သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ်ခေါ်မှု ဘယ်လောက် ခရီးပေါက်နိုင်သလဲ


FILE - Members of the People's Defense Forces (PDF) who have taken up arms against Myanmar's military junta are seen on a front line in Kawkareik, Myanmar, Dec. 31, 2021.
FILE - Members of the People's Defense Forces (PDF) who have taken up arms against Myanmar's military junta are seen on a front line in Kawkareik, Myanmar, Dec. 31, 2021.

[[ ZAWGYI / UNICODE ]]

ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ်ခေါ်မှု ဘယ်လောက် ခရီးပေါက်နိုင်သလဲ

မြန်မာ စစ်ခေါင်းဆောင်က ကိုယ်တိုင်တွေ့မယ်လို့ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကြောင်းပြန်ကြားဖို့ ရက်နီးလာချိန်မှာပဲ တက်မယ့်အဖွဲ့ တချို့နဲ့ မတက်မယ့်အဖွဲ့တချို့စာရင်း သတင်း ထွက်လာပါတယ်။

လာမယ့် တနင်္လာ နောက်ဆုံးအကြောင်းပြန်ရမယ့် အခုတခေါက် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အရင်နဲ့နှိုင်းယှဉ်ရင် အားနည်းချက်တချို့ ရှိနေတယ်လို့ အနီးကပ် စောင့်ကြည့်သုံးသပ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ ရှေ့ဆက်ပြီး ကိုယ်ဖြစ်ချင်တာ တခုထဲ မကြည့်ဘဲ၊ အားလုံးဘက်က ခြုံကြည့်ပြီး အားလုံးပါဝင်နိုင်အောင် ဆက်လက်ညှိနှိုင်းကာ ၊ လုပ်ငန်းစဉ်တခု ဖော်ဆောင်နိုင်ရင်တော့ ပြေလည်ဖို့ မျှော်လင့်ချက် ရှိလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒီတခေါက် မထင်မှတ်ပဲ ဖိတ်ခေါ်မှု ထွက်လာပုံကို PPST ခေါ် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အကြံပေး ဦးခွန်စိုင်းက -

" တပ်မတော်အာဏာသိမ်းပြီး ၁ နှစ်နဲ့ ၄ လ ဝန်းကျင်ကျမှ ဒီကိစ္စ ပေါ်လာတာပါ။ အရင်က ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်မှာဆို ကိုယ်စားလွှတ် ဆွေးနွေးတယ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ဦးအောင်မင်းတို့ကို လွှတ်ပြီး ရှင်းပြဆွေးနွေးပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်လာတာကိုး။ အခု တပ်ချုပ်ကြီးကျတော့ လူလွှတ်တာ မရှိဘူး။ ဘာမှ ရှင်းလင်းတာလည်း မရှိဘူး။ "

ဒါ့အပြင် ကိုယ်လိုတာ တခုထဲကိုပဲ စစ်တပ်က လုပ်တာမျိုး ဖြစ်မှာကို စိုးရိမ်းတယ်လို့ ပအို့ဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဆိုပါတယ်။

" သမိုင်းတလျောက်လုံး တွေ့လာရတာက စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေက တကယ့် ငြိမ်းချမ်းရေးအစစ်အတွက် ကမ်းလှမ်းတာ မဟုတ်ပဲနဲ့ စစ်အာဏာရှင်စနစ် သက်စိုးရှည်စေရေးအတွက် လုပ်ခဲ့တာက များပါတယ်။ အခုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့က ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ နွေဦးတော်လှန်ရေး ရလဒ်တွေကို ဖျောက်ဖျက်ချင်ပြီးတော့ သူ့ရဲ့ တရားဝင် ရပ်တည်မှု ရရှိရေးအတွက် တိုင်းရင်းသားတွေကို အသုံးချသွားချင်တဲ့ သဘောရှိပါတယ်။ "

လတ်တလော ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် ကချင် KIO နဲ့ ကရင် KNU အဖွဲ့တွေက အကြောင်းပြချက်ပေး ငြင်းဆိုထားတာကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာကို ဦးခွန်စိုင်းက -

" လောလောဆယ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ အများစုကတော့ သွားကြမှာပါပဲ။ မဖိတ်ထားတဲ့ CNF ချင်းက လွဲရင်ပေ့ါ။ ဒါပေမဲ့လည်း အဲဒီအဖွဲ့တွေရဲ့ ထိပ်သီး ခေါင်းဆောင်တွေ သွားမလား မသွားဘူးလားဆိုတာတော့ အကုန်လုံး စဉ်းစားနေတဲ့ ကိစ္စဖြစ်တယ်။ UWSA ဝ တပ်ဖွဲ့က တက်မယ်ဆိုပြီး ခေါင်းဆောင် စာရင်းတင်လာတယ်လို့ ကြားရပါတယ်။ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေထဲမှာ KNPP ကရင်နီ / KIO ကချင်က လွဲရင် အများစုက သွားကြမယ်လို့ ကြားရပါတယ်။ "

ဒီ ဆွေးနွေးပွဲမှာ အရင်လို စစ်တပ်က တင်လာတဲ့ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်းပဲ ဆွေးနွေးမှာကို စိုးရိမ်မိတယ်လို့ ဦးခွန်မြင့်ထွန်းက ဆိုပါတယ်။

လာမယ့် ဆွေးနွေးပွဲက ပထမဆုံးတွေ့မယ့်ပွဲ ဖြစ်တော့ နောက်ထပ် ဆက်လက်ညှိနှိုင်းနိုင်မယ့် ဆွေးနွေးမှုမျိုး ဖြစ်ရင်တော့ အကျိုးရှိနိုင်တယ်လို့ ဦးခွန်စိုင်းကလည်း သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ နီးလာချိန်မှာ စစ်ပွဲတချို့ လျော့ချနိုင်ဖို့အတွက် ခုလို ငြိမ်းချမ်းရေးဆွေးနွေးမှု ဟန်ပြလုပ်တာမျိုး ဆိုရင်တော့ တကယ့်တည်ငြိမ်ရေးအတွက် အခက်ကြုံရလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

{{ UNICODE }}














XS
SM
MD
LG