[Zawgyi/Unicode]
အမေရိကန်ပြည်ထောင်စုမှာ သန္ဓေသား ဖျက်ချခွင့် တရားဝင် ခွင့်ပြုထားတဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ပြန်လည် ပြင်ဆင် ပြဌာန်းဖို့ ကြိုးစားနေတဲ့ တရားသူကြီးတွေရဲ့ သဘောထားမူကြမ်းတခု ဒီသီတင်းပတ်ထဲ ပေါက်ကြားခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုတဝန်း ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ အများအပြား စုဝေး ဆန္ဒပြနေကြပါတယ်။ ဘာကြောင့် ကန့်ကွက်ကြတာလဲ။ ဘာကြောင့် ထောက်ခံကြတာပါလဲ။ တကယ်လို့ ဒီ ပြဌာန်းချက်ကို ပြင်ဆင်လိုက်ရင် အမျိုးသမီးတွေအတွက် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။ Roe V Wade လို့ သိကြတဲ့ အမျိုးသမီးတွေ သန္ဓေသားဖျက်ချခွင့် တရားဝင် ခွင့်ပြုချက်နဲ့ ပတ်သက်လို့ အမျိုးသမီးတွေကြား ဘယ်လို သေဘာထား ကွဲလွဲမှုတွေ ရှိနေသလဲ ဆိုတာ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှ ာနှစ်ပေါင်း ၅၀ ကျော် တရားဝင် ခွင့်ပြုလာခဲ့တဲ့ အမျိုးသမီးတွေ သန္ဓေသား ဖျက်ချခွင့် အခွင့်အရေးကို တရားရုံးချုပ်က ပြန်ရုပ်သိမ်းဖို့ ကြိုးစားနေတဲ့အပေါ် ဒါကို ထောက်ခံသူတွေက အောင်ပွဲခံကြသလို၊ ကန့်ကွက်သူတွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြလာကြပါတယ်။
တရားဝင် သန္ဓေသား ဖျက်ချခွင့်ပြုထားတဲ့ တရားရုံးချုပ်ရဲ့ Roe V Wade ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ ပြင်နေတဲ့ တရားရုံးချုပ် တရားသူကြီးတွေရဲ့ သဘောထား မူကြမ်းတရပ်ကို Politico သတင်းစာက တနင်္လာနေ့က ဖော်ပြခဲ့ပြီးတဲ့နောက် တရားသူကြီးချုပ် John Roberts ကလည်း ဒီမူကြမ်း မှန်ကန်ကြောင်း အတည်ပြုတာ ကြောင့် သန္ဓေသားဖျက်ချခွင့် ထောက်ခံသူတွေ မကျေမနပ် ကန့်ကွက်ဆန္ဒပြနေကြတာပါ။
ဝါရှင်တန်မြို့တော်က တရားရုံးချုပ်ရှေ့မှာ ဆန္ဒပြနေသူ တဦးက ခုလို ပြောပါတယ်။
"အမျိုးသမီးတွေ ဟိုးအရင် ခေတ်ဟောင်းကို ပြန် ဖြတ်သန်းရဦးမယ် ဆိုတာကတော့ မယုံနိုင်စရာပါပဲ။ လူတွေ မသိအောင် ဖုံးကွယ်ပြီး ကိုယ်ဝန်ဖျက်ချရတာမျိုးတွေ ပြန်ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန် ဖျက်ချတဲ့ကိစ္စတွေ ကတော့ ဆက် ရှိနေဦးမှာပါပဲ။ ဘယ်တော့မှ ပျောက်သွားမယ့်ကိစ္စ မဟုတ်ပါဘူး။ ခု လုပ်ရပ်က အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ပစ်ပယ်တာပါ။”
ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့က ဆန္ဒပြပွဲမှာ ပါဝင်သူ အမျိုးသမီးတဦး ကလည်း ခုလိုပြောပါတယ်။
“ကျမတို့ရဲ့ အခွင့်အရေးတွေ ပြန် ရုပ်သိမ်းခံရမှာကို လုံး၀ မကျေနပ်ပါဘူး။ ဒါက သန္ဓေသားဖျက်ချခွင့် အခွင့်အရေး သက်သက် မဟုတ်ပါဘူး။ ကျန်းမာရေး ကိစ္စဖြစ်ပါတယ်။”
နယူးယောက်မြို့မှာ ပြည်သူ့ ကျန်းမာရေးနဲ့ လူမှု တရားမ ျှတရေး ဘာသာရပ် သင်ကြားပေးနေတဲ့ ကျောင်းဆရာမ Janelori Goldman ကလည်း သူ့သဘောထားကို ခုလိုပြောပါတယ်။
“အမျိုးသမီးတွေ အနေနဲ့ သူတို့ ကလေးယူမယ် မယူဘူး။ ဘယ်အချိန်မှာ ယူမလဲ ဆိုတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ကို မျိုးဆက်နှစ်ဆက်လောက် ရလာခဲ့တာပါ။ အခု တရားရုံးရဲ့ သေဘာထားက အမျိုးသမီးတွေရဲ့ လက်တွေ့ ဘ၀ အခြေအနေကို လုံး၀ လစ်လျူရှုလိုက်တာပါပဲ။ အမျိုးသမီးတွေရဲ့ ဘဝတွေကို ဖျက်တာပါ။ ဒီလို လုပ်လာနိုင်တယ်ဆိုတာကို မအံ့သြပေမဲ့ အရမ်း ဒေါသထွက်ရ ပါတယ်။”
ဒီလိုသန္ဓေသား ဖျက်ချခွင့် ထောက်ခံသူတွေ အများအပြား ရှိသလို၊ ဒါကို ဆန့်ကျင် ကန့်ကွက်သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရီပတ်ဘလစ်ကန် အများစုနေထိုင်တဲ့ ပြည်နယ်တွေက သန္ဓေသားဖျက်ချခွင့် ပယ်ဖျက်ဖို့ လိုလားကြပါတယ်။
အယ်ရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ သန္ဓေသား ဖျက်ချခွင့် ဆန့်ကျင်သူတွေ ဗုဒ္ဓဟူးနေ့က ဆန္ဒပြနေကြတာမှာ သန္ဓေသား ဖျက်ချတာဟာ လူသတ်တာနဲ့ အတူတူပဲလို့ အော်ဟစ် ကြွေးကြော်ကြပါတယ်။ သန္ဓေသား ဖျက်ချတာဟာ အသက်တခုကို ဖယ်ရှားလိုက်တာပဲမို့ ဘာသာရေးအရ လက်ခံဖို့ ခက်တယ်လို့ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ဆရာဝန် ဒေါက်တာ ယဉ်မင်းအောင် က ပြောပါတယ်။
“ကျမ တယောက်တည်း အနေနဲ့ ဆိုရင်တော့ ကျမ မြင်တဲ့အမြင်က နှစ်ခု ကွဲပြားနေတယ်။ ဥပမာ ပြောရရင် ကျမဟာ မိန်းမ တယောက် ဖြစ်နေတဲ့ အတွက်ကြောင့် အခုလို တရားဝင် လုပ်ပေးဖို့ မိန်းမတယောက် အနေနဲ့ ထောက်ခံသလား ဆိုရင် ကျမရဲ့ body ကျမရဲ့ decision နဲ့ သွားမယ်ဆိုရင် ကျမက ထောက်ခံတယ်။ ဘာလို့လဲဆိုတော့ ဒီ အမျိုးသမီးတယောက်ရဲ့ အခက်အခဲကို ဘယ်လိုမှမသိဘူးလေ။ သူ့အခက်အခဲကို သူ ကိုယ်တိုင်ပဲနားလည်မှာ။ ဒါက ကျမက မိန်းမ တယောက် အနေနဲ့ ခံစားပြီး ပြောလိုက်တာ။ ဒါပေမဲ့ တခြား တဘက်ကို ပြန်စဉ်းစားလိုက်တဲ့အခါ ကျတော့ ကျမဟာ ဆရာဝန် တယောက်လည်း ဖြစ်တယ်။ ကျမ ကိုးကွယ်တဲ့ ဘာသာအရ ဒါက မလုပ်သင့်တဲ့အလုပ်တခု ဆိုတာ ကျမ လက်ခံထားတယ်။ လက်ခံထားတဲ့ အတွက်ကြောင့် ကျမကို လာမေးလို့ရှိရင်တော့ အဲ့လိုပဲ အဖြေကို နှစ်ခုအနေနဲ့ ကျမ ပြောပြရမှာပဲ။ ဆရာဝန်တယောက် အနေနဲ့ရယ်၊ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ဘာသာတရားကြောင့် ကျမ လက်မခံပါဘူး။ အကုန်လုံးကို ပြန်ပြီး ခြုံငုံလိုက်လို့ရှိရင်တော့ ဒါက သက်ရှိပစ္စည်းတခု၊ သက်ရှိ လူသားဖြစ်လာမယ့် သန္ဓေသေးလေးကို ဖယ်ထုတ်လိုက်တဲ့အတွက်ကြောင့် အမှန်ကတော့ ကျမ အမြင်အတိုင်း ပြောရရင်တော့ မလုပ်သင့်တဲ့ အရာတခုပါပဲ။”
ဗာဂျီးနီးယားပြည်နယ်က Maggie Donica ကတော့ သန္ဓေသားဖျက်ချခွင့်ကို ဖက်ဒရယ်အစိုးရက ဆုံးဖြတ်တာထက် ပြည်နယ်အစိုးရ တခုချင်းစီက တိုက်ရိုက် ဆုံးဖြတ်တာကသာ ပိုသင့်တော်တယ်လို့ ယူဆတဲ့အတွက် Roe v Wade ဆုံးဖြတ်ချက် ပြန်ရုပ်သိမ်းပေးဖို့ သူ့အနေနဲ့ တရားရုံးချုပ် ရှေ့မှာ လာရောက်ဆန္ဒပြတဲ့အကြောင်း ပြောပါတယ်။
“ကျမ ကတော့ Roe v Wade ကို ပြန်ရုပ်သိမ်း စေချင်ပါတယ်။ ပြည်နယ် အစိုးရ တခုချင်းစီကပဲ ဒီလို ကိစ္စမျိုးကို ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ သန္ဓေသား ဖျက်ချခွင့်ကို ထောက်ခံသူပဲဖြစ်ဖြစ်၊ ကန့်ကွက်သူပဲ ဖြစ်ဖြစ် ဒီကိစ္စ စည်းရုံး လှုံ့ဆော် နေသူတွေ အနေနဲ့ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ် ဆောင်ရွက်မှုတွေမှာ သူတို့အသံတွေ ပါအောင် လုပ်လို့ရပါတယ်။ ဒီနည်းက ပြည်နယ်အစိုးရနဲ့ လူထုတွေ ပိုပြီး ထိတွေ့ ဆောင်ရက်တဲ့နည်းဖြစ်သလို၊ အစိုးရ ဆုံးဖြတ်ချက်တွေမှာ လူထု ပိုမို ပါဝင်နိုင်တဲ့နည်း ဖြစ်ပါတယ်။ ကိုယ်က သန္ဓေသားဖျက်ခွင့် ပယ်ဖျက်တာ မလိုချင်ဘူးဆိုရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရကို လက်ခံအောင်ပြောပါ။ ပြည်နယ်အစိုးရ ဆိုတာက ဖက်ဒရယ်အစိုးရကို ချဉ်းကပ်ရတာထက် ပိုလွယ်ပါတယ်။”
လောလောဆယ်မှာ သန္ဓေသားဖျက်ခွင့် အခွင့်အရေးနဲ့ပတ်သက်လို့ တရားရုံးချုပ် တရားသူကြီးတွေရဲ့ သဘောထား မူကြမ်း ပေါက်ကြားတဲ့ အဆင့်သာ ရှိသေးပြီး ဒီပေါက်ကြားမှုအတိုင်း ဆုံးဖြတ်ချက် ကျမယ် မကျဘူး မပြောနိုင်သေးပေမဲ့လို့ သန္ဓေသားဖျက်ချတာကို ထောက်ခွသူတွေနဲ့ ကန့်ကွက်သူတွေ ကြား ကွဲလွဲမှုတွေနဲ့ တင်းမာမှုတွေက ပို ပြင်းထန်လာနေပါတယ်။
