[[ ZAWGYI / UNICODE ]]
စစ်ကိုင်းတိုင်း ကျေးရွာ နယ်မြေရှင်းလင်းမှု အိမ်ခြေ ၇၀၀ လောင်ကျွမ်း ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး အရာတော် မြို့နယ်တွင်း မလဲသာကျေးရွာမှာ နေအိမ် (၇၀၀)နီးပါး မီးရှို့ဖျက်ဆီးခံရပြီးတဲ့နောက်၊ ဒေသခံတွေဟာ နေထိုင်ရေး အခက်အခဲတွေ ရှိနေပါတယ်။ ဒေသတွင်း နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာလည်း မြင်းမူမြို့နယ်က ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုရဲမွန် ပြောပြပါမယ်။
မတ်လ ၂ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ်က မလဲသာ ကျေးရွာကို မြန်မာစစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့သွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မလဲသာကျေးရွာဟာ အိမ်ခြေ ၁ ထောင်နီးပါးရှိပြီး နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ နေအိမ်တွေ မီးလောင်ကျွမ်းသွားတဲ့အတွက် နေထိုင်ရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။
“ဒီလိုပဲ တောတွေထဲ နေနေရတာပေါ။ အစားသောက်က လောလောဆယ်ရှိတာနဲ့ ချက်ပြုတ် စားသောက်နေရတာပေါ့။ တောထဲမှာ ဟင်းရွက်လေး ဟိုခူးလိုက်ဒီခူးလိုက်ပေါ့။ အခက်အခဲကတော့ ပြာကျသွားမှတော့ ရှိတာပေါ့။ အိပ်ရပြုရတာလည်း အခက်အခဲဖြစ်တယ်လေ။ တဲတွေဘာတွေလည်း အလုံအလောက်မရှိတော့ဘူးလေ။ ပြောရရင် မိသားာစု အိမ်ခြေ ၁ ထောင်လောက် ရှိတာကနေ အကုန်လုံးတောထဲထွက်နေရတာဆိုတော့ ဘယ်လိုလုပ် လုံလုံလောက်လောက်ရှိမှာတုန်း။”
မလဲသာ ကျေးရွာဟာ ဒီတကြိမ်ဟာ ပထမဆုံး ကြိမ် မီးရှို့ခံရတာဖြစ်ပြီး၊ စစ်ကောင်စီတပ်တွေ လာရောက်ချိန်မှာ ကြိုတင်တိမ်းရှောင်နိုင်တဲ့အတွက် ပစ္စည်းအနည်းငယ်တော့ ယူဆောင်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂ ရက် စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ အသက်ကြီးပိုင်း မျက်စိမမြင်တဲ့ အဖွားအို ၁ ဦး ၊ ကျန်းမာရေး မကောင်းတဲ့ လူငယ်တဦးဟာ မတိမ်းရှောင်နိုင်ဘဲ နေအိမ်တွေထဲ မီးလောင်ကျွမ်းပြီး သေဆုံးခဲ့သလို ကျန် လူငယ် ၁ ဦးမှာလည်း ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ မြင်းမူမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေး တွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ မြင်းမူ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။
“စစ်ရေးအခြေအနေက တင်းမာမှုဆိုတာက လောလောဆယ် သူတို့ ဒီဘက် မြင်းမူမြို့နယ် တောချောင်းဆိုတဲ့ရွာမှာ တပ်စွဲနေတယ်။ သူတို့က အင်အားများတယ်။ လောလောဆယ်တော့ သူတို့အနေအထားကို ကျွန်တော်တို့ ဒေသခံ PDF တွေက စောင့်ကြည့်နေတာပေါ့။”
စစ်ကိုင်းတိုင်း အရာတော်နဲ့ မြင်းမူမြို့နယ်တွင်း ဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ Data For Myanmar အဖွဲ့ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ အထိ ၁ နှစ်ကျော်အတွင်း မြန်မာတဝှမ်း လူနေအိမ် (၁၁,၄၁၇)လုံး မီးရှို့ ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။ အများစုဟာ စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း နေအိမ်တွေအပြင် ဘာသာရေး အဆက်အဦးတွေပါ မီးရှို့ဖျက်ဆီးခံရတာတွေရှိပါတယ်။
======================
{{ UNICODE }}