်းက ဘုန်းကြီးကျောင်းတွေမှာ ပူဇော်ထားရှိမှာဖြစ်ပါတယ်။

၂
ဆရာတော်သစ်နက်ဟန်ရဲ့ ဈာပနကို ဗီယက်နမ်နဲ့ ကမ္ဘာတဝှမ်းက ထောင်နဲ့ချီတဲ့ ဒကာ၊ ဒကာမတွေ တက်ရောက်ကြပါတယ်။ ဒီဈာပနဟာ ၇ရက်တာ အေးချမ်းစိတ်ငြိမ်ရေးကာလလည်းဖြစ်ပြီး တက်ရောက်သူတွေဟာ သတ်မှတ်ချိန်အတိုင်း တရားထိုင်တာ၊ လမ်းလျှောက်ရင်း တရားအားထုတ်တာတွေ လုပ်ဆောင်ကြပါတယ်။

၃
သမ္မတ လင်ဒန်ဂျွန်ဆင်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ရိုးသားတယ်လို့ ဗီယက်နမ်လယ်သမားတွေက မယုံကြည်ကြောင်း ၁၉၆၆ခုနှစ် မေလ ၁၆ရက်နေ့ နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲတခုအတွင်း ဆရာတော်သစ်နက်ဟန်က မိန့်ကြားခဲ့ပါတယ်။ အဲဒီအချိန်က ဆရာတော်ဟာ Buddhist Weekly စာစောင်ရဲ့ အယ်ဒီတာဖြစ်သလို ဆိုင်ဂုံက ဗန်ဟန်ဗုဒ္ဓတက္ကသိုလ်ရဲ့ လူမှုရေးသိပ္ပံဌာနက ညွှန်ကြားရေးမှူးလည်းဖြစ်ပါတယ်။ စစ်ပွဲအဆုံးသတ်ရေးဟာ ဗီယက်နမ်လူထုရဲ့ အရေးကြီးဆုံးဆန္ဒဖြစ်လာကြောင်း၊ စစ်ပွဲအတွင်း အမေရိကန်စစ်သားတွေသတ်ခဲ့တဲ့ အပြစ်မဲ့တောင်သူလယ်သမားဦးရေဟာ ဗီယက်ကောင်းတော်လှန်ရေးသမားသေဆုံးမှုဦးရေထက် ကျော်လွန်တယ်လို့ သူယုံကြည်ကြောင်းလည်း ဆိုပါတယ်။

၄
၁၉၆၆ မေလ ၃၁ရက်နေ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ဆရာတော်သစ်နက်ဟန်ဘေးနဲ့အတူ ဒေါက်တာမာတင်လူသာကင်းဂျူနီယာဟာ ဗီယက်နမ်မှာ အမေရိကန်ဗုံးကြဲမှုကို ရပ်တန့်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဆရာတော်ဟာ အဲဒီအချိန်က စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ပြည်ထောင်စုတွင်း လှည့်လည်စည်းရုံးလှုံ့ဆော်နေတာဖြစ်ပါတယ်။ ဆရာတော်ကို အဲဒီနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ဒေါက်တာကင်းဟာ နာမည်တင်သွင်းခဲ့ပါတယ်။ ဒီလိုဂုဏ်ယူဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဟာ တဖက်မှာလည်း ဆရာတော်အတွက်တော့ ကွန်မြူနစ်ဆန့်ကျင်ရေး ခေါင်းဆောင်တွေရဲ့ အငြိုးအတေးခံခဲ့ရလို့ ဗီယက်နမ်ကို စွန့်ခွာခဲ့ရပြီး ပြင်သစ်မှာ နောက်ထပ် ၃၉ နှစ်ကြာအောင် နေထိုင်ခဲ့ရပါတယ်။