သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲငြိမ်နေပေမဲ့ ထောင်နဲ့ချီတဲ့ ကချင်စစ်ဘေးရှောင်တို့ ရွာမပြန်ရဲ


putao map
putao map

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒေသခံ ၃ဝဝဝ ကျော်လောက်ဟာ တောတောင်တွေအတွင်းမှာပဲ ပုန်းရှောင်နေကြရပါတယ်။ ပူတာအိုမြို့နယ်က စစ်ရှောင်တွေရဲ့အခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုရဲမွန် က တင်ပြထားပါတယ်။


တိုက်ပွဲငြိမ်နေပေမဲ့ ထောင်နဲ့ချီတဲ့ ကချင်စစ်ဘေးရှောင်တို့ ရွာမပြန်ရဲ

{{Zawgyi/Unicode}}

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ဘက်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒေသခံ ၃ဝဝဝ ကျော်လောက်ဟာ တောတောင်တွေအတွင်းမှာပဲ ပုန်းရှောင်နေကြရပါတယ်။ တချို့တွေကတော့ မြစ်ကြီးနားနဲ့ ပူတာအိုမြို့တွေကို တိမ်းရှောင်နေကြပါတယ်။ ပူတာအိုမြို့နယ်က စစ်ရှောင်တွေရဲ့အခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုရဲမွန် က တင်ပြထားပါတယ်။

ပူတာအိုမြို့နယ်မှာ ဖေဖော်ဝါရီလဆန်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံတွေအများစု တိမ်းရှောင်ခဲ့တဲ့ ကျေးရွာတွေကတော့ လုံရှာယန်နဲ့ ဆွမ်ပီယန်ရွာတွေဖြစ်ပါတယ်။ ဒီကျေးရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ တောတောင်တွေအတွင်းကို တိမ်းရှောင်နေခဲ့သလို အချို့ကတော့ အခြားမြို့ကြီးတွေကို ထွက်ခွာသွားခဲ့တာပါ။

လက်ရှိအခြေအနေမှာ ပူတာအိုမြို့နယ်အတွင်းတိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ရွာသားအများစုဟာ နေရပ်မပြန်သေးဘဲ တောတောင်တွေမှာ ဆက်လက် ပုန်းခိုနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ တချို့က ရွာပြန်သွားတာရှိတယ်။ အများပိုင်းက တောမှာပဲ နေတယ်။ တချို့က မြစ်ကြီးနား၊ တချို့က ပူတာအို။ နေရာတကာ ပြေးကြတာဆိုတော့ မခန့်မှန်းနိုင်ဘူး။ အများကြီးပဲ။ အဖွဲ့လည်း မတူဘူး။ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်က တစ်နေရာ တစ်နေရာပေါ့။”

လုံရှာယန်ကျေးရွာမှာ ရပ်ကွက် ၁၁ခုရှိပြီး ရပ်ကွက်အလိုက် ကိုယ့်အစုနဲ့ကိုယ် တိမ်းရှောင်နေတာကြောင့် စာရင်းအတိအကျမသိနိုင်ကြောင်း ပြောသွားတာပါ။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆွမ်ပီယန်ကျေးရွာဘက်က အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“ အခု ဆွမ်ပီယန်ရွာမှာပဲ စစ်တပ်က တစ်အိမ်တစ်ယောက်နေကြတယ်လို့ ကားသမားတွေက ပြောကြတယ်။ ဆွမ်ပီယန်စခန်းက အခု စစ်တပ်က တခေါက်ပြန်သိမ်းတာ။ ဗမာစစ်သားတွေပေါ့။ အိမ်ရှင်တွေ မရှိတော့ တောထဲမှာပဲရှိတော့ တအိမ်မှာ ဗမာစစ်သားတစ်ယောက် တယောက်နေတာပေါ့။ ”