မန်ဆာချူးဆက်ပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော်အမတ် အဲလိစ်ဇဘက်သ် ဝါရန် (Elizabeth Warren) ကတော့ တရားရုံးချုပ်မှာ ရီပတ်ဘလစ်ကန် သမ္မတတွေ ခန့်အပ်ထားတဲ့ တရားသူကြီးတွေ အများစု ရှိနေတာကို အသုံးချပြီး ရီပတ်ဘလစ်ကန်တွေဟာ ပြည်သူအများစုရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ လုပ်နေတာလို့ စွပ်စွဲပါတယ်။
"ဒီလိုလုပ်ဖို့ ရီပတ်ဘလစ်ကန်တွေ ဆယ်စုနှစ်တွေနဲ့ချီ ကြိုးစားနေတာပါ။ တရားရုံးချုပ်မှာ တရားသူကြီး အများစု နေရာ ရအောင် သေချာ ကြံစည် ဆောင်ရွက်ခဲ့သလို၊ အခု သူတို့အများစု နေရာ ရချိန်မှာ အမေရိကန်ပြည်သူ အများစု မလိုလားတဲ့ အရာတခုကို ပြောင်းလဲဖို့ လုပ်တာပါပဲ။ ဒီနိုင်ငံတဝန်း Roe v Wade ဆုံးဖြတ်ချက်ကို ဆက် ရှိစေချင်ပါတယ်။ တရားဥပေဒ စိုးမိုးတဲ့ နိုင်ငံတခု အနေနဲ့ ပြည်သူတွေမှာ အခွင့်အရေး ရှိရပါမယ်။”
ကိုယ်ဝန်ဖျက်ချခွင့်ကို ဥပဒေကြောင်းအရ ခွင့်ပြုထားတာကို ပယ်ဖျက်ရေးဟာ ကွန်ဆာဗေးတစ်တွေရဲ့ ရေရှည် ရည်မှန်းချက် တခုပါ။ လက်ရှိတရားရုံးချုပ်မှာ ရှိနေတဲ့ တရားသူကြီး ၉ ဦးမှာ ၆ ဦးက ရီပတ်ဘလစ်ကန် သမ္မတတွေလက်ထက် ခန့်အပ်ခဲ့ကြတဲ့ တရားသူကြီးတွေ ဖြစ်နေတာမို့ ခုချိန်မှာ Roe v Wade ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ ကြိုးစားနိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။ ဒီလို ပြန်ရုပ်တာဟာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အေလးမထားတာ ဖြစ်တယ်လို့ ဆိုပြီး ဒုသမ္မတ Kamala Harris ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
"တရားရုံးချုပ်က Roe v Wade ကို ပြောင်းလဲပစ်လိုက်မယ်ဆိုရင် ဒါက အမေရိကန်တွေ အားလုံးရဲ့ လွတ်လပ်ခွင့် နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုင်ရာ အခြေခံ အခွင့်အရေးတွေကို တိုက်ရိုက် ထိပါးရာ ကျပါလိမ့်မယ်။ Roe ဆုံးဖြတ်ချက်က သန္ဓေသား ချက်ချခွင့် ကို ကာကွယ်ပေးထား သလို၊ အမျိုးသမီးတွေ သူတို့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင် ဆုံးဖြတ် ရွေးချယ်ခွင့်ကို ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။”