ဆွမ်ပီယန်နဲ့ အင်ပီယန်ကျေးရွာက တိုက်ပွဲကြောင့် တောထဲကို တိမ်းရှောင်နေတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်သားတွေက နေရပ်ပြန်လာရင် ပစ်သတ်မယ်ဆိုတဲ့သတင်းတွေ ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ ရှိခဲ့ပါတယ်။ ဆွမ်ပီယန်ရွာသားတဦးကတော့ လက်ရှိ သူတို့ အခြေအနေကို အခုလို ပြောပါတယ်။

“ လွန်ခဲ့တဲ့ တပတ်လောက်ကနေ စစ်တပ်က ရွာထဲမှာ ဝင်ပြီးမှ နေရာယူလိုက်တယ်။ ရွာသားတွေကလည်း မြစ်ကြီးနားဘက် ပြေးတဲ့သူပြေး။ ပူတာအိုဘက် ပြေးတဲ့သူပြေး။ ရွာမှာက ရွာသားတွေက မရှိတော့ဘူး။ ဒါပေမဲ့ တောတွေ တောင်တွေမှာက အနည်းအကျဉ်းတော့ ရှိတယ်။ တစ်ပတ်လောက်ရှိပြီ သူတို့က နေရာဝင်ယူထားတာ။ ဒီမနက်ကျတော့ မနက် ၃နာရီလောက်မှာ သူတို့က အိမ်တိုင်းဝင်မွှေပြီးမှ ကောင်းတဲ့ ပစ္စည်းတွေပေါ့ အဲဒါ အကုန်လုံး ကုန်ကား ၃စီးနဲ့ အပြည့်တင်ပြီးမှ မြစ်ကြီးနားဘက်ကို ဆွဲသွားတဲ့ အနေအထား ဖြစ်နေတယ်။”

လောလောဆယ် တောတောင်တွေထဲ ပုန်းအောင်းနေသူဟာ ၁၀၀၀ ဝန်းကျင်လောက်ရှိပြီး မြစ်ကြီးနားကို ၁၀၀၀ကျော်နဲ့ ပူတာအိုကို ၁၀၀လောက် တိမ်းရှောင်နေကြောင်းနဲ့ နောက် တလောက်ကြာရင် တောထဲမှာ ပုန်းအောင်းနေသူတွေဟာ ရိက္ခာပြတ်လပ်တော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

ပူတာအိုမြို့ လူမှုကယ်ဆယ်ရေးအသင်းက ရရှိတဲ့စာရင်းအရတော့ ဆွမ်ပီယန်ရွာက တောတောင်တွေထဲမှာ ပုန်းအောင်းနေသူ ၅၀၀ကျော်ရှိပြီး လုံရှာယန်ရွာကတော့ ၂၅၀၀ကျော်လောက်ရှိကြောင်း သိရပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကတော့ ဆွမ်ပီယန်ရွာ နေအိမ်က ပစ္စည်းတွေ သိမ်းယူတယ်ဆိုတဲ့ သတင်းကို အတည်မပြုနိုင်သေးကြောင်း၊ ဒါပေမဲ့ ကြက်၊ ဝက် စတဲ့ အိမ်မွေး တိရိစ္ဆာန်တွေ ဖမ်းယူသတ်ဖြတ်စားတယ် ဆိုတာတော့ ကြား သိရကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ လုံရှာယန်၊ ဆွမ်ပီယန်နဲ့ ရှိန်ဂတ်ဘွမ်စခန်း တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆွမ်ပီယန်စခန်းကို သိမ်းယူခဲ့တာပါ။

ဒီလ ၃ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်ပြီးနောက် ဆွမ်ပီယန်တပ်စခန်းကို ပြန်လည်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြားမှာ မိုးညှင်း၊ မိုးကောင်းနဲ့ ရွှေကူစတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ၊ မိုင်းခွဲတိုက်ခိုက်တာတွေ ဖြစ်ပွားနေပါတယ်။

............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}















XS
SM
MD
LG