ကိုယ်ဝန်ဖျက်ချတာ အပါအဝင် မျိုးပွားမှုနဲ့ဆိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိတာဟာ အမျိုးသမီးတွေ လူမှုအသိုက်အဝန်းအတွင်း အပြည့်အဝ ပါနိုင်ရေးအတွက် အရေးပါတဲ့အချက် ဖြစ်တယ်လို့ ဒီကိစ္စကို ဆောင်ရွက်နေသူတွေက ပြောဆိုကြ ပါတယ်။ တကယ်လို့ Roe v Wade ဆုံးဖြတ်ချက်ကို ပြင်လိုက်မယ်ဆိုရင် အမျိုးသမီး ၃၆ သန်းရဲ့ ဘဝတွေကို ထိခိုက်စေနိုင်တယ်လို့ အမျိုးသမီးတွေ သန္ဓေသား ဖျက်ချခွင့် အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို အလေးပေး ဆောင်ရွက်နေတဲ့ Planned Parenthood အဖွဲ့ရဲ့ ဝါရှင်တန် ဒီစီရုံးခွဲ အကြီးအကဲ Laura Myers က ပြောပါတယ်။
“ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးတွေ ပိုပြီး အထိနာပါလိမ့်မယ်။ ငွေကြေး တတ်နိုင်တဲ့ အမျိုးသမီးတွေကတော့ လေယာဉ် လက်မှတ်လေးဝယ်ပြီး အဆင်ပြေတဲ့နေရာမှာ ကိုယ်ဝန် သွားဖျက်ချလိုက်ယုံပါဘဲ။ ဆင်းရဲတဲ့ အမျိုးသမီးတွေသာ ပိုခံကြရမှာပါ။”
ကိုယ်ဝန် ဖျက်ချတာကို တရားဝင် ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ အခြေအနေ အကြောင်းကြောင်းကြောင့် ဖျက်ချသူတွေကတော့ ရှိနေနိုင်တာကို ထောက်ပြပြီး တရားဝင် ခွင့်ပြုပေးထားခြင်း အားဖြင့် အန္တရာယ်ရှိတဲ့ သန္ဓေသား ဖျက်ချမှုတွေကို ကာကွယ်နိုင်သလို၊ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်မှာဖြစ်တယ်လို့ သန္ဓေသား ဖျက်ချခွင့်ကို ထောက်ခံတဲ့ ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။
လူထုစစ်တမ်းတွေမှာလည်း အမေရိကန် ပြည်သူအများစုက သန္ဓေသား ဖျက်ချခွင့် အခွင့်အရေး ဆက်လက် ထားရှိချင်ကြတာကို တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၁၉၇၃ ခုနှစ်ကတည်းက တရားရုံးချုပ်မှာ ချမှတ်ခဲ့တဲ့ အမျိုးသမီးတွေ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် Roe v Wade သမိုင်းဝင် ဆုံးဖြတ်ချက် အပြောင်းအလဲ ဖြစ်လာ မလာကတော့ စောင့်ကြည့်ရဦးမှာပါ။ တကယ်လို့ ဒီဆုံးဖြတ်ချက် အတည်ဖြစ်လာရင်တော့ ပြည်နယ် တခုချင်းစီကပဲ ဒီကိစ္စ ဘယ်လိုခွင့်ပြုမလဲ ဆိုတာကို သီးခြား ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ ပြည်နယ် ၅၀ ထဲက တဝက်လောက် က ကိုယ်ဝန်ဖျက်ချ တာကို တားမြစ်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းနေကြတဲ့အကြောင်း တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင့်။
==================================================
[Unicode]
“ကမြတို့ရဲ့ အခှင့ျအရေးတှေ ပွနျ ရုပျသိမျးခံရမှာကို လုံး၀ မကြနေပျပါဘူး။ ဒါက သန်ဓသေားဖကြျခခြှင့ျ အခှင့ျအရေး သကျသကျ မဟုတျပါဘူး။ ကနြျးမာရေး ကိစ်စဖွဈပါတယျ။”